စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ ဇူလိုင် ၁၂ ရက်နေ့ ည ၇ နာရီလောက်က မြို့နယ်ကြံ့ခိုင်ရေးရုံးနဲ့ ရပ်ကွက်ဥက္ကဋ္ဌရဲ့ နေအိမ်တွေမှာ ဗုံး ၂ လုံး ကွဲခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“အခုဗုံးပေါက်တာ ကြံ့ခိုင်ရေးရုံး နဲ့ ရပ်ကွက်ရဥက္ကဋ္ဌ ဦးမောင်မောင်နေအိမ် ဗုံးပေါက်ကွဲတာ၊ ထိခိုက်တာတွေ မရှိဘူး။ စစ်သားတွေ မြို့ထဲ သေနတ်တွေနဲ့ ပစ်တယ်၊ လူနေအိမ်တွေ ကျည်ဆန်မှန်တာတွေ ရှိတယ်။”
ဒါ့အပြင် တချို့သတင်းတွေမှာ ရေးထားသလို မြို့မရဲစခန်းကို PDF က ဝင်တိုက်တာမဟုတ် ဘူးလို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ပြည်တော်သာ (၄) လမ်းထိပ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးရှေ့မှာ ဇွန်လ ၂၈ ရက်မနက် ၇ နာရီလောက်က ပေါက်ကွဲမှုဖြစ်တာကြောင့် တစ်ဦး သေဆုံးပြီး တစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မျက်မြင်တွေ ပြောပြချက်အရ အမည်မသိ ဆိုင်ကယ်မောင်းလာသူနှစ်ဦးက ကြံ့ခိုင်ရေးရုံး ရှေ့အရောက်၊ ရုံးထဲ တစုံတရာပစ်သွင်းသွားပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ခင်မောင်တိုး(ခ)ကိုတိုး ဆိုင်ကယ်ကယ်ရီမောင်းသူဟာ အခင်းဖြစ်နေရာမှာပဲ သေဆုံးခဲ့ပြီး (အမည်မသိ)သူ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တာကြောင့် ရွှေဘိုပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့မှာ ပေါက်ကွဲမှုမကြာခဏ ဖြစ်လေ့ရှိပေမဲ့ ပေါက်ကွဲမှုကြောင့်လူသေဆုံးမှုဖြစ်တာ ပထမဆုံးဖြစ်ပါတယ်။