ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာမြို့ မန်နိမ့်အုပ်စု မိုင်လွမ်းရွာမှာ ဧပြီ ၇ ရက် ညက မီးလောင်မှုဖြစ်ပွါးပြီး နေအိမ် ၂၇ လုံး မီးထဲပါသွားတာကြောင့် မိသားစုဝင် ၁၀၀ နီးပါး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရပါတယ်။
အဆိုပါရွာမှာ အိမ်ခြေစုစုပေါင်း ၃၃ လုံးရှိပြီး ၂၇ လုံးမီးထဲပါသွားတာကြောင့် မိသားစုဝင်တွေဟာ သူတို့ဆွေမျိုးနီးစပ်ရွာတွေမှာရော ကွတ်ခိုင်မြို့ပေါ်မှာပါ သွားရောက်ခိုလှုံနေရပြီး တဝက်ကျော်က တော့ ကျေးရွာမူလတန်းကျောင်းမှာ စုနေရတယ်လို့ ဧပြီ ၁၀ ရက် က မီးဘေးသင့်သူတွေ သွားရောက်ကူညီခဲ့တဲ့ပေးသောလက်စေတနာရှင် သွေးနှင့်လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်မော်က ဒီဗွီဘီကို ပြောပါတယ်။
“ကျနော်တို့တွေ့ခဲ့တာတော့ ကျေးရွာမူလတန်းကျောင်းမှာ ခိုလှုံနေတာ အမျိုးသမီး၊ အမျိုးသား၊ ကလေးတွေပါ စုစုပေါင်း ၆၀ ကျော်ရှိပါတယ်၊ တချို့က မြို့ပေါ်နဲ့ သူတို့ဆွေမျိုးအိမ်မှာ သွားနေ ကြတယ်။ အိမ်တွေအကုန်မီးထဲပါသွားပြီး ဘာမှမရလိုက်တော့ လိုအပ်တာတော့ အကုန်ပါဘဲ။ ကျနော်တို့အဖွဲ့က အလှူရှင်တွေလှူလိုက်တဲ့ ဆန်၊ ဆီ၊ ဟင်းချက်စရာနဲ့ အဝတ်အထည်၊ အသုံး အဆောင်တွေ သွားလှူခဲ့ပါတယ်။ သူတို့အလိုအပ်ဆုံးက နေစရာအတွက် အိမ်ဆောက်ပစ္စည်းတွေလို့ ပြောတယ်ခင်ဗျ။ ”
လားရှိုးလူငယ်များ လူမှုကူညီရေးအသင်း ( ရှမ်း/မြောက် )ကလည်း ဒီကနေ့မွန်းလွဲပိုင်းမှာ ဆန်အိတ် ၅၀၊ သွပ်ပြား အချပ် ၁၅၀ ၊ စားသောက်ကုန်နဲ့ အဝတ်အထည်တွေ သွားရောက် လှူဒါန်းခဲ့ကြောင်း ကူညီကယ်ဆယ်ရေး အဖွဲ့ဝင် တဦးက ပြောပါတယ်။
ကွတ်ခိုင်ဒေသခံ တဦးကတော့ အိမ်တအိမ်ရဲ့ ဘေးမှာရှိတဲ့ အမှိုက်ပုံကနေ မီးစလောင်တာဖြစ်ကြောင်းနဲ့ အဆိုပါရွာဟာ ကွတ်ခိုင်မြို့နဲ့ ၁၀ မိုင်ကျော်ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတာကြောင့် မီး သတ်ကားတွေ နောက်ကျမှရောက်လာတယ်လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၂၇ လုံးအပြင် မော်တော်ကားနဲ့ ဆိုင်ကယ်တွေပါ ဆုံးရှုံးကြောင်း၊ အိမ်တွေဟာလည်း တိုက်အိမ်၊ ပျဉ်ထောင်အိမ်တွေဖြစ်ကြောင်း၊ အဲဒီရွာမှာ တရုတ်နဲ့ ပလောင်တိုင်းရင်းသားတွေနေထိုင်ပြီး တောင်ယာလုပ်ငန်း ၊ လက်ဖက်ခြံလုပ်ငန်းတွေနဲ့ အသက် မွေးဝမ်းကျောင်းကြတယ်လို့ ကွတ်ခိုင်ဒေသခံက ပြောပါတယ်။
PHOTO -Given Hand
တရုတ် - မြန်မာ ကုန်သွယ်ရာလမ်းဖြစ်တဲ့ ကွတ်ခိုင်ကနေ မူဆယ်ဘက်အထွက် ရှုခင်းသာနားက ပြည်ထောင်စုလမ်းမပေါ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၀ နာရီခန့်ကစပြီး စစ်တပ်နဲ့ ကေအိုင်ကေတို့ တိုက်ပွဲဖြစ်ပွားနေလို့ လမ်းပိတ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ လူငယ်တဦးက "ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား။ ရှုခင်းသာနားမှာလေ။ နမ့်တွန်းချောက်လို့ လည်း ခေါ်ကြတယ်။ အဲဒီနားမှာ ဖြစ်တာ"လို့ ပြောပါတယ်။
ဒီမနက် ၁၀ နာရီလောက်ကတည်း တိုက်ပွဲဖြစ်နေတာကြောင့် ခရီးသွားကားတွေ လမ်းမှာ ပိတ်မိ နေလို့ ဆက်သွားလို့ရတော့ဘူးလို့ ပိတ်မိနေသူ ခရီးသွားတဦးက ပြောပါတယ်။
ရှုခင်းသာနားမှာ ကေအိုင်အေနဲ့ စစ်ကောင်စီ မကြာခဏ တိုက်ပွဲဖြစ်လို့ ကားအသွားအလာ ရပ်ထားရတာမျိုး မကြာခဏ ကြုံရတယ်လို့ ကုန်သည် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
"ဒီမှာ ခဏခဏ ဖြစ်တယ်လေ။ ချလိုက်၊ ဆက်ကြေးကောက်လိုက်။ ဟိုကောင်တွေက လာတွယ်လိုက်။ ပြီးရင် ထွက်သွားလိုက်နဲ့။"
ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၇ ရက်အထိ KIA တပ်ရင်း ၉ နဲ့ စစ်ကောင်စီ တပ်မ ၉၉ နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီ ၁၄ ရက် နဲ့ ၁၅ ရက် နှစ်ရက် ဆက်တိုက် စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။