ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်း- ဘန်ကောက် အမြန်လမ်းမကြီးပေါ်မှာ မနေ့ညက ပြုပြင်ဆဲ ခုံးကျော်တံတားပြိုကျပြီး အောက်မှာသွားနေတဲ့ကားပေါ် ပိကျလာတဲ့အတွက် ယာဉ် ၄ စီးပျက်စီးပြီး လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရသွားပါတယ်။
အဆိုပါတံတားဟာ စမွတ်စခွန်းမြို့နယ် ဘန်ကရကျောက်ရပ်ကွက် ဝိဖားလမ်းဆေးရုံကြီးရှေ့ ဖရ လမ်းဆောင်လမ်းမကြီးပေါ်မှာတည်ရှိပြီး ကားတွေနောက်ပြန်ကွေ့တဲ့နေရာဖြစ်ကြောင်း၊ တံတားပျက်နေလို့ ပြန်လည်ပြုပြင်ဆောက်လုပ်စဉ် မနေ့ ည ၈ နာရီခွဲလောက်မှာ ပြိုကျလာတာလို့ နယ်မြေခံရဲတပ်ဖွဲ့တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပြုပြင်ဆဲကွန်ကရစ်တံတားဟာ အရှည် ၁၀ မီတာ အလေးချိန် ၅ တန်လောက်ရှိတာကြောင့် အပိခံရတဲ့ အောက်က ၂ စီး လုံးဝပျက်စီးသွားကာ နောက်ကလိုက်လာတဲ့ကားတွေလည်း ရှေ့ဆင့်နောက်ဆင့်တိုက်မိလို့ ပွန်းပဲ့ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။
ဒီဖြစ်ရပ်မှာ ယာဉ်မောင်းသမား ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ကားထဲက ၁ ဦး၊ ဆောက်လုပ် ရေးအလုပ်သမား ၂ ဦး ဒဏ်ရာရလို့ ဆေးရုံပို့ထားကြောင်း၊ သူတို့ထဲက ၁ ဦးမှာ ဆေးရုံရောက်ပြီး မကြာခင်မှာ သေဆုံးသွားတယ်လို့ ဆိုပါတယေ။
တာဝန်ရှိသူတွေက ထိခိုက်ဒဏ်ရာရသူတွေကို ဆွဲထုတ်ကယ်တင်ပြီး ပျက်စီးသွားတဲ့ကားတွေကို ကရိန်းတွေနဲ့ မ, ပြီးဖယ်ထုတ်ရတာကြောင့် အကွာအဝေး ၁၀ ကီလိုမီတာခန့် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ခဲ့ပါတယ်။
စမွန်စခွန်း - ဘန်ကောက် သွားလာသူတွေအနေနဲ့ လောလောဆယ် အဆိုပါ ဖရလမ်းဆောင် အမြန်လမ်းကို ရှောင်ကွင်းပြီး အခြားလမ်းကနေသွားဖို့ သက်ဆိုင်ရာက ကြေညာထားပါတယ်။
တံတားကျိုးကျရတဲ့ အကြောင်းရင်းကိုလည်း စိစစ်နေဆဲပဲလို့ လမ်းတံတားဦးစီးဌာနက ပြောပါတယ်။