close

ကွန်ကရစ်တံတား

close

August 13, 2022

မိုင်းတုံတွင် ရေကြီးသဖြင့် ကွန်ကရစ်တံတား ၄ စင်းကျိုးကျ၊ လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်

ရှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ထဲမှာ မိုးသည်းထန်ပြီး တောင်ကျချောင်းရေ လျှံကျတာကြောင့် ကျေးရွာအုပ်စုနဲ့ မြို့နယ်အတွင်း အဓိကကျတဲ့ ကွန်ကရစ်တံတား အနည်းဆုံး ၄ စင်း ကျိုးကျသွားသလို နေအိမ်တချို့လည်း ရေထဲမျောပါပြီး လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်နေပါတယ်။ 

ဩဂုတ် ၁၁ ရက် တညလုံး မိုးသည်းထန်ပြီးတဲ့နောက် မနက် ၅ နာရီလောက်ကစလို့ ရေတွေ တဖြည်းဖြည်းမြင့်တက်လာကာ  ပုံပါကျင်၊ မိုင်းဟန်၊ နားကောင်းမူ၊ မယ့်ကဲင်း၊ နားခါးနဲ့  မိုင်းကျွတ် စတဲ့မြို့နယ်တွေမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း မကြုံစဖူး ရေကြီးခဲ့တယ်လို့ မိုင်းတုံမြို့နယ် မိုင်းဟန်ရွာသား ဦးစိုင်းလျန်က ပြောပါတယ်။ 

“ရေကြီးတာကတော့ ရက်ရက်စက်စက်ပါပဲ။ ဒီလောက်ရေကြီးတာ၊  တောင်ပေါ်က ကျလာတဲ့ ရေတွေ ချောင်းကြီး ချောင်းငယ်ထဲကို စီးပြီး မြို့ထဲရွာထဲ လျှံကျလာတာ၊ ကျနော့်အသက် ၅၀ ကျော်တွင်း တခါမှ မကြုံဖူးပါဘူး။ ရေစီး အတော်သန်တယ်။ အပျက်အစီးတွေက အကုန်မသိရ သေးဘူး။ ဖုံးလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပျက်နေတယ်။ အခုတောင် လိုင်းရတဲ့ တောင်ကုန်း တခုပေါ် ရောက်နေလို့ စကားပြောရတာ။ သိရသလောက်  တံတားအနည်းဆုံး ၄ စင်း ပျက်တယ်။ နမ့်ဟူးလုံ၊ နမ့်အော့၊ နမ့်ဟန်၊ ဟွေ့ပါဆတ် တံတားတွေရယ် ကားကြီး ကားငယ် သွားနေကျ ကွန်ကရစ်တံတားတွေလည်း ပါတယ်။”

ရေကြီးမှုကြောင့် ပုံပါကျင်မြို့ထဲက နေအိမ် ၁ လုံး ရေနဲ့အတူ မျောပါသွားပြီး ရေတိုက်စားလို့ ပျက်စီးသွားတဲ့အိမ် ၄- ၅ လုံးလောက်ရှိကြောင်း၊ နားခါးရွာ တရွာလုံး ရေဝင်ကြောင်း၊ အဲဒီဒေသက လူဦးရေ ၂၀၀၀ ကျော် ရေဘေးသင့်နေပြီး အမြင့်ပိုင်းက ဘုန်းကြီးကျောင်းတွေမှာ သွားနေရတယ်လို့ ဆိုပါတယ်။ 

ရေကြီးတဲ့နေရာကို စစ်ကောင်စီလက်အောက်ခံ မြို့နယ်ရပ်ကွက်အုပ်ချုပ်ရေးရုံးနဲ့ သက်ဆိုင်ရာက ဝန်ထမ်းတွေ ပစ္စည်းကူညီ ပြောင်း‌ရွှေ့ပေးခဲ့ကြောင်း၊ ထမင်းဟင်းချက်ပြုတ်စားသောက်လို့ မရတဲ့အိမ်တွေကို အမြင့်ပိုင်းရွာကလူတွေ ကိုယ့်အားကိုယ်ကိုး စုပေါင်းပြီး ထမင်းထုတ်တွေ လက်လှမ်းမီသလောက် လိုက်လံဝေငှပေးခဲ့တယ်လို့ ဆိုပါတယ်။ 

ရေတိုက်စားတာကြောင့် ကောက်ပဲသီးနှံ၊ ပြောင်းဖူးခင်းနဲ့ စပါးခင်း ဧကအများအပြား ပျက်စီးသွားကြောင်း၊ ဒီနေ့မနက်ရေကျသွားပေမဲ့ အပျက်အစီးတွေကြောင့် ပုံမှန်ပြန်ထူထောင်ဖို့ အခက်အခဲရှိနေပြီး အဓိက လမ်းပန်းဆက်သွယ်ရေးဖြစ်တာကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေ အနေနဲ့ ပျက်စီးနေတဲ့ တံတားတွေကို အမြန်ဆုံးလာရောက် ပြုပြင်ပေးဖို့  မိုင်းတုံဒေသခံတွေက လိုလားနေပါတယ်။ 

15 mins Ago

April 7, 2022

ကျပ်သိန်းထောင်ချီ ကုန်ကျခံထားသည့် ဘူးသီးတောင်နှင့် ရသေ့တောင်က တံတား ၂ စင်း အသုံးပြု မရ

ကျပ်သိန်းထောင်ချီ ကုန်ကျခံတည်ဆောက်ထားတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်နဲ့ ရသေ့တောင်မြို့နယ် အငူမှော်လမ်းရှိ သံတံတား ၁ စင်း၊ သိမ်တောင်ပြင်ကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စု ၂ ခုဆက် ကွန်ကရစ်တံတား ၁ စင်းတို့မှာ အသုံးပြုမရဖြစ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသုံးပြုမရဖြစ်နေတဲ့ တံတား ၂ စင်းကတော့ ဘူးသီးတောင်-အငူမှော်လမ်းရှိ သိမ်တောင်ပြင်ကျေးရွာအနီးရှိ လမ်းတံတားဦးစီးဌာနက ပြုလုပ်ထားတဲ့ သံတံတားနဲ့ ကျေးလက်ဦးစီးဌာနကပြုလုပ်တဲ့ သိမ်တောင့်ပြင်ကျေးရွာနဲ့ ပြိုင်းတောင်ကျေးရွာကြားမှ ကျေးရွာအုပ်စုချင်းဆက် တံတားတို့ ဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးထွန်းအောင်သိန်းက ပြောပါတယ်။

“ဘဏ္ဍာငွေတွေ မြောက်မြားစွာသုံးထားတဲ့ တံတားတွေက ကားတောင်မပြောနဲ့ ဆိုင်ကယ်တောင်သွားလို့မရဘူး။ ချဉ်းကပ်လမ်းတွေမရှိကြဘူး။ ဒါကြောင့် အခု စစ်ကောင်စီလက်ထက်မှာ ထိရောက်စွာပြုပြင်ပေးစေချင်တယ်။” 

သိမ်တောင်ပြင်ကျေးရွာမှ ဒေသခံတဦးကလည်း “ဘူးသီးတောင်အငူမှော်လမ်းမှာရှိတဲ့ သိမ်တောင်ပြင် ကျေးရွာအနီးက သံတံတားက သံပြားတွေကွာသွားတာ။ သိမ်တောင်ပြင်ကျေးရွာအုပ်စုနဲ့ ပြိုင်းတောင်ကျေးရွာအုပ်စုကြားက ကျေးရွာချင်းဆက် ကွန်ကရစ်တံတားက ချဉ်းကပ်လမ်းမရှိလို့ အသုံးပြုလို့မရနိုင်ဖြစ်နေတာပါ” လို့ ပြောပါတယ်။

ဘူးသီးတောင်အငူမှော်လမ်းက ပေ ၈၀ လောက်ရှိ ကွန်ကရစ်တံတားကို သိန်း ၁၇၀၀ နဲ့  ပေ ၂၀ ကျော်အရှည်ရှိ သံတံတားကို သိန်း ၂၀၀၀ လောက် ကုန်ကျခံတည်ဆောက်ထားတာလို့ သိရပါတယ်။

လက်ရှိမှာတော့ အဆိုပါတံတား ၂ စင်းရဲ့ ချဉ်းကပ်လမ်းတွေကို လမ်းတံတားနဲ့ ကျေးလက်ဦးစီးဌာနက  ပြုပြင်နေတယ်လို့ သိရပါတယ်။

4 months Ago
Up