ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံက ပြည်တွင်းစစ်ပြေးဒုက္ခသည်တွေဟာ နိုင်ငံအရှေ့ပိုင်းက တိုက်ပွဲတွေကြောင့် နေအိမ်ကနေ ထွက်ပြေးလာခဲ့ရလို့ စားနပ်ရိက္ခာအတွက် ရုန်းကန်နေရတယ်လို့ မေ ၂၈ ရက်မှာ ပြောလိုက်ပါတယ်။
စစ်တပ်နဲ့ M23 သူပုန်အုပ်စုတွေကြား တိုက်ပွဲတွေကြောင့် သီတင်းပတ် တပတ်အတွင်း လူ ၇၂၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကွန်ဂိုအရှေ့ပိုင်းက တွစ်စီတိုင်းရင်းသား အကျိုးစီးပွားအတွက်လို့ အခိုင်အမာ ပြောနေတဲ့ သူပုန်အုပ်စု M23 ဟာ ၂၀၁၂ နောက်ပိုင်း အကြီးဆုံး ထိုးစစ်ဆင်နေတာပါ။
M23 ဟာ ၂၀၁၂-၂၀၁၃ သောင်းကျန်းမှုအပြီး ကျေးလက်ဒေသ အနှံ့အပြားကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ကွန်ဂိုအရှေ့ပိုင်းက အဓိကမြို့ဖြစ်တဲ့ ဂိုမာမြို့နဲ့ ၁၂ မိုင်အကွာမှာ အကြီးအကျယ် တိုက်ပွဲ ဖြစ်နေပြီး သူပုန်တွေက စစ်တပ်ရဲ့ အဲဒီဒေသအတွင်း အကြီးဆုံးအခြေစိုက်စခန်းကို သိမ်းပိုက်နိုင် ခဲ့ပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ အရှေ့ဘက်နယ်စပ်တွေမှာ စစ်ရေးထိုးစစ်ဆင်နေတဲ့ M23 သူပုန်တွေကို ရဝမ်ဒါ အစိုးရက ပံ့ပိုးနေတယ်လို့ ကွန်ဂိုအစိုးရက စွပ်စွဲထားပြီး တုံ့ပြန်တဲ့အနေနဲ့ မေ ၂၈ ရက်က ရဝမ်ဒါ သံအမတ်ကြီးကို ဆင့်ခေါ် ခဲ့ပါတယ်။ ရဝမ်ဒါအစိုးရက စွဲချက်ကို ငြင်းထားပါတယ်။
ရဝမ်ဒါနဲ့ အိမ်နီးချင်းနိုင်ငံတွေက ၁၉၉၄ ရဝမ်ဒါ လူမျိုးတုံး သတ်ဖြတ်မှုအတွင်း ပါဝင်ခဲ့တဲ့ ဟူတူ ပြည်သူ့စစ်တွေကို လိုက်ရှာဖို့ ကျူးကျော်ခဲ့လို့ ကွန်ဂိုအရှေ့ပိုင်းမှာ ၁၉၉၆ ခုနှစ်တည်းက ပဋိပက္ခ တရစပ် ဖြစ်နေတာပါ။
ကွန်ဂိုနိုင်ငံမှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည်တွေ ၅ ဒသမ ၆သန်းရှိပြီး အာဖရိကမှာ အများဆုံးအဖြစ် ကုလသမဂ္ဂက စာရင်းသွင်းထားပါတယ်။
လက်ရှိ တိုက်ပွဲဖြစ်နေဆဲ ကီဗူပြည်နယ်မြောက်ပိုင်းမှာ ပြည်တွင်းစစ်ပြေး ဒုက္ခသည် ၁ ဒသမ ၉ သန်းထက် မနည်း ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။