close

ကွန်ဂိုဘုရားကျောင်း

close

January 17, 2023

ကွန်ဂို ဘုရားကျောင်းတွင် ပေါက်ကွဲမှုကြောင့် ၁၄ ဦးသေဆုံး

ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၊ ကက်ဆင်ဒီမြို့ရှိ ပန်တာကာ့စ်တဲလ် ဘုရားကျောင်းမှာ ဇန်နဝါရီ ၁၅ ရက်က လူပေါင်း ရာနဲ့ချီ နှစ်ခြင်းခံယူဖို့ စုရုံးနေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ  ၁၄ ဦးအထိ ရှိလာပြီလို့ အာဏာပိုင်တွေက ဇန်နဝါရီ ၁၆ ရက်မှာ ပြောပါတယ်။

ဘုရားကျောင်းထဲမှာ လူတွေပြည့်လျှံနေလို့ အသင်းတော်ဟာ နှစ်ခြင်းလုပ်ငန်းစဉ်ကို အပြင်ဘက်ကို ရွှေ့ပြောင်းဖို့ ပွဲစီစဉ်သူတွေကို တိုက်တွန်းနေချိန်မှာပဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဘုရားကျောင်းခြံဝင်းလည်း တုန်ခါသွားကြောင်း မျက်မြင်သက်သေ ၃ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လူပေါင်း ဒါဇင်နဲ့ချီ မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ကာ ပြတ်တောက်သွားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေလည်း လွင့်စင်ပျံကျကုန်ပြီး ၁၄ ဦး သေဆုံးခဲ့တယ်လို့ ကွန်ဂိုစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အန်ထနီ မွာလူရှာယီက ပြောပါတယ်။

အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့က ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။

ကွန်ဂိုစစ်တပ်ကတော့ ဒီဖြစ်ရပ်အတွက် ၂၀၁၉ ခုနှစ်က အိုင်အက်စ်အဖွဲ့ကို သစ္စာခံမယ်လို့ ကတိပြုထားတဲ့ ယူဂန်ဒါ စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ မဟာမိတ် ဒီမိုကရက်တစ်တပ်ဖွဲ့ (ADF) ကို အပြစ်တင်ထားပါတယ်။ 

စစ်သွေးကြွအဖွဲ့ကို မှတ်ချက်တောင်းခံဖို့ ချက်ချင်း ဆက်သွယ်လို့ မရသေးသလို အဲဒီအဖွဲ့ကလည်း ဗုံးခွဲမှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

တနင်္လာနေ့မှာတော့ ဘုရားကျောင်းကို ရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဟာ ပစ်ကပ်ထရပ်ကားနဲ့ ခေါင်းတလားတွေ တင်ဆောင်လာပြီးတော့ ရုပ်အလောင်းတွေ ထည့်သယ်သွားကြပါတယ်။

အသက်ရှင်ကျန်ရစ်သူတဦးရဲ့ ဆွေမျိုးသားချင်းတဦးကတော့ ဒီလိုအဖြစ်မျိုးတွေ ထပ်မကြုံရအောင် လုံခြုံရေးယူထားပေးဖို့ အာဏာပိုင်တွေကို တောင်းပန်ပါကြောင်းနဲ့ လူစုလူဝေး လုပ်တဲ့အခါတိုင်း အန္တရာယ်ရှိနေကြောင်း ပြောဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ ကွန်ဂိုအရှေ့ပိုင်းမှာ ကျင်လည်နေတဲ့ အစ္စလာမ္မစ် သောင်းကျန်းသူတွေရဲ့ အရပ်သားတွေအပေါ် နောက်ဆုံးတိုက်ခိုက်မှုဖြစ်ပြီး သူတို့ဟာ ၂၀၁၄ ခုနှစ်ကတည်းက ရွာသားပေါင်း ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ပါတယ်။

13 mins Ago
Up