ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် အောက်ဆိပ်၊ ချောင်းဝ၊ ဆားကျင်းမြစ်နဲ့ ပင်လယ်ထဲပါမကျန် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဒေသခံပြည်သူရာနဲ့ချီပြီး မတ်လ ၂၉ ရက်နေ့က လှေတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
မတ်လ ၂၉ ရက်က စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ပြည်သူတွေကို အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်လို့ ပြည်သူ ၂ ယောက် ခြေထောက်နဲ့ ပခုံးတွေမှာ ကျည်ထိမှန်ခဲ့ပြီး ပြည်သူတစ်ယောက် ဖမ်းဆီးခံရပါတယ်။
(မတ်၁၃)
ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့က အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူလူထုကို ရဲနဲ့စစ်တပ်က မတ်လ ၁၃ ရက်မှာ အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
ရဲနဲ့စစ်သား ၃၀ လောက် မြို့နယ်ဘောလုံးကွင်းရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ အသံဗုံး ၇ လုံးလောက်နဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာလို့ ဆန္ဒပြသူတဦးက ပြောပါတယ်။
ဒါ့အပြင် အနီးအနားမှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ကျောင်းသားအချို့အပါအဝင် အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၅ ယောက် ဖမ်းဆီးခံခဲ့ရပြီး ပြည်သူလုထုအားလုံး စုရုံးတောင်းဆိုခဲ့တဲ့အတွက် အားလုံးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
ဆန္ဒပြလူထုကလည်း အနီးအနားက ပစ္စည်းတွေနဲ့ ပင်မလမ်းမကြီးကို တာဆီးခဲ့ပြီး အကာအကွယ်ယူ တော်လှန်ခဲ့ကြကာ ဖမ်းဆီးခံရသူတွေ ပြန်လွှတ်ပေးပြီးနောက် လမ်းပြန်ဖွင့်ပေးခဲ့ကြပါတယ်။