close

ကွမ်းစိုက်တောင်သူ

close

May 10, 2022

ရေးထွက် ကွမ်းသီးစိမ်း အရောင်းအဝယ်ဖြစ်နေ

မွန်ပြည်နယ် ရေးမြို့နယ်က ထွက်ရှိတဲ့ ကွမ်းသီးစိမ်းနုတွေ ဈေးကောင်းပေးဝယ်နေတာကြောင့် စိုက်ပျိုး တောင်သူတွေ အဆင်ပြေနေကြတယ်လို့  ခြံသမားတွေက ပြောပါတယ်။

ကွမ်းသီးစိမ်းနု ၁ လုံးကို ၄၅ ကျပ် အထိ ဈေးပေးပြီး လိုက်လံဝယ်ယူတဲ့ လူကိုယ်တိုင် ခူးပြီး ဝယ်တာလို့ ဆိုပါတယ်။

“ကွမ်းသီး အစို ၁ လုံးမှ ကျပ် ၂၀ ကျော်သာရကြတယ်။ အခု ကွမ်းသီးစိမ်းနုက ဈေးပိုမိုရကြတော့ ပိုပြီး ရောင်းချလာနေကြတယ်” လို့ ခြံသမားတဦးက ပြောပါတယ်။

ကွမ်းသီးစိမ်းနုက ပထမအသုတ်က ရောင်းတာဘာမှမဖြစ်ပေမဲ့ နောက်အသုတ်တွေ ထပ်မံပြီး ဈေးကောင်းရ တွက်ခြေကိုက်လို့ ရောင်းပါက ရေရှည်မှာ ရာသီဥတုဒဏ်ပါ ထပ်မံခံရပါက ကွမ်းသီးအထွက်နှုန်းတွေ ကျဆင်းသွားနိုင်တယ်လို့ ခြံသမားတွေက သုံးသပ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်ကာလအတွင်း ကွမ်းသီးစျေးတွေ စံချိန်တင်ဈေး ကွမ်းသီး ၁ ပိဿာကို ကျပ် ၁၀၀၀၀ ကျော်က ရရှိလာပေမဲ့ အခုလက်ရှိ ဒေသပေါက်ဈေး ကျပ် ၅၀၀၀ ကျော်သာ ရရှိကြပြီး ခြံတခြံရဲ့ ကုန်ကျစရိတ်တွေက ၂ ဆလောက်ရှိတာကြောင့် အခုလက်ရှိဈေးနဲ့ တွက်ခြေမကိုက်ကြဘူးလို့ ဆိုပါတယ်။

ထွက်ရှိလာတဲ့ ရေး ကွမ်းသီးတွေကို ပြည်တွင်းသာမက တရုတ်၊ အိန္ဒိယ၊   ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက အဓိက ဝယ်ယူကြပြီး နှစ်စဉ် ကွမ်းသီးတင်ပို့မှု တန်ချိန် ၁ သိန်းကျော်ရှိပါတယ်။

2 hours Ago

July 16, 2020

သထုံတွင် ကွမ်းရွက်အထွက်နှုန်းကောင်းပြီး ဈေးကောင်းရသဖြင့် ကွမ်းစိုက်တောင်သူများအဆင်ပြေ

အခုနှစ်မိုးတွင်းကာလမှာ ကွမ်းရွက်အထွက်နှုန်းကောင်းပြီး စျေးလည်း အတင့်အသင့်ရှိနေ တာကြောင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဇရပ်ကျွန်းကျေးရွာရှိ ကွမ်းစိုက်တောင်သူတွေအနေနဲ့ အဆင်ပြေနေကြတယ်လို့ သိရပါတယ်။ အရင်နှစ်တွေက မိုးများလို့အပင်တွေပျက်စီးပြီး ဆက်တိုက်ဆိုသလို အရှုံးပေါ်ခဲ့ရပေမယ့် အခုနှစ်မှာမိုးမှန်နေတဲ့အတွက် အပင်တွေရှင်သန်ပြီးအထွက်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာတယ်လို့ ဇရပ်ကျွန်းကျေးရွာက ကွမ်းစိုက်တောင်သူ ဒေါ်သန်းဌေးကပြောပါတယ်။ “ကျမတို့အနေနဲ့ အဓိကလိုအပ်နေတာက စနစ်တကျစိုက်ပျိုးတဲ့နည်းလေးတွေကို သက်ဆိုင်ရာက ပညာပေးနိုင်ရင် ပိုမိုအောင်မြင်နိုင်ပါတယ်။ အခုစိုက်နေရတာက ရမ်းသမ်းပြီး စိုက်နေရသလိုဖြစ်နေတယ်။ နောက်ပြီး ကွမ်းပင်မှာကျရောက်နေတဲ့ ပိုးကောင်တွေကို နှိမ်နင်း ဖျက်ဆီးဖို့ အတွက် ဘယ်လိုတွေဆောင်ရွက်သင့်သလဲ ဆိုတာမျိုးကိုသိရင် ပိုမိုအောင်မြင်နိုင်မှာပါ” လို့ပြောပါတယ်။ အခုနှစ်ကွမ်းစိုက်ရာသီမှာ စျေးအမြင့်ဆုံးအချိန်မှာ ယာကွမ်း ၁ပိဿာကို ငွေကျပ် ၆၀၀၀ အထိခြံပေါက်စျေး ရရှိခဲ့ပြီး လက်ရှိအချိန်ထိအကောင်းဆုံးယာကွမ်းအရွက် ၁ ပိဿာကို ငွေကျပ် ၁၈၀၀မှ ၂၅၀၀ကျပ်အထိ ခြံစျေးရရှိနေတယ်လို့ ကွမ်းစိုက်တောင်သူတွေထံက သိရပါတယ်။ ကွမ်းပင်စိုက်ပျိုးရာမှာ အရင်နှစ်ကစိုက်ပျိုးခဲ့တဲ့အညွန့်ကိုယူပြီး ဝါးတိုင်ထောင်ကာ မြေချ စိုက်ပျိုးရတာဖြစ်ပြီး ကွမ်းရွက်တိုင်ပေါင်း ၁၀၀၀၀ စိုက်ပျိုးပါက ခန့်မှန်းကုန်ကျစရိတ်အနေနဲ့ ကျပ် ၁၀ သိန်းဝန်းကျင်ခန့်ရှိပါတယ်။ ဇရပ်ကျွန်းကျေးရွာမှာ အရင်ကရွာလုံးကျွတ်နီးပါး ကွမ်းစိုက်ပျိုးခဲ့ ကြပေမယ့် အခုလက်ရှိအချိန်မှာတော့စိုက်ပျိုးတဲ့ တောင်သူ ၁၅ ဦးသာရှိတော့ပြီး ထွက်ရှိတဲ့ ကွမ်းရွက်တွေကိုတော့ ဒေသတွင်းစားသုံးမှုအပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းဒေသတွေအထိ တင်ပို့ရောင်းချကြပါတယ်။ သတင်း - ယူမင်းစိုး
2 years Ago
Up