ထိုင်းမြောက်ပိုင်း၊ ဖစ်ချဘွန်းခရိုင်ရှိ နာမည်ကြီးအထက်တန်းကျောင်းတစ်ကျောင်းက ၁၇ နှစ်ရွယ် ကျောင်းသူတယောက်ဟာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ကူးစက်ခံရလို့ ကျောင်းက စီစဉ်ပေးတဲ့ ကွာရန်တင်းစင်တာမှာ ဝင်ရောက်နေထိုင်စဉ် ကျောင်းသားတယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မိန်းကလေးဟာ ထိုင်းမြောက်ပိုင်း လွေးခရိုင်မှာနေထိုင်ကာ အုပ်ထိန်းသူတွေက ဖစ်ချဘွန်းအထက်တန်းကျောင်းမှာ ကျောင်းအိပ်ကျောင်းစား အပ်နှံထားကြောင်း၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်က သူတို့ကျောင်းက ကျောင်းသူတွေ စာရိတ္တကိစ္စ အရေးပေါ်ဆွေးနွေးစရာရှိလို့ ဆိုပြီး အုပ်ထိန်းသူကို လှမ်းခေါ်ခဲ့ကြောင်း၊ အုပ်ထိန်းသူတွေ ရောက်လာတဲ့အခါ ကျောင်းအုပ်ကြီးနဲ့ ဆရာ၊ ဆရာမတွေက သူတို့ ကျောင်းထဲမှာ ကျောင်းသူကျောင်းသားချင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေရှိခဲ့လို့ ဒီကိစ္စ ကျောင်းနာမည် ပျက်မှာစိုးလို့ မိဘ ဆရာ ပူးပေါင်းပြီး ကျိတ်ဖြေရှင်းချင်တဲ့အကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဩဂုတ် ၂၃ ရက်ညက ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ကျောင်းသူ အယောက် ၃၀ ရှိ ကွာရန်တင်းဆောင်ထဲကို ကျောင်းသား လေးယောက် ဝင်လာပြီး သူတို့နဲ့ ချိန်းဆိုထားတဲ့ မိန်းကလေးတွေနဲ့ အတူအိပ်ခဲ့ကြောင်း၊ ဒီကိစ္စ ဘယ်သူ့ကိုမှ မတိုင်ရဘူး၊ တိုင်တဲ့သူ အကြောင်းသိမယ်လို့ ခပ်ကြမ်းကြမ်း ခေါင်းဆောင်မိန်းကလေး နှစ်ယောက်က ခြိမ်းခြောက်ထားလို့ ဘယ်သူမှ မပြောရဲဘူးလို့ ဆိုပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့မှာတော့ ကျောင်းသား ခြောက်ယောက် ထပ်ဝင်လာပြီး လေးယောက်က သူတို့မိန်းကလေးတွေနဲ့အိပ်၊ ကျန်တယောက်က အစောင့်လုပ်၊ နောက်တယောက်က အတွဲ မရှိဘဲ ဖြစ်နေတာကြောင့် တွေ့ရာခုတင်ပေါ်က ၁၇ နှစ်ရွယ်ကျောင်းသူကို အဓမ္မပြုကျင့်ခဲ့ကြောင်း၊ မိန်းကလေးမှာ အဖျားတက်နေလို့ ရုန်းကန်နိုင်စွမ်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
နောက်နေ့မှာ ဒီကိစ္စ ဆရာ၊ ဆရာမတွေဆီ ပေါက်ကြားသွားပြီး ကျောင်းသား ငါးယောက်ကို ကျောင်းထုတ် အပြစ်ပေးလိုက်ကာ မိန်းကလေးတွေကိုလည်း သန္ဓေတားဆေး တိုက်ကျွေးခဲ့ပါတယ်။
ကိုယ်ဝန်ရှိခဲ့ရင် ဆရာဝန်တွေနဲ့ တိုင်ပင်ဆောင်ရွက်ပေးမှာဖြစ်ပေမဲ့ ကျောင်းရဲ့ဂုဏ်သိက္ခာနဲ့ မိမိသားသမီးတွေ နာမည်ပျက် အရှက်ရမှာစိုးလို့ ကျောင်းကိစ္စကျောင်းထဲမှာပဲ ကျိတ်ဖြေရှင်းဖို့ ဆရာ၊ ဆရာမတွေက အုပ်ထိန်းသူတွေကိုပြောပြီး အဓမ္မကျင့်တဲ့ကိစ္စ မိန်းကလေးတွေက အလိုတူကြောင်း လက်မှတ်ထိုးခိုင်းတယ်လို့ ဆိုပါတယ်။
အသက် ၁၇ နှစ်ရွယ်မိန်းကလေးဟာ အုပ်ထိန်းသူတွေနဲ့ စကားပြောခွင့်ရတဲ့အခါမှာ သူဟာ အလိုမတူဘဲ အဓမ္မပြုကျင့်ခံရကြောင်း၊ အဲဒီကျောင်းမှာလည်း ဆက်မနေချင်တော့ပဲ ဆရာဝန်ပြချင်တယ်လို့ ပြောတာကြောင့် အုပ်ထိန်းသူတွေက ခေါ်ထုတ်ပြီး ဆေးစစ်ကာ အမျိုးသမီးနဲ့ကလေးသူငယ်စောင့်ရှောက်ရေးဖောင်ဒေးရှင်းကို တိုင်ကြားခဲ့ပါတယ်။
တိုင်ကြားခြင်းမပြုခင်က ကျောင်းအုပ်နဲ့ ဆရာ၊ ဆရာမတွေက အုပ်ထိန်းသူကို ဘယ်မှမတိုင်ဖို့ အတန်တန် ဆက်သွယ်ပြောဆိုပြီး နစ်နာကြေးတွေပါ လာရောက်ညှိနှိုင်းဖို့ ပြောဆိုခဲ့ပါသေးတယ်။
ဒါပေမဲ့ အုပ်ထိန်းသူဘက်က ပြဿနာဖြစ်ပြီး ၁၀ ရက်ကျော်မှ အကြောင်းကြားတဲ့အပေါ် မကျေနပ်သလို စိတ်ပိုင်းဆိုင်ရာပါထိခိုက်နေတဲ့ သူတို့သမီးအတွက်လည်း တရားမျှတရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
အဆိုပါအမှုဟာ ပညာရေးဌာနဆီရောက်သွားပြီး ကျောင်းအုပ်ကြီးကို ပြောင်းရွှေ့ပစ်လိုက်သလို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး လိုအပ်သလိုအရေးယူဖို့ ဆက်လက်စစ် ဆေးနေကြပါတယ်။
ဖစ်ချဘွန်းခရိုင်ရဲတပ်ဖွဲ့ ရဲမှူးကြီးကလည်း ဒီကိစ္စဟာ မဖြစ်သင့်မဖြစ်အပ်တဲ့ ပညာသင်ကျောင်းထဲမှာ ဖြစ်ပြီး ကျောင်းသားလူငယ်တွေ စာရိတ္တပိုင်းဆိုင်ရာအတွက် အလွန်ကြီးမားတဲ့ အန္တရာယ်ဖြစ်လို့ လွှတ်ထားလို့မရဘဲ ထိထိရောက်ရောက် အရေးယူသွားမယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
Ref- NationTV/Matichon
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံလူနာတွေပိုမိုများပြားလာပါက စောင့်ကြည့်ကုသပေးနိုင်ဖို့ ကေအန်ယူ တပ်မဟာ ၆ နယ်မြေမှာ စစ်သည်ရဲဘော်တွေနဲ့ ဒေသတွင်းလူငယ်တွေပူးပေါင်းပြီး လူ ၂၀၀ ဆန့် ကွာရန်တင်းစင်တာ တစ်ခု ဆောက်လုပ်နေပါတယ်။
လေးကေကော်မြို့သစ် ဧရိယာမှာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ရောဂါ ကူးစက်ခံရသူတွေ များပြားလာနေသည့်အတွက် လေးကေကော် စာသင်ကျောင်းအဆောင်တွေမှာ လတ်တလော စောင့်ရှောက်ထားတာပါ။
အခုခါ ဒေသတွင်း ကျေးရွာတွေမှာလည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ လူနာတွေ တွေ့ရှိလာပြီဖြစ်လို့ ကျောင်းဝင်းအတွင်း နေရာလွတ်မှာ ကွာရန်တင်းထားရှိစောင့်ကြည့် ကုသပေးဖို့ စီစဉ်နေတာပါ။
ကွာရန်တင်းအဆောင်တွေကို ကေအန်ယူ စစ်သည် ရဲဘော်တွေနဲ့ ဒေသတွင်းက လူငယ်တွေ စုပေါင်းကာ သစ်ဝါးအခြေခံ ယာယီအဆောက်အအုံတွေ ဆောက်လုပ်ကာ ကိုဗစ်လူနာတွေကို ပြုစု စောင့်ရှောက်သွားဖို့ ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေတာလို့ လေးကေကော်မြို့သစ် စီမံအုပ်ချုပ်ရေး ကော်မတီ တာဝန်ရှိသူ စောဌေးမြင့်အောင်က ပြောပါတယ်။
လက်ရှိ လေးကေကော်မြို့သစ်မှာ ကိုဗစ်-၁၉ ကူးစက်မှုတတိယလှိုင်း ကာလအတွင်း ရောဂါပိုး ကူးစက်ခံထားရသူ သံသယ လူနာ ၁၀၃ ဦး ၊ ရောဂါပိုးတွေ့ရှိ ကုသစောင့်ရှောက်မှု ပေးနေရသူ ၄၃ ဦးနဲ့ ကိုဗစ်ပိုးကူးစက်ခံရကာ ကင်ဆာရောဂါအခံနဲ့ သေဆုံးခဲ့တဲ့ လူနာ ၁ ဦး ရှိနေပါတယ်။
လေးကေကော်မြို့နဲ့ ပတ်ဝန်းကျင် ကျေးရွာတွေဖြစ်တဲ့ ဖလူးကျေးရွာအုပ်စု မယ်ထော့်သလေး ကျေးရွာအုပ်စု၊ မင်းလက်ပံ ကျေးရွာအုပ်စုတွေမှာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက် နေရသူတွေ၊ အနံ့ပျောက် အဖျားရောဂါရှိသူတွေလည်းရှိလာနေတဲ့အတွက် သူတို့ကို ကွာရန်တင်းထား စောင့်ကြည့် ကုသပေးဖို့ ကေအန်ယူက ယာယီ အဆောင်တွေ ဆောက်လုပ် စီစဥ် နေတာပါ။
ဒါပေမဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အောက်စီဂျင် အသုံးပြုကုသဖို့ လိုအပ်တွေ၊ ဆေးပစ္စည်းလိုအပ်ချက်တွေလည်း ရှိနေသေးတယ်လို့ လေးကေကော် ကိုဗစ်-၁၉ ကူးစက်ရောဂါ ထိန်းချုပ်စောင့်ကြည့်ရေးစင်တာမှ CDM ဆရာဝန်နဲ့ အရပ်ဖက် ကျန်းမာရေး ကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။