ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး ကွာရန်တင်း ထားရှိတဲ့ ဟိုတယ်ကနေ ထွက်ပြေးတဲ့ အစ္စရေးနိုင်ငံသား ကမ္ဘာလှည့် ခရီးသည် တယောက်ကို ထိုင်းရဲတွေက ဒီဇင်ဘာ ၂၂ ရက်မှာ ဖမ်းဆီးလိုက်ပါတယ်။
သူဟာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံ ထားရသူအဖြစ် စစ်ဆေး တွေ့ရှိထားတယ်လို့လည်း ဆိုပါတယ်။
အသက် ၂၉ နှစ်အရွယ် အိုဟဒ် ဘာရွတ်ခ်ဟာ ဘန်ကောက်မြို့တော်ကို ဒီဇင်ဘာ ၁၇ ရက်က ရောက်လာတာပါ။ သူဟာ ရောဂါခြေချုပ် ဟိုတယ်ကနေ နောက်နေ့မှာ ဆေးစစ်ချက် ရလဒ်ကို မစောင့်ဘဲ ထွက်သွားခဲ့တာပါ။
အဲဒီနောက် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းကို ခရီးသွားခဲ့ပြီး ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန်မှာ အဲဒီကျွန်းက ထိုင်းရဲတွေဆီ လာရောက် အဖမ်းခံခဲ့ပါတယ်။
သူ့ကို ထပ်မံ စမ်းသပ်ရာမှာတော့ ကူးစက်ခံ မဟုတ်ကြောင်း ထပ်တွေ့ခဲ့ပေမဲ့ သူ့ကို ကော့စမွေ ဆေးရုံမှာ ရောဂါခြေချုပ်နဲ့ ဆယ်ရက် ထားဖို့ အမိန့်ချ ထားပါတယ်။
အစ္စရေးခရီးသည်ရဲ့ ဆေးစစ်ချက် ရလာဒ်က အချိန်ပေါ် မူတည်ပြီး ကူးစက်ခံ ဖြစ်လိုက် မဖြစ်လိုက် ပြသနေတယ်။
“သူက နေပြန်ကောင်းခါနီးနေပြီ ဒါကြောင့် သူ့ကိုယ်ထဲမှာ ဗိုင်းရပ်စ် နည်းနည်း ကျန်သေးတယ်” လို့ ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ကီယတ်တီဖမ် ဝုန်ရာဂျစ်က ပြောပါတယ်။
ဘာရွတ်ခ်ဟာ ရောဂါ ထိန်းချုပ်ရေး လုပ်ဆောင်ချက်တွေကို လိုက်နာဖို့ ပျက်ကွက်မှုနဲ့ တရားစွဲ ခံထားရပါတယ်။