close

ခင်ဘုန်းမို့

close

April 4, 2023

လှပခြင်းတွေနောက်ကွယ်က အန္တရာယ်

အသက် ၂၈ နှစ်အရွယ် မနှင်း(အမည်လွှဲ)တစ်ယောက် လွန်ခဲ့တဲ့နှစ်က ဘယ်သူ့ကိုမှ ဖွင့်မပြောရဲခဲ့တဲ့ ထိတ်လန့်စရာကိစ္စတစ်ခု  ဖြစ်ပျက်ခံစားခဲ့ရတယ်။  

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားရတဲ့ဝေဒနာတွေကိုလည်း ဘယ်သူ့ကိုမှလည်းမတိုင်ပင်ရဲ၊ ဘာဆက်လုပ်ရမှန်းမသိဖြစ်ခဲ့ရတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူက ဒီကိစ္စကိုကျော်ဖြတ် ကုသနိုင်ခဲ့ပါတယ်။

မနှင်းဟာ (labioplasty)လို့ခေါ်တဲ့ မိန်းမအင်္ဂါပြုပြင်မှုကို တရားဝင်မဟုတ်တဲ့ အလှအပရေးရာဆေးခန်းတစ်ခုမှာ ပြုလုပ်ခဲ့ပြီး အဆင်မပြေဖြစ်ခဲ့ရသူတစ်ယောက်ပါ။ ပြုပြင်ထားတဲ့နေရာက ပိုးဝင်​ပြီးကိုက်ခဲတာ၊ ပြည်တည်တာတွေဖြစ်ခဲ့ပါတယ်။ သူ ပြုပြင်ခဲ့တဲ့ အလှအပပြုပြင်ရေးဆေးခန်းကို ဒီအကျိုးအကြောင်းပြောပြတော့လည်း သူတို့အနေနဲ့ဘာတာဝန်ယူမှုမှမရှိခဲ့ဘူး။

မနှင်းဟာ ဒီလိုကုသမှုကို လူမှုကွန်ရက်က တစ်ဆင့်သိခဲ့တာဖြစ်ပြီး အရင်က အလှအပနဲ့ပတ်သက်တဲ့ ပြုပြင်မှုတွေ မလုပ်ဖူးခဲ့ ပေမယ့် ဒီပြုပြင်မှုကိုတော့ လှချင်စိတ်တစ်ခုတည်းနဲ့ စိတ်ဝင်စားခဲ့တာပါ။

ဒါကြောင့် ပြီးခဲ့တဲ့၂၀၂၂ခုနှစ်တုန်းက ပြုပြင်မှုလုပ်ဖို့ ဈေးနှုန်းစုံစမ်းရက်ချိန်းယူကာ ပြုပြင်မှုလုပ်ခဲ့တယ်။ ပြုပြင်ရေးပြုလုပ် သူတွေချိန်းဆိုတဲ့ ဆေးရုံဆေးခန်းမဟုတ်တဲ့ ဟိုတယ်ခန်းတစ်ခုကို မနှင်းတစ်ယောက်သွားခဲ့ရတယ်။ ဟိုတယ်ရဲ့အိပ်ယာပေါ် မှာပဲ ဒီပြုပြင်မှုကို ပြုလုပ်ကာ ငွေကြေးအနေနဲ့ ကျပ်ခြောက်သိန်းကုန်ခဲ့တယ်လို့ သူကဆိုတယ်။  

ပြုပြင်ပြီးနောက်ပိုင်းနောက်ပိုင်း အထက်မှာဖော်ပြသလို ပိုးဝင်တာတွေ ဖြစ်လာခဲ့ပြီး လုံးဝအခြေအနေမကောင်းတော့တဲ့အဆုံး မနှင်းတစ်ယောက်အိုဂျီဆရာဝန်ထံမှာ သွားရောက်ကုသခဲ့မှသာ ပျောက်ကင်းခဲ့ရပါတယ်။ ဒီလိုအလှအပပြုပြင်မှုတွေကို တရား မဝင်ဆေးခန်းတွေမှာ လုပ်ကိုင်ကြတာဟာ အခန့်မသင့်ရင် အသက်အန္တရာယ်ထိပါစိုးရိမ်ရနိုင်ပြီး မနှင်းကတော့ ကံကောင်းစွာနဲ့ ကုသခဲ့လို့ ရောဂါသက်သာခဲ့ရပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုအားနည်းနေချိန်မှာ တရားဝင်ဆေးကုသခွင့်လိုင်စင်ရဆရာဝန်မဟုတ်သူတွေ ဖွင့်လှစ်ထားတဲ့ အလှအပပြုပြင်ရေးတွေမှာ သွားရောက်ပြုပြင်ပြီး မနှင်းလို အဆင်မပြေတာ၊ ဒုက္ခရောက်ကြတာတွေ ခပ်စိပ် စိပ် ဖြစ်ပွားလာကြပြီး လူမှုကွန်ရက်တွေပေါ်မှာ ရင်ဖွင့်တာတွေ တွေ့လာရပါတယ်။    

တိုးတက်လာတဲ့ခေတ်ရေစီးကြောင်းနဲ့အညီ နည်းပညာတွေ၊ဆေးပညာတွေ ဖွံ့ဖြိုးလာတာကြောင့် တစ်ကိုယ်လုံးမှာ မလှတဲ့ နေရာတွေကိုလိုအပ်သလို ကျွမ်းကျင်ဆရာဝန်တွေနဲ့တိုင်ပင်ပြီး ကုသလို့နေပါပြီ။

မြန်မာနိုင်ငံမှာတော့ အလှအပရေးရာနဲ့ ပတ်သက်တဲ့ပြုပြင်မှုတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာ ဖြစ် တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။ ၂၀၂၀ နောက်ပိုင်းကာလတွေမှာတော့ အသက် ၁၈နှစ်ကနေ အသက် ၅၅ နှစ်အထိ ပြုပြင်ပြောင်းလဲကုသနေကြတယ်လို့ ဒေါက်တာငွေဇင်ကျော်ကပြောပါတယ်။

ဒီလိုပြုပြင်ရာမှာလည်း အလှအပရေးရာခွဲစိတ်ခြင်းနဲ့ သာမာန်အလှအပရေးရာကုသခြင်းဆိုပြီး နှစ်ပိုင်းခွဲခြားထားကာ ခွဲစိတ် ခြင်းက ကုန်ကျစရိတ်ပိုများသလို အကျိုးရလာဒ်အနေနဲ့လည်း ရာသက်ပန်ရရှိနိုင်တယ်လို့ အလှအပဆိုင်ရာဆရာဝန် ဒေါက် တာ ငွေဇင်ကျော်ကပြောပါတယ်။

အလှအပရေးရာနဲ့ ပတ်သက်တဲ့ပြုပြင်မှုတွေကလည်း ခေါင်းကနေ ခြေအဆုံးထိ အမျိုးအစားအများကြီးရှိကြပါတယ်။

ရင်သား၊တင်ပါး၊မျက်နှာ၊နှာခေါင်းစတဲ့နေရာတွေကို လိုချင်တဲ့ပုံစံရအောင် filler ထိုးပြီးပြုပြင်တာ၊ အရေးအကြောင်းတွေ ပျောက်စေဖို့ Botox ထိုးတာ၊ မှဲ့ခြောက်၊ တင်းတိပ်စတာတွေကို လေဆာပစ်ပြီးပြုပြင်တာ၊ Chemical Peeling လို့ ခေါ်တဲ့ အရေပြားအပေါ်ယံလွှာကို ဖယ်ရှားပြီးဆဲလ်အသစ်တွေပြန်ပေါ်စေတာ ၊ CoolSculpting လို့ခေါ်တဲ့ စက်နဲ့အဆီချတာ (အဆီ ပြင်ကို အေးအောင်လုပ်ပြီးအဆီချတာ)၊ Facials လို့ခေါ်တဲ့ ပေါင်းတင်တာ၊ ချေးချွတ်တာ စတဲ့ပြုပြင်မှုတွေမျိုးစုံရှိတယ်လို့ အလှအပရေးရာဆိုင်ရာတွေကို ရေးသားမျှဝေနေတဲ့ Mei Uses This blog က မိန်မိန်းကရှင်းပြပါတယ်။  

ဒီလိုပြုပြင်မှုတွေကို တရားဝင်ဆေးကုသခွင့်လက်မှတ်ရဆရာဝန်တွေဆီမှာ ပြုလုပ်ရင် အန္တရာယ်ကင်းနိုင်ပေမယ့် ဆရာဝန် မဟုတ်သူတွေ ဖွင့်လှစ်ထားတဲ့ဆေးခန်းတွေမှာ ကုသရင်တော့ ပြသနာတွေကြုံတွေ့နိုင်ပါတယ်။

ဆရာဝန်မဟုတ်သူဖွင့်လှစ်ထားတဲ့ ဆေးခန်းအမည်ခံ အလှပြုပြင်ရေးတွေဟာ Facebook၊ TikTok စတဲ့ဆိုရှယ်မီဒီယာတွေက   တစ်ဆင့်ပုံစံအမျိုးမျိုးနဲ့ကြော်ငြာနေကြပါတယ်။ ဒီလိုပြုပြင်ရာမှာလည်းကုန်ကျစရိတ်အနေနဲ့ ငွေကျပ် ၁၀သိန်းဝန်းကျင် ရှိပါ တယ်။

ဒီလိုဆရာဝန်မဟုတ်သူတွေကတော့ နိုင်ငံတကာမှာလည်း ရှိကြပြီး မြန်မာနိုင်ငံလိုမျိုးဖွံဖြိုးဆဲနိုင်ငံတွေမှာပိုများပါတယ်။ ဆရာ ဝန် မဟုတ်သူတွေလို့ဆိုရာမှာလည်း သူနာပြုကစလို့ spa therapist (ကုထုံးပညာရှင်) အထိအကျုံးဝင်ကာ ကုသသူတွေ အနေနဲ့ အန္တရာယ်အရမ်းများတဲ့ကုသမှုကို ခံယူနေကြတယ်လို့ ဒေါက်တာငွေဇင်ကျော်က မှတ်ချက်ပြုပါတယ်။

မှားယွင်းမှုတွေထိခိုက်မှုတွေမှာ အသက်အန္တရာယ်အထိရှိနိုင်သလို အသက်အန္တရာယ်မရှိရင်တောင် ရာသက်ပန်အလှချို့ယွင်း သွားနိုင်တာတွေဖြစ်နိုင်တဲ့အတွက် ဆရာဝန်မဟုတ်သူတွေဆီမှာ အကုန်ပုံအပ်တာမျိုးမဖြစ်သင့်ဘူးလို့ ဒေါက်တာငွေဇင်ကျော် က ဆိုပါတယ်။

တာဝန်ရှိအဖွဲ့အစည်းတွေကလည်း ဒီလိုဆေးခန်းတွေကို သေချာကြပ်မတ်အရေးယူပေးသင့်တယ်လို့လည်း သူက ဆက်ပြော ပါတယ်။

“ အဆိုးဆုံးက သူတို့လုပ်ချင်တာလုပ်ပြီး ဆရာဝန်တွေဆီ ရောက်လာကြတော့ ဆရာဝန်ဖြစ်နေလို့မလုပ်ချင်ဘူး မကုနိုင်ဘူးလို့ ငြင်းပယ်ဖို့ခက်ခဲပါတယ်။ ကိုယ်မနိုင်လောက်တဲ့ case မျိုးဆို ကိုယ့်ထက်တတ်ကျွမ်းတဲ့ ဝါရင့်ဆရာဝန်တွေဆီကို ပြန်လွှဲပေး ရပါတယ်။ဒါကြောင့် ဆရာဝန်မဟုတ်သူတွေရဲ့ လက်တည့်စမ်းမှု ၊ မှားယွင်းမှုတွေကို ဆရာဝန်တစ်ယောက်အနေနဲ့ လုံးဝရှုတ်ချ ပါတယ်။ ”လို့ ဒေါက်တာငွေဇင်ကျော်က ပြောပါတယ်။

ဆရာဝန်မဟုတ်သူတွေရဲ့ ကုသပေးမှုကြောင့် အသက်အန္တရာယ် ထိခိုက်မှုရှိတယ်လို့ အားလုံးကိုမဆိုလိုပေမယ့် ဖြစ်နိုင်ခြေက ၅၀:၅၀ မို့ မိမိအလှတရားကို ယုံကြည်ရတဲ့အသိအမှတ်ပြုဆရာဝန်တွေဆီမှာသာကုသဖို့ ဒေါက်တာငွေဇင်ကျော်က အကြံပေး ပါတယ်။  

“ အလှအပဆိုင်ရာကုသမှုတွေ ပြုလုပ်လိုတဲ့သူတွေကို အကြံပြုချင်တာကတော့ အန္တရာယ်ကင်းဖို့ကပထမ လှဖို့ကဒုတိယပါ။ ဒါကြောင့်သေချာစွာလေ့လာပြီးမှ ကုသကြပါ။” လို့ သူကဆိုတယ်။    

မနှင်းနည်းတူ အလှပြုပြင်ရေးဆေးခန်းတစ်ခုမှာ ပြုပြင်မှုပြုလုပ်ပြီး ပြသနာကြုံတွေ့ခဲ့ရသူကတော့ အသက် ၃၂ နှစ်အရွယ် မကေခိုင်ပါ။ မကေခိုင်ဟာလည်း မိန်းမအင်္ဂါပြုပြင်မှုကို လူမှုကွန်ရက်ကတစ်ဆင့်သိကာ စိတ်ဝင်စားခဲ့တာ ဖြစ်တယ်။  

မကေခိုင်ဟာလည်း ဒီပြုပြင်မှုမတိုင်ခင် အရင်ကလည်း မျက်ခုံးတက်တူးထိုးတာ၊ မျက်နှာမှာ ဝက်ခြံတွေအရမ်းများနေတဲ့ အတွက် အရေပြားဆေးခန်းပြတာမျိုးတွေ ပြုလုပ်ဖူးတယ်လို့ ဆိုပါတယ်။

ဒီပြုပြင်မှုပြုလုပ်ဖို့အတွက် ဆေးခန်းလိပ်စာအတိုင်းသွားခဲ့တယ်။ ပြုပြင်ကုသတဲ့အခါမှာလည်း                                                                                                       လက်ဝတ်ရတနာတွေမချွတ်၊ အကျီမလဲစေဘဲ ကုသခဲ့ရတယ်။ အဲဒီနောက် ပြုပြင်တဲ့နေရာက ပိုးဝင်ခဲ့ပါတယ်။ ဒါကြောင့် အိုဂျီဆရာဝန်နဲ့ပြခဲ့ရတယ်။

“ မြန်မာပြည်မှာအားလုံးသိကြတဲ့အတိုင်း အစစအရာရာအဆင်မပြေဘဲ နိမ့်ပါးနေတယ်လေ။ အဲ့တာကိုအခွင့်ကောင်းယူပြီး ကလိမ်ကကျစ်နည်းတွေနဲ့ ပိုက်ဆံမရှာကြပါနဲ့လို့ သက်ဆိုင်ရာတွေကလည်း စုံစမ်းစစ်ဆေးခြင်းမရှိသလို အရေးယူတာတာတွေ လည်းမရှိဘူး။” လို့မကေခိုင်က သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပြပါတယ်။

ဒီလိုပြုပြင်မှုတွေပြုလုပ်ပြီး အဆင်မပြေမှုတွေကြုံတွေ့ရတဲ့အမျိုးသမီးတွေအပေါ် တချို့သူတွေက မစာနာတဲ့အပြင် ပြစ်တင် ဝေဖန်မှုတွေလည်းပြုလုပ်ကြတာကို လူမှုကွန်ရက်စာမျက်နှာတွေမှာ တွေ့နေရပါတယ်။ ကုသတဲ့သူတွေကိုသာ ဝေဖန်ပြစ် တင်နေကြပြီး တရားမဝင်ဆေးခန်းတွေကိုတော့ အခုထိအရေးယူတာတွေ အားနည်းနေပါသေးတယ်။ 

မြန်မာနိုင်ငံမှာ အလှအပဆိုင်ရာဆေးခန်းဖွင့်ဖို့အတွက် လိုင်စင်လိုအပ်ပါတယ်။ အလှအပဆိုင်ရာ အထူးပြုလိုင်စင်တွေ၊ သတ် မှတ်ထားတဲ့ အခွန်ငွေ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စစ်ဆေးမှုတွေအားလုံး သတ်မှတ်ချက်တွေပြည့်စုံမှသာ လိုင်စင်ချပေးတာ ဖြစ်တယ်လို့ ဒေါက်တာငွေဇင်ကျော်က ပြောပါတယ်။

သာမာန်အလှပြုပြင်ရေးလုပ်ငန်းဖွင့်လှစ်ဖို့အတွက်တော့ စည်ပင်သာယာရေးကော်မတီမှာ လိုအပ်တဲ့အချက်အလက်တွေနဲ့ အတူ လျှောက်ထားနိုင်ပါတယ်။  

လျှောက်ထားတဲ့အခါ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်လိုကြောင်း တင်ပြလျှောက်ထားလွှာ၊ လျှောက်ထားသူရဲ့မှတ်ပုံတင်မိတ္တူ၊ လိုင်စင်ဓာတ်ပုံ၊ ဆောင်ရွက်မယ့်လုပ်ငန်းတည်နေရာ၊ နေရပ်လိပ်စာအပြည့်အစုံ၊ မှတ်တမ်းဓာတ်ပုံ၊ သက်ဆိုင်ရာမြို့နယ်က ရပ်ကွက်၊ရဲစခန်း၊ မီးသတ်ရုံးတွေရဲ့ထောက်ခံစာတွေ လုပ်ငန်းဆောင်ရွက်မယ့် ဝန်ထမ်းဦးရေနဲ့ ကိုယ်ရေးရာဇဝင်အကျဉ်း၊ အနှိပ်ခန်းအဖြစ်ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုပါကြောင်း ကိုယ်တိုင်ကတိဝန်ခံချက် စတာတွေနဲ့အတူလျှောက်ထားရမယ်လို့ စည်ပင်သာယာရေးကော်မတီရဲ့ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ အဲ့ဒီလိုင်စင်ဟာ သာမာန်ဆံပင်ညှပ် ၊ခေါင်းလျှော်၊ မျက်နှာသစ် စတဲ့ အလှပြုပြင်ရေးအတွက်သာ အကျုံးဝင်ပြီး ခွဲစိတ် ကုသမှုတွေ အလှအပရေးရာကုထုံးတွေအတွက် ကုသခွင့်မရှိပါဘူး။ ဒါပေမဲ့ အဲ့ဒီလုပ်ငန်းတွေမှာ ဆရာဝန်မဟုတ်သူတွေက သာမန် spa လိုင်စင်နဲ့ ဖွင့်လှစ်ကုသနေကြလို့ တာဝန်ရှိအဖွဲ့အစည်းက သေချာစစ်ဆေးကြပ်မတ်နေဖို့လိုတယ်လို့ ဒေါက်တာ ငွေဇင်ကျော်က ပြောပါတယ်။  

“ ဆရာဝန်မဟုတ်သူတွေကြောင့် အကျိုးသက်ရောက်မှုက Aesthetic industry (အလှအပရေးရာလုပ်ငန်းနယ်ပယ်) ဆိုတာ လွယ်ကူတယ်လို့ ထင်သွားကြတယ်။ Aesthetic Specialist (အလှအပရေးရာကျွမ်းကျင်သူ) ဖြစ်ဖို့ MBBS ရပြီးနောက်ထပ် အနည်းဆုံးသုံးနှစ် ထပ်မံလေ့လာရပါတယ်။ နိုင်ငံရပ်ခြားမှာ စာမေးပွဲတွေ ပြန်ဖြေရပါတယ်။ လိုင်စင်ပြန်လျှောက်ရပါတယ်။ ဒါကြောင့် ဆရာဝန်တွေက Do & Don’t ကို ကောင်းကောင်းနားလည်ကြပြီး ဆရာဝန်မဟုတ်သူတွေကတော့ စီးပွားရေးကို ပထမဦးစားပေးလို့ မြင်ပါတယ်။” လို့ သူက ပြောပါတယ်။  

ဒီလိုပြုပြင်မှုတွေနဲ့ပတ်သက်ပြီး အလှအပရေးရာဆိုင်ရာတွေကိုရေးသားမျှဝေနေတဲ့ Mei Uses This blog က မိန်မိန်းက အခုလို အကြံပေးပါတယ်။   

အလှအပဆေးခန်းတွေမှာ treatment (ကုသမှု) ယူတော့မယ်ဆိုရင် ကိုယ်လုပ်မယ့် ဆေးခန်းမှာ ဆေးခန်းလိုင်စင်ရှိမရှိ အရင်စုံ စမ်းတာ၊ လုပ်မယ့်ဆေးခန်းရဲ့ operation room (ခွဲစိတ်ကုသခန်း) ကိုသွားကြည့်တာ၊ ပိုးသတ်မထားတဲ့  စတီးဇလုံတွေ ကြမ်း ပေါ်ချထားတာမျိုးဆို လှည့်ပြန်ခဲ့တာမျိုး၊ လုပ်မယ့်ဆရာဝန်ရဲ့ profile တောင်းကြည့်တာ၊ ဘာဘွဲ့ရတယ်ဆိုတာနဲ့ အလှအပ ဆိုင်ရာဆေးပညာကို ဘယ်ကျောင်းမှာ ဘာသင်လာတယ်ဆိုတာတွေစုံစမ်းတာ၊ နောက်ဆက်တွဲ ဆောင်ရန်၊ ရှောင်ရန် ဘာရှိ မလဲမေးတာမျိုးတွေ၊ အမှားအယွင်းတစ်စုံတစ်ရာဖြစ်ရင် ဆေးခန်းက တာဝန်ယူမှု၊တာဝန်ခံမှု ဘာတွေရှိလဲမေးတာ စသဖြင့် အားလုံးသေချာပြီဆိုမှ လုပ်သင့်မလုပ်သင့်သေချာစဉ်းစားအချိန်ယူဆုံးဖြတ်သင့်တယ်လို့ သူကဆိုပါတယ်။

အမျိုးသမီးအရေး လှုပ်ရှားသူတစ်ဦးကတော့ ဒီလိုပြုပြင်မှုတွေပြုလုပ်ကြတဲ့အကြောင်းအရင်းကတော့ အမျိုးသား၊ အမျိုးသမီး တွေမှာ တစ်ယောက်နဲ့တစ်ယောက်မတူညီတဲ့ လိင်အင်္ဂါပုံစံအမျိုးမျိုးရှိကြတာကို နားမလည်ကြတဲ့အတွက် ဒီလိုပြုပြင်မှုတွေပြု လုပ်လာကြတာဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။  

“ မိန်းကလေးတွေကိုကန့်သတ်ထားတဲ့ ဂျန်ဒါဘောင်တွေရှိတယ်။ အဲဒီဘောင်တွေကဘာလဲဆိုတော့ ဒီလိုမိန်းကလေး လိင် အင်္ဂါမှာအပြင်က ဒီလိုမျိုးကြီးနေတယ်။ တွဲနေတယ်စသဖြင့် အဲ့လိုမျိုးဖြစ်နေရင် ဒါကအပျိုမစစ်ဘူး။ မိန်းမကောင်းမဟုတ် ဘူးလို့ မွေးရာပါပါလာတဲ့ Identity တွေအပေါ် မူတည်ပြီးခွဲခြားထားတဲ့အမြင်တွေရှိတယ်။ ဒါပေမဲ့ အဲဒီဟာတွေက တကယ် ဟုတ်လားဆိုမဟုတ်ဘူး။ ဒါပေမယ့်လူတွေက သတ်မှတ်ထားတဲ့အရာတွေ အထူးသဖြင့်မိန်းကလေးတွေအပေါ်မှာ ယောကျာ်း လေးတွေက မြင်တာလည်းရှိသလို မိန်းကလေးတွေကိုယ်တိုင်က ဒီအစွဲတွေကို လက်ခံထားတာမျိုးရှိတယ်။ အဲဒါကြောင့် ဒီခွဲ စိတ်မှုတွေကိုလုပ်ကြတယ်။”လို့ သူက ထောက်ပြပါတယ်။  

ဆက်ပြီးသူက “ အမျိုးသမီးတွေကိုယ်တိုင်လည်းသတိထားရမယ်။ အမျိုးသမီးတွေက အခွင့်အရေးလိုချင်တယ်။ အမျိုးသမီး တွေက ဒီနိုင်ငံမှာ ဖိနှိပ်မှုတွေခံရတယ်လို့အော်နေပေမယ့် အမျိုးသမီးတွေကိုယ်တိုင်ကိုယ်က ဒီလိုမျိုးအစွဲတွေအမြင်တွေ အမြင် တွေကြောင့် ကိုယ့်ကိုကိုယ်ရင်းပြီးလုပ်နေတာတွေက မဖြစ်သင့်ဘူး။” လို့ အဆိုပါအမျိုးသမီးအရေးလှုပ်ရှားသူက ဆိုပါတယ်။

တရားမဝင်ဆေးခန်းမှာ ခွဲစိတ်ကုသမှုခံယူပြီး ဒုက္ခများခဲ့ရတဲ့ မနှင်းကတော့ ပြုပြင်မှုလုပ်ခဲ့တာကို နောင်တရနေပြီး ယခုလို ခပ် ပြတ်ပြတ်ဆိုပါတယ်။

“ ဒီပြုပြင်မှုနဲ့ပတ်သက်ပြီး အရမ်းနောင်တရတယ်။ အခုအချိန်မှာ အလကားပေးပြီး လုပ်ပေးပါမယ်ဆိုရင်တောင် မလုပ်တော့ဘူး။”

ခင်ဘုန်းမို့

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

2 mins Ago

September 30, 2022

ခင်ပွန်းဖြစ်သူ စစ်သားတွေကို အလင်းထဲပို့နိုင်ခဲ့တဲ့ ဇနီးတွေ

မနက်မိုးလင်းတာနဲ့ မိသားစုအတွက် မနက်စာပြင်ဆင်ပေးရင်း အမျိုးသမီးကြီးတစ်ဦး အလုပ်ရှုပ်နေတယ်။ အမျိုးသမီးကြီးရဲ့ခင်ပွန်းဖြစ်သူကတော့ သီချင်းညည်းရင်းနဲ့ မျက်နှာသစ်နေတယ်။ အဲ့ဒီနောက် သားသမီးတွေ လည်း အိပ်ရာကထလာကာ မိသားစုစုံစုံညီညီနဲ့ မနက်စာစားပါတော့တယ်။ ဒီမနက်စာစားပွဲဝိုင်းဟာ အချိန်တော် တော်ကြာမှ မိသားစုစုံစုံညီညီနဲ့စားသောက်ရတဲ့ မနက်စာလည်းဖြစ်တယ်။ အရင်ကဆို မိသားစု ထမင်းလက်ဆုံ စားဖို့မပြောနဲ့ မျက်နှာချင်းဆိုင် တွေ့ရတဲ့အချိန်တောင် နည်းလွန်းလှတယ်။

အခုတော့ လွတ်မြောက်နယ်မြေမှာ စိတ်အေးချမ်းသာစွာနဲ့ စိတ်ချလက်ချနေနိုင်တဲ့အပြင် မိသားစုစုံညီစွာ နိုးထ ရင်း တစ်နေ့တာကိုစတင်နိုင်တဲ့အတွက် အမျိုးသမီးကြီးဖြစ်သူက ကြည်နူးကျေနပ်နေတယ်။ သူကတော့ ဒုတပ် ကြပ် ကျော်နိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်အုန်းထွေးပါ။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့ဝန်ထမ်းတွေဟာ CDM လှုပ်ရှားမှုတွေမှာ တခဲနက်ပါဝင်ခဲ့ကြပါတယ်။ ပြည် သူ့ဝန်ထမ်းတွေသာမက တပ်မတော်သားတွေလည်း CDM ပြုလုပ်ကာ ပြည်သူလူထုဘက် ရပ်တည်လာခဲ့ကြ ပါတယ်။ စစ်အာဏာသိမ်းမှု တစ်နှစ်ကျော်ကြာတဲ့အခါမှာတော့ လက်နက်နဲ့တစ်ကွ CDM ပြုလုပ်တဲ့ တပ်မတော် သားနဲ့ ရဲတပ်သားတွေလည်းရှိလာသလို မိသားစုလိုက် တပ်မတော်ကို စွန့်ခွာလာသူတွေလည်း ရှိလာပါတယ်။

လက်ရှိမှာတော့ တပ်မတော်သားနဲ့ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်သူ (တစ်သောင်း) နီးပါးရှိပြီလို့ ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့က ထုတ်ပြန်တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ခင်ပွန်းဖြစ်သူတွေ CDM ခရီးလမ်းကိုလျှောက်ဖို့အတွက် ဘေးကနေ ပါရမီဖြည့်ပေးရတဲ့ ဇနီးသည်တွေရဲ့ တာဝန် ကလည်း အရေးကြီးလှပါတယ်။ အသက် (၅၃) နှစ်အရွယ် ဒေါ်အုန်းထွေးကတော့ ပြည်သူ့ဘက် မျက်နှာမူတဲ့ စစ်သည်ရဲ့ဇနီးတစ်ယောက်အဖြစ် တာဝန်ကျေပွန်ခဲ့ပါပြီ။

ဒေါ်အုန်းထွေးဟာ ခင်ပွန်းဖြစ်သူနဲ့ အိမ်ထောင်ကျပြီးနောက်မှာ တပ်ထဲမှာလိုက်နေကာ စစ်သည်ဇနီးသည်တွေ လုပ်ရတဲ့ အလုပ်မှန်သမျှကို မညည်းမညူ လုပ်ကိုင်ခဲ့တယ်။

တပ်တွင်းမှာနေထိုင်ရတဲ့ ကာလတစ်လျှောက်လုံးက ဒေါ်အုန်းထွေးအတွက် ပျော်စရာဘာတစ်ခုမှမရှိခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူ ရှေ့တန်းထွက်တဲ့အချိန်ဆို စိတ်ပူရ၊ ခင်ပွန်းရဲ့လစာဝင်ငွေနဲ့ မလောက်ငှတဲ့အတွက် ဈေးရောင်းရ၊ တခြားစိတ်ဖိစီးမှုတွေကြောင့် နှလုံးရောဂါရတဲ့အထိဖြစ်ခဲ့တယ်။

“စိတ်ဓာတ်ကျပြီး စိတ်ကုန်စရာတွေပဲ။ စိတ်ဓာတ်ကျလို့လည်း ဆေးရုံခေါက်တုံ့ခေါက်ပြန်သွားရတာ နှလုံးရောဂါပါထတယ်။ သွေးတိုးတယ်”လို့ ဒေါ်အုန်းထွေးက ဖွင့်ဟတယ်။

ဒီလိုနဲ့တပ်တွင်းမှာ (၁၇) နှစ်လောက် နေထိုင်ပြီးတဲ့အခါမှာတော့ တပ်ပြင်ထွက်နေခဲ့ကြတယ်။

စစ်အာဏာမသိမ်းခင်ကတော့ ဒေါ်အုန်းထွေးအတွက် စစ်သားမိန်းမအဖြစ်နေထိုင်ရတာ ဂုဏ်ယူစရာကောင်းခဲ့ပြီး ပတ်ဝန်းကျင်ရဲ့ ကြည့်ရှုစောင့်ရှောက်မှုကိုရခဲ့တယ်။ ခင်ပွန်းဖြစ်သူ ရှေ့တန်းသွားတယ်ဆိုရင် အိမ်နီးနားချင်းတွေ က ဈေးဝယ်ပေး၊ အခြောက်အခြမ်းပေး၊ ဆေးဝယ်ပေးနဲ့ အရပ်လေးမျက်နှာက ချင်ခင်ကြတယ်။

ခင်ပွန်းဖြစ်သူရဲ့လစာနဲ့ မလောက်ငှတဲ့အတွက် ဒေါ်အုန်းထွေးတစ်ယောက် ဈေးရောင်းတာ၊ သူတတ်ထားတဲ့ အနှိပ်ပညာနဲ့ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းက ဖြေရှင်းခဲ့တယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အလုပ်လုပ်ကိုင်စားသောက်လို့လည်း မရတော့တဲ့အပြင် ပတ်ဝန်း ကျင်ရဲ့ အမုန်းတရားတွေသာ ရင်ဆိုင်ခဲ့ရတယ်။

“အရင်တုန်းကတော့ စစ်သားမိန်းမဆိုတာ ခေါင်းမော့ရင်ကော့ပြီး သွားလို့ရတယ်လေ။ အခုအာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ ခေါင်းငုံ့ပြီးတော့သွားရတဲ့အပြင်သူများ တံတွေးနဲ့ထွေးလည်း ငြိမ်နေရတာပဲ”လို့ ဒေါ်အုန်းထွေးက စစ်အာဏာသိမ်းပြီးနောက်မှာ သူကြုံတွေ့ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။

ခင်ပွန်းဖြစ်သူကလည်း ရှေ့တန်းတောက်လျှောက်ထွက်နေရပြီး တိုက်ပွဲတစ်ခုမှာတော့ ဒဏ်ရာနဲ့ပြန်လာခဲ့ရတယ်။ ဒဏ်ရာရပေမယ့် မနားရဘဲ ရှေ့တန်းထွက်ဖို့ပဲ တာဝန်ကျလာတဲ့အခါမှာတော့ CDM လုပ်ဖို့ စိတ်ကူးမိလာကြတော့ တယ်။ ခင်ပွန်းဖြစ်သူကိုလည်း CDM လုပ်ဖို့ အားပေးခဲ့တယ်။

အာဏာသိမ်းကာလ အစောပိုင်းကတည်းက CDM လုပ်ဖို့စိတ်ကူးမိကြပေမယ့် အဆက်အသွယ်မရှိတဲ့အတွက် အကောင်အထည်မဖော်ဖြစ်ခဲ့ဘူး။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာတော့ ခင်ပွန်းဖြစ်သူဟာ CDM ခရီးလမ်းကို စတင် လျှောက်ပါတယ်။

ခင်ပွန်းဖြစ်သူ CDM လုပ်တယ်ဆိုတဲ့ သတင်းတွေတက်လာတော့ စစ်တပ်ကမိသားစုကို အန္တရာယ်ပြုမှာစိုးတဲ့ အတွက် ရှိတဲ့အိမ်နဲ့ခြံကို ရတဲ့ဈေးနဲ့ရောင်းကာ မိသားစုလိုက် တိမ်းရှောင်ထွက်ပြေးရတယ်။

တပ်ပြင်မှာနေကတည်းက အခက်အခဲဖြစ်တဲ့အချိန် ချေးငှားထားတဲ့အကြွေးတစ်ချို့ဆပ်ပြီး တချို့တော့မဆပ် နိုင်ခဲ့ဘူး။ ရောက်တဲ့အရပ်ကတော့ အကြွေးဆပ်မယ်ဆိုတဲ့စိတ် ဒေါ်အုန်းထွေးတွေးထားခဲ့တယ်။

“သူတို့ (စစ်တပ်) အဖမ်းတော့မခံဘူး။ သူတို့လက်ထဲရောက်ရင် သူတို့စိတ်ကို ကိုယ်သိရတာမဟုတ်ဘူးလေ။ အချုပ်ထဲထည့်တယ်ဆိုပြီး သတ်ရင်လည်းသတ်မယ်။ သူတို့လက်ထဲတော့အရောက်မခံဘူးဆိုပြီး ပြေးရတာပေါ့”လို့ ဒေါ်အုန်းထွေးကပြောတယ်။

တိမ်းရှောင်နေတဲ့အခါမှာလည်း တခြားနိုင်ငံရေးလှုပ်ရှားသူတွေ ရှောင်တိမ်းရသလို ဒေါ်အုန်းထွေးတို့လည်း အခက်အခဲကြုံရတယ်။ ပုန်းအောင်းနေတဲ့ နေရာတစ်ဝိုက်ကို စစ်ကားတွေဖြတ်ရင်ကြောက်ရ၊ မိသွားမလားစိုးရိမ် ရနဲ့ ထမင်းတောင်ဖြောင့်ဖြောင့်မစားနိုင်ခဲ့ဘူး။ နောက်ဆုံးမှာတော့ ခင်ပွန်းဖြစ်သူနောက်လိုက်ဖို့ ဆုံးဖြတ်ရတော့ တယ်။

ခင်ပွန်းဖြစ်သူဆီ ရောက်တဲ့အခါမှသာ စိတ်အေးလက်အေးနဲ့ မိသားစုစုံစုံညီညီ နေနိုင်ပါတော့တယ်။

“ ဒီမှာကအေးရာအေးကြောင်းပဲ၊ စိတ်အေးသွားတာပေါ့”လို့ဒေါ်အုန်းထွေးကပြောတယ်။

ဒေါ်အုန်းထွေးတို့မိသားစုလိုပဲ တပ်မတော်ကိုစွန့်ခွာပြီး CDM ခရီးလမ်းကို လျှောက်လှမ်းခဲ့ကြတာကတော့ တပ်ကြပ် သန်းနိုင်ဦးရဲ့ ဇနီးဖြစ်သူ မစန္ဒီဗီးလှိုင်တို့ မိသားစုပါ။

အသက် (၂၂) နှစ်အရွယ် မစန္ဒီဗီးလှိုင်တစ်ယောက် စစ်သားဖြစ်သူ သန်းနိုင်ဦးနဲ့ဖူးစာဆုံပြီး တပ်ထဲလိုက်နေခဲ့တယ်။ တပ်ထဲမှာနေခဲ့တဲ့အတောအအတွင်း အရာရှိကတော်တွေခိုင်းသမျှကို မငြင်းနိုင်ဘဲ လုပ်ကိုင်ပေးရတယ်။ ထမင်း စားချိန်ပါမချန် အလုပ်ရှိရင် ထလုပ်ပေးရတယ်။ အစာအိမ်ရောဂါရှိတဲ့ မစန္ဒီဗီးလှိုင်တစ်ယောက် ရောဂါပိုဆိုးလာ တဲ့အတွက် တပ်ပြင်ထွက်နေဖို့ ဆုံးဖြတ်လိုက်တယ်။

Photo credit – ပြည်သူ့စစ်သားဇနီးများ

“တပ်ထဲမှာ တခါမှကိုမပျော်ခဲ့ရဘူး။ စိတ်ဆင်းပဲရဲနေခဲ့ရတယ်။ ကိုယ့်အမျိုးသားကိုခေါ်ပြီး ထိုးလိုက်ပြီဆိုတဲ့ အသံကြားရတာနဲ့ ခေါ်ပြီးဆူလိုက်တာနဲ့ မိန်းမက အမှားလုပ်မိလည်း ယောကျာ်းကအဆူခံရတယ်။ အထိုးခံရ တယ်။ တခါမှမပျော်ခဲ့ရပါဘူး”လို့ မစန္ဒီဗီးလှိုင်က ဆိုပါတယ်။

အမျိုးသားဖြစ်သူရဲ့ လစာနဲ့မလောက်ငှတာကြောင့် အွန်လိုင်းပေါ်မှာဈေးရောင်းရင်း ဝင်ငွေရှာရတယ်။

အရင်က စစ်သားမိန်းမဖြစ်တဲ့ မစန္ဒီဗီးလှိုင်တစ်ယောက် ပတ်ဝန်းကျင်မှာ မျက်နှာပွင့်ပြီး စိတ်ချမ်းသာခဲ့ရတယ်။

အမျိုးသားရှေ့တန်းထွက်ပြီဆို အိမ်နီးချင်းတွေက စားစရာပေးတာ၊ အမျိုးသားကို ရိက္ခာပို့တော့မယ်ဆို လက်ဖက်၊ ပဲခြမ်း၊ ထန်းလျက်လက်ဆောင်ပေးသူတွေနဲ့ ရှိခဲ့တယ်။ စစ်အာဏာသိမ်းပြီးနောက်မှာတော့ ပတ်ဝန်းကျင်ရဲ့ ရှောင် ဖယ်ခြင်းကို ခံခဲ့ရတော့တယ်။

“ရပ်ကွက်ထဲမှာဆိုလည်းပြောခံရတယ်။ နင့်ယောက်ျားက လူသွားသတ်တာတဲ့။ အိမ်ကသမီးလေးက စကား တတ်တော့ ဘာပြန်ပြောလဲဆို မဟုတ်ဘူး၊ မီးမီးဖေဖေက ဆေးသွားကုတာပေါ့။ အဲ့လိုမျိုးတွေ ကလေးကိုတောင် မှ နင့်အဖေက လူသွားသတ်တာ အဲ့လိုမျိုးတွေလည်း အနှိမ်ခံရတာပေါ့”လို့ မစန္ဒီဗီးလှိုင်ကပြောတယ်။

အမျိုးသားဖြစ်သူက ဆေးမှူးဖြစ်တဲ့အတွက် ရွာထဲဆေးသွားကုတဲ့အခါမှာလည်း အသတ်ခံရမလားဆိုတဲ့ စိုးရိမ် ကြောက်လန့်စိတ်တွေနဲ့ နေထိုင်ခဲ့ရတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း တပ်တွင်းစည်းကမ်းသစ်တွေကြောင့် နေရထိုင်ရ ကြပ်တည်းခဲ့တယ်။ တပ်ပြင် မှာ နေထိုင်တဲ့ မိသားစုတွေအနေနဲ့ ခရီးထွက်မယ်ဆို သတင်းပို့ခိုင်းတာ၊ ကိုယ့်အိမ်နားမှာ ဆန္ဒပြမှုတွေရှိရင် သတင်းပေးခိုင်းတာ၊ သံပုံးတီးတဲ့အိမ်တွေကို သတင်းပို့ခိုင်းတာတွေ ရှိခဲ့တယ်။

“သူတို့ (တပ်) ပြောတဲ့စကားကို သူတို့ရှေ့တည့်တည့်မှာတော့ ဟုတ်လို့တော့ ဖြေလိုက်တာပေါ့။ သူတို့စကားတော့ နားမထောင်ဘူး”လို့ သူကဆိုတယ်။ ဒီလိုအခြေအနေတွေရှိကတည်းက ခင်ပွန်းဖြစ်သူကို CDM လုပ်ဖို့တိုက် တွန်းခဲ့ပေမယ့် အခွင့်မသာခဲ့ဘူး။ အမျိုးသားဖြစ်သူအနေနဲ့လည်း အထက်လူကြီးတွေရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင် ခဲ့ရတယ်။

ရွာထဲမှာဆေးသွားကုရင် ပိုက်ဆံယူခိုင်းတာ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဆက်သွယ်တယ်လို့စွပ်စွဲတာ၊ ရွာသားတွေဆီကနေ ပိုက်ဆံတောင်းခိုင်းတာ စတာတွေကြောင့် အမျိုးသားဖြစ်သူက CDM လုပ်ဖို့ဆုံးဖြတ်ခဲ့ တယ်။

အမျိုးသားဖြစ်သူ CDM လုပ်တဲ့နောက်မှာတော့ မစန္ဒီဗီးလှိုင်တစ်ယောက် ဖမ်းဆီးစစ်ဆေးခံခဲ့ရတယ်။ မိသားစုနဲ့ ပေးမတွေ့ဘဲ တပတ်လောက်အချုပ်ခံခဲ့ရတယ်။

အဲ့ဒီနောက် အိမ်ပြန်ရောက်တဲ့နောက်ပိုင်းလည်း ခင်ပွန်းဖြစ်သူက လက်နက်နဲ့ CDM လုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ လက်နက်ဖိုးဆိုပြီး စစ်တပ်က ပိုက်ဆံတောင်းတယ်။

တခါတောင်းရင် တစ်သိန်း၊ တစ်သိန်းခွဲ၊ ငါးသောင်းတောင်းနဲ့ စုစုပေါင်း (၁၀) သိန်းနီးပါး ပေးခဲ့ရတယ်။ ပိုက်ဆံ (၂၈) သိန်းတောင်းတဲ့အခါမှာတော့ မပေးနိုင်တဲ့အပြင် မပေးချင်တဲ့အတွက် ခင်ပွန်းဖြစ်သူနောက်ကိုလိုက်ဖို့ ဆုံး ဖြတ်ခဲ့တယ်။

“အခက်အခဲကတော့အများကြီးပဲ သူ့ဘက်က ပိုက်ဆံတောင်းတာတွေလည်း လိုက်ရှာပေးရတယ်။ အိမ်ကအဖေ ကလည်း လေဖြန်းထားတာဆိုတော့ အဖေရဲ့ဆေးဖိုးတွေရော ဟိုပစ္စည်းရောင်း၊ ဒီပစ္စည်းရောင်း၊ အကုန်ရောင်း လိုက်ရတယ်”လို့ သူကပြောတယ်။ လမ်းခရီးမှာ စစ်ဆေးရေးဂိတ်တွေ တွေ့တဲ့အခါလည်း စိုးရိမ်စိတ်တွေနဲ့ ဖြတ်သန်းခဲ့ရတယ်။ ခင်ပွန်းဖြစ်သူနဲ့ ပြန်တွေ့ရချိန်မှာတော့ စိတ်ဒုန်းဒုန်းချကာ ပျော်နိုင်ပါတော့တယ်။

“မိသားစုတွေ စုံစုံညီညီနဲ့ပြန်နေရတော့ ပျော်တယ်။ သူမသေသေးဘူးဆိုတာသိရတော့ တကယ်ဝမ်းသာတယ်”လို့ မစန္ဒီဗီးလှိုင်ကပြောတယ်။

မစန္ဒီဗီးလှိုင်တစ်ယောက် လက်ရှိရောက်နေတဲ့ နေရာမှာ ရတဲ့အလုပ်ကလေးလုပ်ကာ ဘဝကိုအေးအေးချမ်းချမ်း ဖြတ်သန်းဖို့ စိတ်ကူးထားတယ်။

စစ်သားတစ်ဦး CDM ပြုလုပ်ဖို့အတွက် ဇနီးဖြစ်သူနဲ့ မိသားစုတွေရဲ့တိုက်တွန်းမှုက အရေးပါတယ်လို့ ပြည်သူ့ စစ်သားဇနီးများအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပြည်သူ့စစ်သားဇနီးများအဖွဲ့ဟာ CDM ပြုလုပ်ခဲ့တဲ့ တပ်မတော်သားတွေရဲ့ ဇနီးသည်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ အဖွဲ့အနေနဲ့ CDM ပြုလုပ်ခဲ့ကြတဲ့ မိသားစုတွေကိုတွေ့ဆုံပြီး စကားဝိုင်းတွေပြုလုပ်တာ၊ ကမ်ပိန်းတွေပြုလုပ်တာ၊ CDM စစ်သားတွေနဲ့ မိသားစုဝင်တွေအတွက် ဘာသာစကားသင်တန်းတွေ၊ ကျန်းမာရေး ဆိုင်ရာပံ့ပိုးမှုတွေ၊ တပ်တွင်းမှာကျန်ခဲ့တဲ့ CDM မပြုလုပ်ရသေးတဲ့ တပ်မတော်သားတွေရဲ့ဇနီးတွေကို လှုံ့ဆော် တာ စတာတွေကို ဆောင်ရွက်နေပါတယ်။

“စစ်သားတစ်ယောက်က CDM ပြုလုပ်ချင်လို့ သူ့အမျိုးသမီးကိုတိုင်ပင်တဲ့အခါမှာ သူ့အမျိုးသမီးက ကန့်ကွက် တယ်ဆိုရင် အတားအဆီးအနှောင့်အယှက်ဖြစ်စေတယ်။ တကယ်လို့ သူကအသာတကြည်နဲ့ လက်ခံတယ်၊ ဝိုင်း ကူညီပေးတယ်ဆိုရင် ဒီကိစ္စက အထမြောက်သွားတာပေါ့နော်” လို့ ပြည်သူ့စစ်သားဇနီးများအဖွဲ့က တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ခင်ပွန်းဖြစ်သူတွေ CDM ပြုလုပ်ပြီးနောက်ပိုင်း ဇနီးသည်တွေအနေနဲ့ တချို့က ရရာအလုပ်ကိုလုပ်ကိုင်ကြတာ၊ တချို့ကတော့ တော်လှန်ရေးလုပ်ငန်းတွေမှာပါဝင်ကြတာ စတဲ့ရပ်တည်မှုတွေနဲ့ ဘဝကိုဖြတ်သန်းနေကြပါတယ်။

ဘဝလက်တွဲဖော်ဆိုတာ ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင်လို့ တင်စားကြပြီး ကိုယ့်လက်တွဲဖော် မကောင်းတာတွေ လုပ်၊ နှိပ်စက်သတ်ဖြတ်နေတာတွေကို မလုပ်စေချင်ကြသလို၊ သေမယ်ဆိုတာသိလျှက်နဲ့ ရှေ့တန်းထွက်တိုက်နေ ရတာမျိုးတွေကို မဖြစ်စေချင်ကြတဲ့ စစ်သား၊ ရဲတွေရဲ့ ဇနီးမယားနဲ့ သားသမီး၊ မိဘတွေဟာ နေ့စဉ်သောကတွေနဲ့ ရင်ဆိုင်ရသလို ပတ်ဝန်းကျင်က မတရားမှုအားပေးကျူးလွန်သူတွေကို လက်မခံတော့တာကြောင့် လူနေထိုင်မှု ဘဝတွေပါ ခက်ခဲလာကြတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုပါတယ်။

“စစ်တပ်ထဲက ဇနီးမယား၊ မိသားစုဝင်တွေဟာ နေ့စဉ် စစ်သားတွေ၊ ရဲတွေကို လက်ရှိမတရားမှုတွေ ဆက် မလုပ်ဖို့ ပြောဆိုနေကြတာတွေရှိပါတယ်။ တစ်ဖက်မှာလည်း စစ်ကောင်စီက အာဏာမသိမ်းခင်ထဲက စစ်တပ်၊ ရဲတွေနဲ့ ဝန်ထမ်းတွေကို ချုပ်ကိုင်အကြပ်ကိုင်ထားတာတွေ ရှိနေပါတယ်။ ဒါကြောင့် စစ်တပ်ထဲမှာနေထိုင်ရတာ ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုများလာပါတယ်။ လွတ်မြောက်ရာကို ခိုလှုံချင်နေကြပါတယ်။ CDM လုပ်ထားပြီးသား မိသားစုတွေ လွတ်လပ်ပေါ့ပါး လူသားဆန်ဆန် နေနိုင်တာတွေကိုလည်း သူတို့သိမြင်နေကြမှာပါ။ မတရားမှုက ရုန်းထွက်နိုင်ရင် လူသားဆန်ဆန် ရှင်သန်ရမယ်ဆိုတာ သူတို့သိနေကြပါပြီ”လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အရင်က ခင်ပွန်းဖြစ်သူ ရှေ့တန်းထွက်ရင် အသက်ရှင်လျက် ပြန်လာနိုင်ဖို့ ဘုရားမှာအမြဲဆုတောင်းခဲ့တဲ့ ဒေါ်အုန်း ထွေးရဲ့ ဆုတောင်းဟာ အခုတော့ တခြားဆုတောင်းအဖြစ် ပြောင်းလဲခဲ့ပါပြီ။

“အကုန်လုံး အေးချမ်းပါစေလို့ ဆုတောင်းတယ်” လို့ ဒေါ်အုန်းထွေးက ဆိုပါတော့တယ်။

ခင်ဘုန်းမို့

hiburma.net ဝက်ဘ်ဆိုက်မှ ပြန်လည်ဖော်ပြသည်။

6 months Ago
Up