close

ခင်ရီ

close

August 20, 2022

စစ်ကောင်စီက ဗဟိုဘဏ် ဥက္ကဋ္ဌနှင့် ဝန်ကြီးအချို့ကို အနားပေး၊ ပြောင်းရွေ့၊ အစားထိုးခန့်အပ်

အာဏာသိမ်း စစ်ကောင်စီဟာ  သူခန့်ထားတဲ့ ပြည်ထောင်စုဝန်ကြီးတချို့နဲ့ ဗဟိုဘဏ်   အကြီးအကဲတွေကို ရာထူးတာဝန်ကနေ အနားပေးတာ၊ နေရာပြောင်းရွေ့တာတွေပြုလုပ်လိုက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ် ၁၉ ရက်မှာ ကြေညာလိုက်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန (၂) ဦးချစ်နိုင်၊  နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသိန်းညိန်းနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ တဦးဖြစ်တဲ့  ဦးဝင်းသော်တို့ကို တာဝန်ကနေ အနားပေးလိုက်တယ်လို့ စစ်ကောင်စီအတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး အမိန့်နဲ့ ထုတ်ပြန်လိုက်တာပါ။ 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း၊ အလုပ်သမားဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးအဖြစ်လည်းကောင်း၊ စီးပွားကူးသန်းဝန်ကြီး ဒေါက်တာပွင့်ဆန်းကို အလုပ်သမားဝန်ကြီးအဖြစ်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးအဖြစ်လည်းကောင်း ပြောင့်ရွေ့ခန့်အပ်လိုက်ပါတယ်။

ဒါ့ပြင် နိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ  ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲ  ခန့်အပ်တာဝန်ပေးလိုက်ပြီး ဒုဥက္ကဋ္ဌ အဖြစ် ဦးဇော်မြင့်နိုင်ကို ခန့်အပ်လိုက်ပါတယ်။ ဒေါ်သန်းသန်းဆွေဟာ ပြီးခဲ့တဲ့ ဧပြီလက  နေအိမ်မှာ သေနဲ့အပစ်ခံခဲ့ရပြီး အသက်မသေဘဲ ဒဏ်ရာရရှိခဲ့သူဖြစ်ပါတယ်။ 

ဘာကြောင့် အခုလို ပြောင်းလဲမှုတွေလုပ်ခဲ့တယ်ဆိုတာကိုတော့ စစ်ကောင်စီက ပြောဆိုတာမရှိပေမဲ့ နိုင်ငံတွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီး တိုင်းပြည်စီးပွားရေး ယိုယွင်းပျက်စီး ကမောက်ကမ ဖြစ်နေချိန်မှာ  ဗဟိုဘဏ်အကြီးအကဲတွေနဲ့ စီးပွားကူးသန်းဝန်ကြီးနေရာတွေကို  အစားထိုး ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးကို စာရင်းစစ်ချုပ်အဖြစ် တာဝန်ပေးလိုက်ပြီး ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ ဦးသန်းဆွေကို  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ပါတယ်။

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်ကို  ပြည်ထောင်စုရာထူးဝန် ဥက္ကဋ္ဌ အဖြစ်ပြောင်းရွေ့တာဝန်ပေးလိုက်ပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌအဖြစ် ဦးတင်ဦးလွင်ကို ခန့်အပ်လိုက်ပါတယ်။

အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ဒေါက်တာ စိုးဝင်းကို ခန့်အပ်တာဝန်ပေးလိုက်ပါတယ်။ 

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်ကို ရာထူးတာဝန်ကနေ အနားပေးလိုက်ပြီး သူ့ရဲ့နေရာမှာ ဒေါက်တာ ဝုန်ဆွန်းထန်ကို ခန့်အပ်လိုက်ပါတယ်။

ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ဧရာဝတီတိုင်း လုံခြုံရေနဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေကိုလည်း အစားထိုးခန့်အပ်ကြောင်း ကြေညာထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဆောင်ရွက်ချက်တွေအားလုံးဟာ တရားမဝင်သလို အသိအမှတ်မပြုတဲ့ အကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာထားသလို ပြည်သူလူထုတွေက လည်း အာဏာသိမ်း စစ်ကောင်စီကို  လက်နက်ကိုင် ခုခံစစ်ပွဲဆင်နွှဲတာအပါအဝင် ရရာ နည်းလမ်း ပေါင်းစုံနဲ့ ဆန့်ကျင် တော်လှန်နေကြပါတယ်။

Photo- DSINFO

6 hours Ago
Up