close

ခင်ဦးမြို့နယ်‌

close

November 19, 2022

ခင်ဦးမြို့နယ်‌တွင် စစ်‌‌ကောင်‌စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် PDF ၂ ဦးကျဆုံး

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ  နိုဝင်‌ဘာ ၁၈ ရက်‌‌က စစ်‌‌ကောင်‌စီစစ်ကြောင်းက လက်‌နက်‌ကြီးနဲ့ ပစ်‌လို့ PDF ရဲ‌ဘော်‌နှစ်ယောက်ကျဆုံးပြီး နှစ်ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

Khin U Special force Organization (KSO) တာဝန်ခံ ဗိုလ်လင်းရောင်က “ဒီနေ့မနက် ကံကြီးကုန်းနဲ့ မဏိကုန်းရွာကြားအရောက်မှာ စစ်‌‌ကောင်‌စီဘက်‌က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦး လက်‌နက်‌ကြီးမှန်‌လို့ ကျဆုံးသွားတယ်‌။ နှစ်‌ဦးဒဏ်‌ရာရတယ်‌။ လို့ ပြောပါတယ်‌။

ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ အသေးစိတ် အချက်အလက်တွေ ကိုတော့ လတ်တလော မသိရသေးဘူး။

‌နိုဝင်‌ဘာ ၁၇ ရက်‌‌မှာ စစ်‌‌ကောင်‌စီစစ်‌‌ကြောင်းက ခင်‌ဦးမြို့နယ်‌ထဲက ရွာသား ၃ ယောက်ကို  ဖမ်းဆီးခေါ်‌ဆောင်‌သွားပြီး အဲဒီထဲက သက် ၁၇ နှစ်ရွယ် မောင်ဥက္ကာနဲ့ အသက် ၂၃ နှစ်ရွယ် မောင်ကျော်မျိုးတို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့  မရမ်းအင်းရွာမှာ ဖမ်းခေါ်ခဲ့တဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်ကတော့ အခုထိ ပြန်မလွတ်သေးဘူးလို့ ဗိုလ်‌လင်းရောင်က ပြောပါတယ်‌။

စစ်‌‌ကောင်‌စီတပ် စစ်ကြောင်းထိုးလာလို့ ခင်‌ဦးမြို့နယ်‌‌ထဲက  ညာင်ပင်ခြံ၊ ဆည်ကြီး၊ ချမ်းသာကုန်း၊ အင်းပါတ်၊ ကုန်းသာ၊ မရမ်းအင်း၊ မြကန်၊ အောင်သာ၊ အင်းပေါက်၊ ရွှေယမင်း၊ ကံကြီးကုန်း၊ ကျွန်းလည်၊ ကျွန်းဆွယ်၊ သာဂရ၊ မြို့သစ်၊ တပင်ကောင်း၊ မဏိကုန်း၊ ပေါင်းလှဲကုန်း စတဲ့ ရွာပေါင်း ၂၀ လောက်က  ပြည်‌သူ ၁၀၀၀၀  ကျော်‌‌ဘေးလွတ်‌ရာကို ထွက်‌‌ပြေး‌တိမ်းရှောင်နေကြရပါတယ်။

7 mins Ago
Up