close

ခင်ဦး PDF

close

July 27, 2022

ခင်ဦးမြို့တွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကလေးတဦးနှင့် ကူညီကယ်ထုတ်ပေးသူ PDF ခေါင်းဆောင်တို့ ကျဆုံး

စစ်ကိုင်းတိုင်းဒေကြီး၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာအတွင်းကို ဇူလိုင် ၂၆ ရက် မနက် ၅ လောက်က စစ်ကောင်စီတပ်တွေ ရွာထဲစစ်ကြောင်း ထိုးဝင်ရောက်လာပြီး ရမ်းသန်းပစ်ခတ်ခဲ့ကြတာကြောင့် ကလေးတဦးနဲ့ PDF ခေါင်းဆောင်တဦးတို့ ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇူလိုင် ၂၆ မနက်အစောပိုင်းကတည်းက ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

"မနက်က မြင်းဒေါင်းဘက်ကနေ သေနတ်တွေနဲ့ပစ်ပြီး ရွာထဲဝင်ချလာတယ်။ စစ်ကောင်စီတပ်ဖွဲ့အင်အား ၈၀ ကျော်လောက်ရှိမယ်။ မကျီးအုပ်ရွာက ၁၃ နှစ်အရွယ် ကလေးတစ်ယောက် လက်မောင်းသေနတ်ကျည်ထိလို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကနေ ဆေးကုသဖို့ရာ လွတ်ရာကို ကယ်ထုတ်ရာကနေ လမ်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့တွေ့လို့ ပစ်သတ်ခံလိုက်ရတယ်။ နောက်ပြီး ဒဏ်ရာရတဲ့ ကလေးလည်း သွေးထွက်လွန်လို့ သေဆုံးခဲ့ရတယ်။" 

စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်မှုကြောင့် ၁၃ နှစ်အရွယ် မောင်ခန့် ကျည်ထိမှန်ပြီး ရွာအထွက်လမ်းမှာ ဒဏ်ရာရကျန်နေခဲ့လို့ PDF အဖွဲ့တဖွဲ့ရဲ့ ဗိုလ်ဌေးဝင်းက သွားကယ်ထုတ်စဉ် ပစ်ခတ်ခံရတာကြောင့် ကျဆုံးသွားခဲ့ရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စကစ တပ်သားတွေ ရွာထဲဝင်လာလို့ သားဖနှစ်ယောက်ဆိုင်ကယ်နဲ့ ထွက်ပြေးကြတာ အဲဒီအချိန်မှာ စကစ တပ်သားက သေနတ်နဲ့ပစ်လိုက်တာ ကလေးရဲ့ရင်ဘတ်နဲ့လက်မောင်းကို ထိသွားပြီး ကလေးက ပြုတ်ကျကျန်ခဲ့တယ်။ ဖခင်ကတော့ သားလေးပါတယ်ဆိုပြီးတော့ မောင်းထွက်လာတာပေါ့။ နောက်မှ မပါလာတာကိုသိတော့ ကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ ကာကွယ်ရေးအဖွဲ့တွေကို ပြောပြတယ်။ အဲတော့ ဗိုလ်ဌေးဝင်းနဲ့အဖွဲ့ဝင် ၄ ယောက်က ကားတစီးနဲ့ ကလေးကိုကယ်ဖို့ သွားကြတယ်။ အဲဒီမှာ ပစ်ခတ်မှုဖြစ်လို့ ဗိုလ်‌ဌေးဝင်း ကျသွားခဲ့တာပါ။ ကျန်တဲ့သုံးယောက်နဲ့ ကလေးက လွတ်လာခဲ့တယ်။” 

ဒဏ်ရာရထားတဲ့ ကလေးကို ကယ်ထုတ်ပြီး အနီးအနားရှိ ဆေးခန်းကို ကုသဖို့သွားနေစဉ် လမ်းမှာတင် သွေးထွက်လွန်ပြီး သေဆုံးသွားတာလို့ ခင်ဦးမြို့နယ် KSO အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

“ကာကွယ်ရေးခေါင်းဆောင်က အဲ့ကလေးကို ကားပေါ် တင်ပြီးတော့ ကားနဲ့မောင်းထွက်အပြေးမှာ ရွာထိပ်ကနေ ပတ်ဝင်လာတဲ့ (-) အဖွဲ့နဲ့တွေ့ပြီး ပိတ်မိတာ၊ ကာကွယ်ရေးခေါင်းဆောင်ပါ အသတ်ခံရတာ။”  

စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်လာတာကြောင့် မကျီးအုပ်ကျေးရွာ၊ ရွာသစ်ကုန်း၊ အင်းပတ်၊ မြင်းဒေါင်း၊ မြကန်၊ မြစ်ခြေကျဉ်း၊ ကျွန်းတောကြီး စတဲ့ ကျေးရွာတွေက ပြည်သူ‌အများအပြား ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်တွေမကြာခဏ စစ်ကြောင်းထိုးနေပြီး နေအိမ်တွေမီးရှို့ဖျက်ဆီးတာ၊ ပစ္စည်းဥစ္စာတွေကို ဖျက်ဆီးသိမ်းယူတာ၊ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ဓားစာခံပြုလုပ်နေတာကြောင့် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ခင်ဦးမြို့မှာ ဇူလိုင် ၂၃ ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့များမှ မြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ဝိုင်းပတ်မှာ ဆန္ဒပြပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြို့တွင်းနဲ့မြို့ပြင်တွေမှာ ပုံစံမျိုးစုံနဲ့ ကင်းပုန်းဝပ်စောင့်ကြည့်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

5 mins Ago

February 19, 2022

မြို့သစ်-ကံကြီးကုန်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က လက်နက်လူအင်အားသာလွန်သဖြင့် ရဲဘော်များ ကျဆုံးခဲ့ရဟု ခင်ဦး PDF ပြော

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က လက်နက်အင်အား၊ လူအင်အားသာလွန်စွာ  ဗျူဟာတကျ အမြင့်ပိုင်းပစ်ကွင်းကောင်းကနေ စက်သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံကာကွယ်ရေးတပ်တွေ အထိခိုက် အကျဆုံးများခဲ့တာလို့ ဒေသခံ PDF ခေါင်းဆောင်က ပြောပါတယ်။ 

ဖေဖော်ဝါရီ ၁၇ ရက်က ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာ၊ မြို့သစ်-ကံကြီးကုန်းတိုက်ပွဲမှာ PDF လူငယ် ၁၄ ယောက် သေဆုံးခဲ့တာပါ။

ဘုရားဝန်းကျင်မှာဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီက တပ်သားအင်အား ၂၀၀ နီးပါးအသုံးပြုခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်ရဲ့ ပြောက်ကျားစနစ်ကို စိတ်ရှည်ရှည်နဲ့စောင့်ပြီး ပစ်ခတ်တိုက်ခိုက်တာ ကြောင့် လူအင်အား လက်နက်အင်အားမရှိတဲ့ PDF တွေ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံကာကွယ်ရေးတပ်တွေကို လက်နက်နဲ့နည်းဗျူဟာ အမြန်ဆုံးထောက်ပံ့ပေးဖို့ ဒေသခံကာကွယ်ရေး တပ်ခေါင်းဆောင်တစ်ယောက်က တိုက်တွန်းပါတယ်။

ခင်ဦးမြို့နယ် PDF ခေါင်းဆောင်တစ်ဦး "စစ်ကောင်စီတပ်ကို ယှဉ်တိုက်ဖို့မဟုတ်ဘဲ ပြောက်ကျားစနစ်နဲ့ပဲ တိုက်ဖို့ သွားခဲ့တာပါ။  ဝိုင်းထားမှန်းသိတော့ သူတို့ထွက်မလာတော့ဘူး။ နေ့ခင်း ၁၂ နာရီလောက်ထိ သူတို့ ထွက်မလာတာနဲ့  မြို့သစ်ကနေ ကံကြီးကုန်းဘက်လမ်းမှာ စောင့်နေတာပေါ့။ မြို့သစ် ဘုရားဝန်းကျင်မှာ တိုက်ပွဲစဖြစ်တာပေါ့။  မောင်းပြန်သေနတ်ဆိုလို့ ၃ လက်လောက်ပဲရှိတယ်။ ဒါပေမဲ့ လက်နက်အင်အားမမျှတဲ့အတွက် ဖြစ်သွားတာပါ။ သူတို့ မြို့သစ်ဘုရားနားမှာ အမြင့်ကနေ စက်သေနတ်နဲ့ပစ်တာ။ ပြန်ပစ်ဖို့ လက်နက်အင်အားမမျှတဲ့ အတွက် ကျဆုံးခဲ့ရတာပါ။ အင်မတန်မှ ဝမ်းနည်းရပါတယ်။ "လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်က စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၊ ချောင်းဦးကြီးကျေးရွာကို စစ်ကောင်စီနဲ့ ပျူစောထီးတွေက မီးရှို့တာကြောင့် အိမ်ခြေ ၄၀၀ ကျော်(ရွာလုံးကျွတ်နီးပါး) မီးလောင်ပျက်စီးခဲ့ပါတယ်။ 

ချောင်းဦးကြီးကျေးရွာနားက ဇီးဖြူကုန်းကျေးရွာမှာ ပျူစောထီးအများစုအခြေစိုက်နေထိုင်ပြီး အခုမီးလောင်မှုဟာ ဇီးဖြူကုန်းရွာသား ပျူးစောထီးတွေရဲ့ လက်ချက်ကြောင့်ဖြစ်တယ်လို့ ချောင်းဦးကြီးရွာသားတစ်ယောက်က ပြောပါတယ်။ 

စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းအတွင်းမှာ နယ်မြေထိန်းချုပ်ဖို့ ခက်ခဲနေတဲ့အတွက် ပြည်သူအချင်းချင်းရန်တိုက်ပေးတဲ့ နည်းလမ်းကိုပြောင်းလဲအသုံးပြုနေတာဖြစ်ပါတယ်။ 

ချောင်းဦးကြီးရွာသားတစ်ဦး "ချောင်ဦးကြီးကျေးရွာကို စစ်ကောင်စီနဲ့ပျူစောထီးတွေက ဖေဖော်ဝါရီ ၁၈ ရက် မနက် ၉ နာရီအချိန်လောက်က မီးစရှို့တာပါ။ လက်နက်ငယ်နဲ့ ဘေးပတ်လည်ကို ပစ်တယ်။ ရွာအနောက်ဘက်နဲ့ မြောက်ဘက်တွေကနေ မီးလိုက်ရှို့တယ်။ နောက်ပိုင်းတော့ တစ်အိမ်တက်ဆင်း မီးလိုက်ရှို့တယ်။ အိမ်ခြေ ၄၀၀ ဝန်းကျင်ပါသွားတယ်။ ၄၊ ၅လုံးပဲကျန်တယ်။ ပျူစောထီးရွာ ဇီးဖြူကုန်းကို ရှင်းပစ်ရမှာပဲ။ ဒီကောင်တွေက သခင်အားရကျွန်ပါးဝနေတာ။"ဆိုပါတယ်။

ပုလဲမြိုနယ်အတွင်းမှာ ဇန်နဝါရီ ၂၉ ရက်ကနေစပြီး မွေ့တုံကျေးရွာ၊ ပန်းကျေးရွာနဲ့ အင်ပင်ထိ ကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာကို စစ်ကောင်စီက မီးရှို့ခဲ့တာကြောင့်ဒေသခံတွေဟာ စားဝတ်နေရေးခက်ခဲခဲ့ပါတယ်။ 

အခုမီးရှို့ခံရတဲ့ ချောင်းဦးကြီးကျေးရွာမှာနေထိုင်တဲ့ ပြည်သူ ၃၅၀၀ ကျော်ဟာလည်း ကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ 

စစ်ကိုင်းတိုင်းမှာ ၂၀၂၁ မတ်လ ၃ရက်ကနေ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီ ၈ ရက်အထိ တစ်နှစ်နီးပါးကာလအတွင်း ပြည်သူ ၄၂၃ ဦးကို စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့မှတ်တမ်းတွေက ဖော်ပြပါတယ်။ 

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း ၃၇ မြို့နယ်ထဲက ၃၁ မြို့နယ်မှာ ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

5 months Ago
Up