စစ်ကိုင်းတိုင်းအထက်ပိုင်း ခန္တီးမြို့၊ ဟုမ္မလင်းမြို့နယ်တွေက ကျေးရွာတွေမှာ လောင်စာဆီဈေးနှုန်းကြောင့် လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံနေတယ်လို့ လျှပ်စစ်မီးသုံးစွဲနေတဲ့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ ကျေးရွာတချို့ကို ကျေးရွာမီးလင်းရေး ကော်မတီအဖွဲ့က ဦးဆောင်ပြီး ကုမ္ပဏီကပေးတဲ့ လျှပ်စစ်မီးကိုသာ အသုံးပြုနေကြရပါတယ်။
အရင်က ဟုမ္မလင်းမြို့ပေါ်မှာ တယူနစ်ကို ကျပ် ၅၀၀ ဝန်းကျင်ဖြစ်ပြီး အခုအခါမှာတော့ တယူနစ် ကျပ် ၁,၁၅၀ ပေးဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဟုမ္မလင်းမြို့နယ် နန်တောကျေးရွာမှ လုပ်ငန်းရှင်တဦးက “ဆီဈေးတက်လို့ဆိုပြီး တယူနစ် ဘယ်လောက်သတ်မှတ်မယ်ဆိုပြီး မီးလင်းရေးကော်မတီက သုံးစွဲသူတွေကို အစည်းအဝေးခေါ်ပြောတယ်။ အခု တယူနစ် ကျပ် ၁,၄၀၀ ကောက်မယ်လို့ စာပို့ခဲ့တယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ခန္တီးမြို့၊ ဟုမ္မလင်းမြို့နဲ့ နောင်ပိုအောင်ရွာ၊ နန်တောကျေးရွာတို့ဟာ အစိုးရလျှပ်စစ်မီး မရရှိသေးတဲ့ မြို့ရွာတွေ ဖြစ်ပါတယ်။ အဆိုပါဒေသတွေမှာ အရင်က ပုဂ္ဂလိက တပိုင်တနိုင် လျှပ်စစ်မီးပေးတာ ရှိပေမဲ့ ၂၀၁၅ ခုနှစ်နောက်ပိုင်း အရပ်သားအစိုးရ တက်လာပြီးနောက် ကျေးရွာမီးလင်းရေးဆိုပြီး ကုမ္ပဏီတွေကပေးတဲ့ မီးကိုသာ အသုံးပြုနေကြရတယ်လို့ ဆိုပါတယ်။
မီးသုံးစွဲသူ နန်တောဒေသခံတဦးက “တယူနစ် ၄၂၀ ကျပ်ကနေ အခု ၁,၄၀၀ ကျပ် ဖြစ်သွားပြီ။ မီတာခသက်သာအောင် ချွေတာသုံးနေရတာ ထမင်း ဟင်းတောင် အခုဆို မီးသွေးနဲ့ချက်နေတာ" လို့ ပြောပါတယ်။
တလကို ဒီဇယ်ပေပါ အလုံး ၇၀ လောက် ကုန်ကျပြီး လက်ရှိလောင်စာဆီဈေးနှုန်းနဲ့ ဝယ်ယူရခက်ခဲလာကာ ဝန်ထမ်းစရိတ်နဲ့ဆို အရှုံးပေါ်နေတယ်လို့ နန်တောကျေးရွာ မီးလင်းရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲက ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေကို စစ်ကောင်စီက ဧပြီ ၁၇ ရက်မှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးခဲ့တယ်လို့သိရပါတယ်။
“မနေ့က ညနေ ၃ နာရီလောက် ခန္တီးမြို့မှာ အင်တာနက်သုံးလို့ ရတယ်။ ကျနော်တို့ အင်တာနက်လိုင်းဖွင့်တော့ ရနေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။
အခု အင်တာနက်လိုင်းကို ခန္တီး နဲ့ ဟုမ္မလင်းမြို့ပဲ ဖွင့်ပေးတာဖြစ်ပြီး ကျန်မြို့နယ်တွေ အင်တာနက်ဖွင့်ပေးတာတွေ မရှိဘူးလို့ မြန်မာ့ဆက်သွယ်ရေးနဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေးတို့ကလွဲပြီး မြို့နယ် ၃၃ မြို့နယ်ကို စစ်ကောင်စီက မတ် ၃ ရက် ည ၁၁ နာရီကစလို့ အင်တာနက်လိုင်းတွေ ပိတ်ထားခဲ့တာဖြစ်ပြီး ဧပြီ ၁၇ ရက်မှသာ ခန္တီး နဲ့ ဟုမ္မလင်းမြို့နယ်တို့ကို အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့တာပါ။
မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ ခန္တီးနဲ့ ဟုမ္မလင်းမြို့တွေမှာသာ အင်တာနက်လိုင်းတွေ ပြန်ရနေပြီး မြို့နယ် ၃၁ မြို့နယ် ဖြတ်တောက်ခံထားရပါတယ်။
စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း အင်တာနက်တွေ ဖြတ်တောက်ကာ လေကြောင်းကရော မြေပြင် ရေပြင်ကပါ ပြည်သူ့ကာကွယ်ရေးတပ်တွေကို ထိုးစစ်ဆင်နေတာပါ။ ဒါ့အပြင် စစ်ကောင်စီတပ်တွေက မီးရှို့တာကြောင့် နေအိမ် ၉၀၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ဒေသခံ ၂ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။