close

ခန္တီးအကျဉ်းထောင်

close

November 17, 2022

တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ခေါင်းဆောင် အပါအဝင် ၄ ဦး ခန္တီးထောင်မှ ပြန်‌လွတ်‌

စစ်‌ကိုင်းတိုင်း၊ ခန္တီးအကျဉ်းထောင်မှာ  ပုဒ်‌မ ၅၀၅(က) နဲ့ ဖမ်းဆီးခံထားရတဲ့ တိုင်းလိုင် ( ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ဥက္ကဋ္ဌ ကိုစိုင်းဘိုဘိုအောင် အပါအဝင် နိုင်‌ငံ‌ရေးအကျဉ်းသား ၄ ဦး  နိုဝင်‌ဘာ ၁၇ ရက်‌‌က လွတ်‌မြောက်လာပါတယ်‌။

ဒေသခံအကျဉ်းဦးစီးဌာန ဝန်ထမ်းတဦးက “အခုမနက်‌မှာ စစ်‌‌ကောင်‌စီက လွတ်‌ငြိမ်းချမ်းသာခွင့်နဲ့ ခန္တီးကနေ အကျဉ်းသား ၄ ဦး လွှတ်‌‌ပေးလိုက်‌တယ်။ ခန္တီးက ၁‌ ယောက်‌၊ ဟုမ္မလင်းဘက်‌က ၃‌ ယောက်‌၊ စုစု‌ပေါင်း ၄ ယောက်၊ သူတို့က ၅၀၅(က) နဲ့ ဖမ်းဆီးခံရသူတွေဖြစ်‌တယ်‌”လို့ ပြောပါတယ်‌။

စိုင်းဘိုဘို‌အောင်‌ကတော့ အခုည‌နေ ၃ နာရီ‌လောက်‌မှာ အိမ်‌ပြန်‌‌ရောက်‌ပြီလို့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းက ပြောပါတယ်‌။

တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ မြို့နယ်ဥက္ကဋ္ဌ စိုင်းဘိုဘိုအောင်‌ဟာ ခန္တီးမြို့က စစ်‌အာဏာရှင်‌ဆန့်ကျင်‌‌ရေး လှုပ်‌ရှားမှုမှာ ပါဝင်‌တယ်‌ဆိုပြီး စစ်‌‌ကောင်‌စီက ၂၀၂၁ ဇွန်‌ ၂၁ ရက်‌‌နေ့မှာ ဖမ်းဆီးပြီး ပုဒ်‌မ ၅၀၅(က) နဲ့‌ ထောင်‌ဒဏ်‌ ၂ နှစ်‌ ချခဲ့တာ ဖြစ်‌ပါတယ်‌။

သူဟာ ၂၀၂၀‌ ရွေး‌ကောက်‌မှာ ခန္တီးမြို့ တိုင်းလိုင်(ရှမ်းနီ)ပါတီက‌နေ အမှတ်‌ ၂ မဲဆန္ဒ‌နယ် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်‌‌ရောက်‌ယှဉ်‌ပြိုင်ခဲ့ပါတယ်။

43 seconds Ago

October 19, 2022

ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား ၁၄ ဦး ထွက်ပြေး၊ ၅ ဦး ပြန်ဖမ်းမိပြီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့ အကျဉ်းထောင်ကနေ ကေအိုင်အေတပ်ဖွဲ့အချို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ယောက်  အောက်တိုဘာ ၁၈ ရက် မနက်က ထောင်ဖောက်ပြီး  ထွက်ပြေးရာမှာ ၅ ယောက် ပြန်လည်ဖမ်းမိပြီး တယောက် သေဆုံးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ခန္တီးမြို့နဲ့  ၃ မိုင်အကွာမှာရှိတဲ့ အကျဉ်းထောင်မှာ  မနေ့ မနက်အစောပိုင်း  ၃ နာရီလောက်က အကျဉ်းသားတွေ ထွက်ပြေးလွတ်မြောက်သွားတာပါ။

ဒေသခံတဦးက “မနက် ၃ နာရီလောက် ဖြစ်မယ်။ ကျနော်တို့ သိတာ မနက် ၅ နာရီလောက်မှ သိတယ်။ လက်နက်တချို့လည်း ပါသွားတယ်။ စစ်ကောင်စီတပ်တွေက ခန္တီးမြို့ထဲမှာ ပိတ်ဆို့စစ်ဆေးနေပြီး ကုန်းလမ်း၊ ရေလမ်း အကုန်ပိတ်ထားတယ်” လို့ ပြောပါတယ်။ 

ခန္တီးအကျဉ်းထောင်ကနေ ၁၄ ဦး ထွက်ပြေးခဲ့ရာမှာ ၅ ဦး ပြန်လည်ဖမ်းဆီးခံရကာ ဖမ်းဆီးခံထားရသူတွေထဲက  အကျဉ်းသားတယောက်ကို စစ်ဆေးမြန်းပြီးနောက်မှာ  ခန္တီးပြည်သူ့ဆေးရုံကို ပို့ဆောင်ထားစဉ်  နေ့လယ် ၂ နာရီမှာ သေဆုံးသွားတယ်လို့ ရဲဝန်ထမ်းတဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ အကျဉ်းသားဟာ ဖမ်းဆီးခံရစဉ် ပစ်ခတ်ခံရတာလား စစ်ဆေးစဉ်မှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့တာလားဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

သြဂုတ် ၃၀ ရက်က ဖမ်းဆီးခံရတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင် ၄ ယောက်လည်း အခု ထွက်ပြေးလွတ်မြောက်သွားတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။

အကျဉ်းသားတွေ ထောင်ဖောက်ပြေးမှုဖြစ်ပွားပြီးနောက်  ခန္တီးမြို့မှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက  ပိတ်ဆို့စစ်ဆေးနေပါတယ်။

4 weeks Ago
Up