ရန်ကုန်တိုင်း ခရမ်းမြို့နယ် ဒေးပေါက်ကျေးရွာမှာ ဒီကနေ့ ညနေပိုင်းက ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေးပေါက်ကျေးရွာမှာ ဒီကနေ့ ညနေလေးနာရီဝန်းကျင်က အမည်မသိသေနတ်ကိုင်ဆောင်ထားသူတွေက ကျေးရွာနေသူတဦးကို သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"ရွာမှာ ကျောင်းစောင့်လုပ်တဲ့သူအသတ်ခံရတာ။ ရွာမှာကလေးတွေ ဆန္ဒပြတုန်းက ရဲကို သတင်းပေးခဲ့တဲ့သူ၊ အာ့ကြောင့်အပစ်ခံရတာလား မသိဘူး။"
သေနတ်နဲ့ပစ်ခတ်ခံရသူမှာ ဒေးပေါက်ကျေးရွာရှိ ရွာကျောင်းမှာ ကျောင်းစောင့်အဖြစ်လုပ်ကိုင်နေသူ ဦးနိုင်ဝင်းဆိုသူဖြစ်ပြီး ရွာမှာ စစ်တပ်သတင်းပေးဒလန်တဦးဆိုပြီး သတ်မှတ်ခံထားရသူတဦးဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
"ရွာအဝင်လမ်းမှာ အပစ်ခံရတာ သေနတ်နဲ့ဆက်တိုက်ပစ်သွားတာ ပွဲချင်းပြီးပဲ။ အခုတော့ ရင်ခွဲရုံကိုသယ်သွားပြီ၊ ရွာမှာလည်း စစ်ဆေးနေတယ်။"
ဒေးပေါက်စံပြကျေးရွာမှာ စစ်ကောင်စီတပ်က ကျေးရွာနေသူတွေကို လတ်တလော စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့မှာ နိုဝင်ဘာလ ၁ ရက်မှ ၁၂ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၁၀ကြိမ်ဖြစ်ခဲ့ပြီး ခြောက်ဦးသေဆုံးကာ လေးဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ရိုးကြီးကျေးရွာနဲ့ ခင်တန်းရွာအကြားမှာ အောက်တိုဘာ ၁ ရက် ညပိုင်းက သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဒုရဲအုပ် ၁ ဦးသေဆုံးပြီး ရဲတပ်သား ၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။
ခရမ်းမြို့နယ်က ဒုရဲအုပ်သက်လင်းအောင် နဲ့ ရဲတပ်သားစိုင်းအောင် တို့နှစ်ဦး ဆိုင်ကယ် စီးလာချိန် အမည်မသိအဖွဲ့က သေနတ်နဲ့ ၃ ချက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။
“ဒုရဲအုပ် သက်လင်းအောင်က သေနတ်နဲ့ပစ်ခံရလို့ ပွဲချင်းပြီးသေတယ်။ တပ်သား စိုင်းအောင်ကတော့ ဆေးရုံတင်ထားရတယ်၊ စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ရိုးကြီးကျေးရွာ နဲ့ ခင်တန်းရွာအကြား ပစ်ခံရတာ။”
ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေနတ်နဲ့ပစ်ခံရတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ခရမ်းမြို့နယ် ကျုံတူးကျေးရွာမှာလည်း စက်တင်ဘာ ၁၂ ရက်နေ့က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဟာ နေအိမ်မှာ လမ်းလျှောက်နေစဉ် အမည်မသိအဖွဲ့က သေနတ်နဲ့ ပစ်သတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။