ကြယ်မင်းကြွေခဲ့၊ သခင်မဲ့တာ
သုံးဆယ့်နှစ်နှစ်၊ ကြာပြီဖြစ်လည်း
သစ်ဆဲသူ့ဂုဏ်၊ နိမိတ်ပုံကား
သူငါကြားတွင်၊ ပြိုးပြက်ထင်ဆဲ
ဦးတင်မောင်ဝင်း၊ ဇာနည်မင်းအား
တို့များတတွေ၊ လွမ်းလေသမျှ
သတိရဆဲ၊ အောက်မေ့ဆဲပါတကား။ ။
(၁၈ ဇန်နဝါရီ ၁၉၉၁ အင်းစိန်ထောင်မှာ ကျဆုံးခဲ့)
မြန်မာ့ဒီမိုကရေစီသူရဲကောင်းတဦးဖြစ်တဲ့ ခရမ်းဦးတင်မောင်ဝင်းဟာ စစ်ထောက်လှမ်းရေး လက်ချက်နဲ့ အင်းစိန်ထောင်မှာ ကျဆုံးခဲ့တာ ၃၂ နှစ်ရှိပြီ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ဦးတင်မောင်ဝင်း ကွယ်လွန်တယ်။ ဒါကြောင့် ၂၀၂၃ ဇန်နဝါရီ ၁၈ ရက် ဒီနေ့ဟာ ၃၂ နှစ်ပြည့်ပေါ့။ ဒီလိုပါပဲ။ နွေဦးတော်လှန်ရေးဟာလည်း လာမယ့် ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်မှာ ၂ နှစ်မြောက်ပြီ။
ခရမ်း ဦးတင်မောင်ဝင်းရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ ၈၈၈၈ အရေးတော်ပုံကြီးမှာ ရဟန်းရှင်လူ ကျောင်းသား ပြည်သူ ၃,၀၀၀ ကျော်ကို မဆလစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့အပြီး စစ်အုပ်စု စစ်အာဏာရှင်ဘက်တော်သားမှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့တယ်။ အလားတူ နွေဦးတော်လှန်ရေးမှာလည်း GZ လူငယ်မျိုးဆက်သစ် ဟောင်း ပြည်သူလူထုတွေဟာ လူ ၂,၇၀၀ ကျော်ကို သတ်ထားပြီးဖြစ်တဲ့ အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ ဘက်တော်သား မှန်သမျှကို ပြတ်ပြတ်သားသား တိုက်ထုတ်သွားဖို့တခုတည်း လုပ်မယ်လို့ ပြတ်သားသွားခဲ့ကြတယ်။ ဘာကြောင့် ဒီလို ညီတူပြတ်သားသွားခဲ့ကြပါသလဲ။ ဦးတင်မောင်ဝင်းဟာ ၈၈၈၈ မှာ ရက်စက်ခဲ့ကြတဲ့ မဆလစစ်တပ်ကို တိုက်ဖို့ ပြတ်သားသွားသလို ဒီနေ့လည်း နွေဦးတော်လှန်ရေးသမား ပြည်သူတွေကို ရက်ရက်စက်စက် ဖိနှိပ်ညှဉ်းပန်းနေတဲ့ စစ်ကောင်စီတပ်ကို အပြုတ်တိုက်ဖို့ ပြည်သူတရပ်လုံး ပြတ်သားနေကြပါပြီ။
ခရမ်းဦးတင်မောင်ဝင်းအကြောင်း
(AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်တဲ့ “ရှစ်စက္ကန့်ငြိမ်” စာအုပ်မှ ကူးယူဖော်ပြပါတယ်။)
ခရမ်း ဦးတင်မောင်ဝင်းသည် ရန်ကုန်တိုင်း ခရမ်းမြို့ ဇာတိဖြစ်သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာလ ၂၃ ရက်က အဖမ်းခံရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့ အသက် ၅၁ နှစ်တွင် ကွယ်လွန်သည်။
ခရမ်း ဦးတင်မောင်ဝင်းရဲ့ နိုင်ငံရေးဘဝ
နိုဝင်ဘာ ၂၀ ရက် ၁၉၃၈ ခုနှစ်တွင် မွေးဖွားသည်။ ဦးမြို့ ဒေါ်သန်းရှင်တို့၏သား ဖြစ်သည်။ ခရမ်းမြို့ အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဘာသာရပ်ဆိုင်ရာ အသင်းများ၊ လက်ဝှေ့အသင်း၊ ကလောင်အသင်း၊ ကျောင်းဆောင်နှင့် သဟာယစာဖတ်အသင်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ)၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားညီညွတ်ရေး တပ်ဦးတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သည်။
ဦးနေဝင်း တော်လှန်ရေးကောင်စီ အစိုးရက ကျောင်းသားအခွင့်အရေး၊ ဒီမိုကရေစီရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်လှုပ်ရှားသော ဦးတင်မောင်ဝင်းအား ၁၉၆၃ ခုနှစ် ဒီဇင်ဘာလမှ ၁၉၇၀ ခုနှစ် စက်တင်ဘာလအထိ ၇ နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၁၉၈၈ လူထုလှုပ်ရှားမှုကာလအတွင်း “စစ်ပြီးခေတ် ကျောင်းသားခေါင်းဆောင်ဟောင်းများအဖွဲ့” တွင် ပါဝင် လှုပ်ရှား ဆောင်ရွက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD စတင်ဖွဲ့စည်းချိန်မှစ၍ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီတွင် တာဝန်ပေးအပ်ခြင်း ခံရသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ရွေးကောက်ခံခဲ့ရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။ ဂန္ဒီခန်းမတွင်ပြုလုပ်သည့် လွှတ်တော်ကိုယ်စားလှယ်များ စုံညီအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။
၁၉၉၀ ပြည့် အောက်တိုဘာ ၂၃ ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလအတွင်း ဦးတင်မောင်ဝင်းအား အမိန့်ချမှတ်ချိန်တွင် အလွန် နာမကျန်းဖြစ်နေသည့် အတွက် ခုံရုံးသို့ မတက်ရောက်နိုင်ခဲ့ပေ။
ဖမ်းဆီးခံရချိန်မှ ကွယ်လွန်သည့်အချိန်အထိ မိသားစုနှင့်လည်းကောင်း၊ လုပ်ဖော်ကိုင်ဘက် ရဲဘော်များနှင့်လည်းကောင်း ဆက်သွယ်ခွင့်မရခဲ့။
ခရမ်း ဦးတင်မောင်ဝင်း ကျဆုံးပုံ
သူသည် အင်းစိန်ထောင်အတွင်းတွင် ဝမ်းကိုက်ရောဂါ ခံစားနေရသည်။ ထိုအကြောင်းကို မိသားစုက စုံစမ်းသိရှိရသောအခါ ဆေးဝါးများပေးပို့ရန် ကြိုးပမ်းဆက်သွယ်ခဲ့သော်လည်း အာဏာပိုင်များက ခွင့်မပြုပါ။ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် အင်းစိန် အကျဉ်းထောင်၌ ကွယ်လွန်သည်။ ကွယ်လွန်ပြီး နောက်တနေ့တွင် အာဏာပိုင်များက မိသားစုအား အကြောင်းကြားခဲ့သည်။ မိသားစုက ရုပ်အလောင်းကို ကြံတောသုသာန် အအေးတိုက်တွင် သွားရောက်ကြည့်ရှုခွင့်ရသည်။ ထောင်အာဏာပိုင်များက မိသားစုအား ဦးတင်မောင်ဝင်းသည် “သွေးကင်ဆာ” ရောဂါဖြင့် ကွယ်လွန်ကြောင်း ပြောကြားခဲ့သည်။
ကြယ်ကြွေတာ
ကင်ဆာတဲ့လား
ကင်ဆာကို တိုက်ဖျက်ကြ။ ။
(ဦးတင်မောင်ဝင်း ဈာပနပန်းခွေပါ ကဗျာ)
အာဟာရပြတ် ဆေးကုခွင့်မရ နှိပ်စက်ဒဏ်ကြောင့် ကွယ်လွန်ခဲ့
မှတ်ချက်။ ။ ဝမ်းကိုက်ရောဂါ ဖြစ်နေစဉ် ဆေးကုသခွင့် မရခဲ့ဟု ယုံကြည်ရသည်။ အာဟာရ ပြတ်ပြီး ကွယ်လွန်ခဲ့ခြင်းကြောင့် ဦးတင်မောင်ဝင်း ရုပ်အလောင်းမှာ အရိုးပြိုင်းပြိုင်း ဖြစ်နေသည်ကို မိသားစုက ကြေကွဲစွာ တွေ့မြင်ခဲ့ရသည်။ မျက်ခုံးနှစ်ခုကြားတွင်လည်း အသားနှစ်ခုကွဲနေသည့် ဒဏ်ရာကို တွေ့ရသည်။ ဦးတင်မောင်ဝင်းသည် ကျောက်ကပ်ရောဂါ ဖြစ်ခဲ့ဖူးသောကြောင့် လစဉ် ဆီး သွေး စစ်ဆေးနေရသူ ဖြစ်သည်။ သွေးစစ်ချက်အဖြေများ ကောင်းမွန်နေသူတဦးသည် ၃ လ မပြည့်မီ ကာလအတွင်း “သွေးကင်ဆာ” ဖြင့် သေဆုံးရသည်ဆိုသော အာဏာပိုင်များ၏ ပြောကြားချက်မှာ သံသယရှိဖွယ် ဖြစ်သည်။
ဦးတင်မောင်ဝင်းရဲ့ ရဲရဲတောက် ၉၀ ရွေးကောက်ပွဲမိန့်ခွန်း
အခုကာလဟာ NLD က အပြတ်အသတ် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်ကောင်စီ အာဏာသိမ်းထားတဲ့ကာလ ဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကိုတောင် အကောင်အထည် မဖော်ရသေးပါဘဲလျက် နောက်ထပ် ၂၀၂၃ ရွေးကောက်ပွဲလုပ်ဖို့ အာဏာသိမ်းစစ်ကောင်စီက အဓမ္မ ပြင်ဆင်နေတဲ့ကာလ ဖြစ်တယ်။ ဒီကာလမှာ ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၃၂ နှစ်ပြည့်နဲ့ တိုက်ဆိုင်နေတာကြောင့်လည်း ပိုသတိရစေပါတယ်။ ဦးတင်မောင်ဝင်းဟာ ၁၉၉၀ မေ ၂၇ ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂ ကနေ အနိုင်ရခဲ့သူပါ။ ၉၀ ရွေးကောက်ပွဲကာလ မဲဆွယ်ပွဲတွေမှာ ဦးတင်မောင်ဝင်း ပြောခဲ့တာတွေကို ခရမ်းအမတ်တဦးဖြစ်တဲ့ ဦးကျော်သွင်က အခုလို ရေးသားခဲ့ပါတယ်။
“အံ့သြစရာကောင်းတာတခုက ဦးတင်မောင်ဝင်းရဲ့ အစ်ကိုကြီး ဦးဇော်ဝင်း (ဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံတော်လုံခြုံရေးကော်မတီဝင်က ဦးနေဝင်းရဲ့ စစ်တပ်က စစ်အာဏာရှင်တဦး။ ညီဖြစ်သူ ဦးတင်မောင်ဝင်းက စစ်အာဏာရှင်ကို အချိန်ရသရွေ့ တိုက်ပွဲဝင်နေသူ။ သူတို့ ၂ ဦး ၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှာ ယှဉ်ပြိုင်အရွေးခံရခြင်းပဲ ဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းက ပြည်သူတွေရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကဖြစ်ပြီး သူ့အစ်ကိုကြီး ဦးဇော်ဝင်းကတော့ မဆလ တဖြစ်လဲ တစညပါတီက ဖြစ်တယ်လေ။ အဲဒီတုန်းက ဒီမိုကရေစီသမား ဦးတင်မောင်ဝင်းက စစ်အာဏာရှင်တဖြစ်လဲ ဦးဇော်ဝင်းကို အနိုင်ယူခဲ့တယ်လေ။
ကျနော်နဲ့အတူ မဲဆွယ်စည်းရုံးပွဲတွေမှာ သူ့ပြည်သူနဲ့ သူ့ဆွေမျိုးသားချင်းတွေကို ရှင်းပြချက်က မှတ်သားစရာအပြည့်ပါ။ မက္ကသံ ဆိုတဲ့ ရွာကြီးမှာ ဦးတင်မောင်ဝင်းက -
“ဦးဇော်ဝင်းဟာ ကျနော့်အစ်ကိုကြီး၊ အဖေဆုံးသွားပြီးတဲ့နောက် ကျနော့်ကို အစစအရာရာ သွန်သင်ဆုံးမ စောင့်ရှောက်ခဲ့လို့ ကျနော့်ဖခင်ဆိုလည်း မမှားပါဘူး။ ကျနော် တခါ သေကောင်ပေါင်းလဲ ဖြစ်တဲ့အခါမှာ စင်ကာပူကဆေးတွေမှာပြီး ကျနော် ရောဂါပျောက်အောင် ကုပေးလို့ ကျနော့် အသက်သခင် ကျေးဇူးရှင်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ အခု ဒီမိုကရေစီ အရေးတော်ပုံတိုက်ပွဲမှာ အစ်ကိုကြီးတမျက်နှာတည်း မကြည့်နိုင်ဘူး။ အစ်ကိုကြီးရဲ့ ကျေးဇူးတွေကို နောက်ဘဝပြောင်းပြီး ဆယ်သက်ဆပ်ရဦးတော့ ကျနော်ဆပ်မယ်။ အခုအချိန်မှာတော့ ဒီမိုကရေစီလိုလားတဲ့ သန်း ၅၀ မြန်မာပြည်သူတွေရဲ့ မျက်နှာကိုပဲ ကျနော် ကြည့်နိုင်မယ်။
၁၉၆၂ စစ်တပ်က ပြည်သူ့အာဏာကို သိမ်းလိုက်တော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ ရေမြောင်းကလေး ခြားသွားပါပြီ။ အဲဒီအချိန်က ခုန်ကူးမယ်ဆို ကူးလို့ရနိုင်လောက်တဲ့ အကျယ်၊ ရေတသွင်သွင်နဲ့ စီးနေတဲ့မြောင်း။ ဒါပေမဲ့ ဆဲဗင်းဇူလိုင် အရေးအခင်းကြီး အပြီးမှာတော့ ခုန်ကူးလို့မရတော့ဘဲ မြောင်းကြီး ဖြစ်သွားပါပြီ။ အဲဒီနောက် ၇၂ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ အလုပ်သမား အရေးတော်ပုံ၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းတွေ အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်ကြားမှာ မြောင်းကြီးကနေ ချောင်းကြီး၊ မြစ်ကြီး၊ ပင်လယ်ကြီး ခြားသွားပါပြီ။
အခု ရှစ်လေးလုံး အရေးတော်ပုံကြီး အပြီးမှာတော့ အစ်ကိုကြီးနဲ့ ကျနော့်အကြား သွေးပင်လယ်ကြီး ခြားသွားပါပြီ။ ဦးမြို့ (ဖခင်)၊ ဒေါ်သန်းရှင် (မိခင်) တို့ရဲ့ တအူထုံ့ဆင်း ညီအစ်ကိုအရင်းတွေ ဖြစ်ကြပေမဲ့ အစ်ကိုကြီးနဲ့ ကျနော်တို့ဟာ ဘယ်တော့မှ မဆုံနိုင်စရာ သွေးပင်လယ်ကြီး၊ ကျောင်းသား ရဟန်း ပြည်သူတွေရဲ့ သွေးပင်လယ်ကြီး ခြားသွားပါပြီ”။ ပြီးတော့ “ကျနော့်ရဲ့ဘဝ၊ ကျနော့်ရဲ့အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ် ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်အရိုး ရှိနေရပါစေမယ်” တဲ့။
ဦးတင်မောင်ဝင်းစကား သွေးပင်လယ်ခြား ပြည်သူနဲ့စစ်တပ်
လွန်ခဲ့တဲ့ ၃၂ နှစ်က ဦးတင်မောင်ဝင်း ပြောခဲ့သလိုပဲ အခုအချိန်မှာလည်း ပြည်သူလူထုနဲ့ စစ်ကောင်စီစစ်တပ်အကြား သွေးပင်လယ်ကြီး ခြားနေပါပြီ။ NLD အဖွဲ့ဝင်တွေကိုဖမ်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းလိုက်ပြီး အာဏာသိမ်းလိုက်တဲ့အခါ ပြည်သူလူထုတွေ၊ လူငယ်တွေ၊ တိုင်းရင်းသားတွေ၊ ဝန်ထမ်းတွေက ငြိမ်နေမယ်လို့ စစ်ကောင်စီက ထင်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြုပြီး အာဏာသိမ်းလိုက်တာကိုက ပြည်သူနဲ့စစ်တပ်ဟာ မြောင်းလေးခြားသွားပါပြီ။ နောက်ပိုင်းမှာ အာဏာသိမ်းတာကို ကန့်ကွက်ဆန္ဒပြတဲ့အခါ ခေါင်းတွေကို စနိုက်ဘာတွေနဲ့ ပစ်သတ်ဖမ်းဆီးအပြီး ပြည်သူနဲ့ စစ်တပ်ဟာ ခုန်ကူးလို့ မရတော့တဲ့ မြောင်းကြီး ခြားသွားပါပြီ။ နောက်ပိုင်း ဆန္ဒပြသူတွေကိုဖမ်းပြီး ညတွင်းချင်း သတ်ပစ်ခဲ့တယ်။ မနက်ကို အလောင်းပြန်ပေးတာတွေ များလာတယ်။ စစ်ကြောရေးမှာ မုဒိမ်းကျင့်တာတွေ၊ နှိပ်စက် သတ်ပစ်တာတွေ များများလာပြီးချိန်၊ ရွာတွေ မြို့တွေကို မီးရှို့ဖျက်ဆီးအပြီးမှာတော့ စစ်တပ်နဲ့ ပြည်သူလူထုဟာ သွေးပင်လယ်ကြီး ခြားသွားပါပြီ။
ဒါကြောင့်လည်း ခရမ်း ဦးတင်မောင်ဝင်း ပြောခဲ့သလို “ကျနော့်တို့ရဲ့ဘဝ၊ ကျနော့်တို့ရဲ့ အသက်ကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေးအပ်ပါတယ်။ တကယ်လို့များ မြန်မာပြည် ဒီမိုကရေစီရရှိဖို့ အရိုးတွေ တောင်လိုပုံမယ်ဆိုရင် အရိုးပုံရဲ့ အောက်ဆုံးနေရာမှာ ကျနော့်တို့အရိုးတွေ ရှိနေရပါစေမယ်” လို့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင် မြန်မာပြည်သူလူထုကြီးက ပြောနေကြပါပြီ။
သမိုင်းဝင် နွေဦးတော်လှန်ရေးကြီး ၂ နှစ်ပြည့်တော့မယ်။
ဒီမိုကရေစီသူရဲကောင်း ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခဲ့တာလဲ ၃၂ နှစ်ပြည့်ပါပြီ။ သတိရဆဲ။ လွမ်းဆဲ။ ဂုဏ်ယူနေဆဲ။ အလေးပြုနေဆဲပါ။ ။
ဘဝအသက်၊ ပေးဆက်ခဲ့သည်
ပြည်သူ့အတွက်၊ ရှေ့ထွက်ခေါင်းဆောင်
ဦးတင်မောင်ဝင်း၊ ကြယ်မင်းကြွေခဲ့
သုံးဆယ့်တနှစ်၊ ကြာပြီဖြစ်လည်း
ရင်ထဲ ထာဝရရှိနေသူပါ။ ။
ခရမ်း ဦးတင်မောင်ဝင်း အင်းစိန်ထောင်မှာ ကွယ်လွန်(ကျဆုံး)ခဲ့ရတာ ဒီနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်မှာ ၃၁ နှစ် ပြည့်ပါပြီ။ နှစ်စဉ် ဒီနေ့ရက်ရောက်တိုင်း ရန်ကုန်၊ တာမွေမြို့နယ်၊ ဗိုလ်စိန်မှန်ရပ်ကွက် နေအိမ်မှာ နှစ်ပတ်လည် ဆွမ်းကျွေးပွဲ ပြုလုပ်ပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် (အကျယ်ချုပ်ကျမနေဘဲ) အပြင်မှာ လွတ်လွတ်လပ်လပ် ရှိနေချိန်တိုင်းမှာ တက်ရောက်ပါတယ်။ ဒါဆိုရင် ဒီနှစ်ကတော့ ဦးတင်မောင်ဝင်းအတွက် ဆွမ်းကျွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် မတက်ဖြစ်မှာ သေချာတာပေါ့။
၂၀၁၂ ခုနှစ်က ၂၁ နှစ်မြောက် ဦးတင်မောင်ဝင်း နှစ်ပတ်လည်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒီတုန်းကဆို အောင်ဆန်းစုကြည်က “ရဲဘော်ရဲဘက်တွေ အချင်းချင်း တဦးနှင့်တဦး သစ္စာတွေ မေတ္တာတွေ ထားပြီး အလုပ်လုပ်လာကြတာပါ၊ အဲဒါကြောင့် အခုအထိ ကျမတို့ ရပ်တည်နိုင်တာပါ၊ ကျမတို့ကို ထောက်ခံတဲ့သူတွေကို အမြဲပဲ ကျေးဇူးတင်ပါတယ်” လို့ နှစ်ပတ်လည်ပွဲကို ရောက်ရှိလာတဲ့ ပရိသတ်တွေနဲ့ ပြည်တွင်း ပြည်ပ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
ဦးတင်မောင်ဝင်း(ခရမ်း) ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့ရပြီးနောက် စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက် ထောင်သွင်း အကျဉ်းကျခံရပြီး ထောင်တွင်း လပိုင်းပဲ နေခဲ့ရပြီး ရုတ်တရက် သွေးကင်ဆာရောဂါနဲ့ သေဆုံးသွားပြီလို့ အာဏာပိုင်တွေဘက်က မိသားစုဝင်တွေကို အင်းစိန်ထောင်အထိ ခေါ်ယူ အကြောင်းကြားခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးတင်မောင်ဝင်း(ခရမ်း)ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကွယ်လွန်ခဲ့လို့ အခု ၂၀၂၂ ခုနစ် ဇန်နဝါရီလ ၁၈ ရက်နေ့ဟာ ၃၁ နှစ်ပြည့်မြောက်တဲ့နေ့ပဲ ဖြစ်ပါတယ်။
ခရမ်းဦးတင်မောင်ဝင်းအကြောင်း (ဝီကီပီးဒီးယားမှ)
ဦးတင်မောင်ဝင်းသည် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ခရမ်းမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခိုင်လုံမဲ (၁၇၄၂၈) မဲ၊ စုစုပေါင်း မဲရာခိုင်နှုန်း (၆၀.၄၃) ဖြင့် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသည်။ ခရမ်းမြို့ ဇာတိ ဖြစ်သည်။ ၁၉၄၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ဖွား ဖြစ်သည်။ ဦးမြို့၏သား ဖြစ်သည်။ ဦးတင်မောင်ဝင်းသည် ခရမ်းမြို့ အစိုးရအထက်တန်းကျောင်း၊ ရေကျော် မက်သဒစ်နှင့် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်းတို့တွင် ဆယ်တန်း အောင်မြင်သည်အထိ ပညာသင်ကြားခဲ့ပြီးနောက် ၁၉၅၇ - ၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။
ခရမ်းမြို့နယ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ် ခရမ်းမြို့နယ်အသင်း၊ ဟံသာဝတီ ခရိုင်အသင်း၊ ကလောင်ရှင်အသင်း၊ သဟာယနှင့်စာဖတ်အသင်းများတွင် ရှေ့တန်းက ပါဝင်၍ ဗကသများအဖွဲ့ချုပ်နှင့် တကသအဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေးတပ်ဦး တွဲဖက်အတွင်းရေးမှူးနှင့် သဘာပတိအဖွဲ့ဝင်၊ ၁၉၆၂ ခုနှစ်၊ ဇူလိုင် အရေးအခင်းတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားအခွင့်အရေးကာကွယ်မှု တိုက်ပွဲကော်မတီ ဥက္ကဋ္ဌ၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၀ ပြည့်နှစ်အထိ လုံခြုံရေး ပုဒ်မ (၅) ဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရကာ ထောင် ၇ နှစ် ကျခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ခရမ်းမြို့နယ်ရှိ မိသားစုပိုင် ဆန်စက်တွင် မန်နေဂျာအဖြစ် လုပ်ကိုင်ခဲ့သည်။
၁၃၅၀ ပြည့် (၁၉၈၈ ခုနှစ်)၊ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂဝင်ဟောင်းများ ကော်မတီတွင် ပါဝင်လှုပ်ရှားခဲ့သည်။ အရေးတော်ပုံကြီးအပြီး နိုင်ငံရေးပါတီများ ဖွဲ့စည်း တည်ထောင်သောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပါဝင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း စည်းအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဦးတင်မောင်ဝင်းသည် ဦးမောင်ကိုနှင့် သူငယ်ချင်း ဖြစ်သည်။ ခရမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦတင်မောင်ဝင်းနှင့် ယှဉ်ပြိုင်ဘက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးဇော်ဝင်း (အငြိမ်းစားဗိုလ်မှူးကြီး ဇော်ဝင်း) မဆလခေတ် နိုင်ငံတော်ကောင်စီဝင်ဟောင်း၏ ညီအရင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဖမ်းဆီးထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး နဝတ စစ်ထောက်လှမ်းရေးများ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ထောင်တွင်း၌ သေဆုံးသွားခဲ့သည်။
“ထောင်တွင်း ကျဆုံးသူများ”
ကျန်းမာရေးကောင်းလျက်သား ခေါင်းဆောင်တွေဟာ အဲဒီအချိန်က ထောင်တွင်း အစာအဟာရ၊ နှိပ်စက်မှုနဲ့ ဆေးဝါးကုသမပေးတာတွေကြောင့် ကျဆုံးခဲ့ကြရတာပါ။ ဒီလို အသက်ပေးခဲ့ရသူတွေထဲမှာ ခရမ်းဦးတင်မောင်ဝင်းနဲ့တကွ စာရေးဆရာ မောင်သော်က၊ ဦးအောင်မေသု၊ ဦးမောင်ကို၊ ဦးခင်မောင်မြင့်၊ ဦးညိုဝင်း၊ ရန်ကြီးအောင်စိန်ဝင်း၊ ကိုသက်ဝင်းအောင်၊ ဦးသိန်းတင်၊ မုံရွာတင်ရွှေနဲ့ ဗိသုကာဦးကျော်မင်းတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်ရှိပါရဲ့။ ထောင်တွင်း အသက်ဆုံးခဲ့ရသူတွေအကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာမောင်ဝံသက ခုလို ရေးခဲ့တယ်။
“နိုင်ငံရေးအကျဉ်းသား ဦးခင်မောင်မြင့်၊ ရန်ကြီးအောင်ကိုစိန်ဝင်း၊ မုံရွာတင်ရွှေ၊ မောင်သော်က၊ ခရမ်းကိုတင်မောင်ဝင်း၊ ရန်ကုန်တိုင်း ဦးသိန်းတင်(တင်သိန်းမောင်)၊ ဗိသုကာဦးကျော်မင်းတို့ကို မြင်ယောင်နေမိတယ်။ ရန်ကြီးအောင်စိန်ဝင်းဟာ တွဲဘက်ထောင်မှာ ကျွန်တော့်ရှေ့မှာတင် အသည်းရောဂါနဲ့ မရှူနိုင်မကယ်နိုင်အချိန်ကျမှ ဆေးရုံပို့တယ်။ ခရမ်းကိုတင်မောင်ဝင်းက ရေကြည်အိုင်မှာ ကျွန်တော်တို့ အတူနေရစဉ်ကတည်းက သွေးဝမ်းတွေ သွားနေပြီ။ အင်းစိန်ထောင် ရောက်တော့ ဗိသုကာဦးကျော်မင်းရယ်၊ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ် တခန်းတည်း နေကြရသေးတယ်။ အဲဒီအချိန် ကိုတင်မောင်ဝင်း မလှုပ်နိုင်လောက်အောင် ဖြစ်နေပါပြီ။ ကျွန်တော် သူ့ကို ကျောတွေ ပေါင်တွေတက် တက်နင်းပေးတယ်။ ဒီလိုနဲ့ သူအကြောတွေ တက်နေတာ သက်သာရာနည်းနည်းရသပေါ့။ သုံးယောက်ပေါင်းက တနေ့နဲ့ တညလုံး ထုတ်ထားတဲ့ ချေးခွက် သေးခွက် ဂန်ဖလားတွေကို မနက်စောစော မိလ္လာချချိန်မှာ ကျော်မင်းနဲ့ ကျွန်တော်က အပြင်မှာ သွားသွန်ကြရတယ်။ ရေမလုံလောက်လို့ သေချာမဆေးနိုင်တဲ့ ဂန်ဖလားတွေ ပြန်သွင်းလာရတယ်။ ရက်အတော်ကြာတော့ ကျွန်တော်တို့ကို လူချင်းခွဲ တနေရာစီ တခန်းစီထားတယ်။ ကိုတင်မောင်ဝင်းကို တနေ့မနက်မှာ ထမ်းစင်ကြီးနဲ့တင်ပြီး ထောင်ဆေးရုံပို့တယ်။ မကြာပါဘူး။ ဆုံးသွားပြီလို့ သတင်းကြားရပါတယ်။ ဆရာမောင်သော်ကကို ၁၉၉၁ အင်းစိန်ထောင်မကြီးမှာ သူက ၂ တိုက်၊ ကျွန်တော်က ၃ တိုက်မှာရှိကြစဉ် ဆရာ ရေချိုးထွက်တာကို လှမ်းနှုတ်ဆက်လိုက်ရသေးတယ်။ နေ့လယ်ကျတော့ ဦးနှောက်သွေးကြောပြတ်လို့ ဆေးရုံပို့ လိုက်ပြီတဲ့။ နောက်နေ့ကျတော့ ဆုံးသွားပြီတဲ့။ ၁၉၉၆ မှာ ကျွန်တော်တို့ ပုဒ်မ ၁၀(က) နဲ့ ပြန်ဝင်ရတော့ တွဲဘက်ထောင် ကျွန်းတိုက်မှာ အတူနေတဲ့ထဲက ကိုတင်သိန်းမောင် အသည်းရောဂါနဲ့ အချိန်လွန်မှ ဆေးရုံတင်လို့ ဆုံးရှာတယ်။ ဗိသုကာဦးကျော်မင်းလည်း ဆေးရုံတင်ပြီး ကုလို့မရတဲ့ အခြေအနေရောက်တော့ ပြန်လွှတ်ပေးတယ်။ အပြင်မှာ ဆုံးသွားတယ်။”
ဒါက ဆရာမောင်ဝံသရဲ့ ဦးတင်မောင်ဝင်း အပါအဝင် ထောင်တွင်းကျဆုံးခဲ့သူတွေအကြောင်း ရေးသားထားချက်ကို ပြန်လည်ဖော်ပြတာပါ။ ဒီနေ့ နွေဦးတော်လှန်ရေးကာလမှာတော့ ဦးတင်မောင်ဝင်းတို့ထက် အဆမတန်ဆိုးတဲ့ နှိပ်စက်မှုတွေ ခံနေကြရပါပြီ။ နေ့ခင်း ဖမ်းသွားပြီး ညတွင်းချင်း သေဆုံးသွားတာတွေ။ စစ်ကြောရေးမှာ သေကြရသူတွေဟာ အရမ်းများနေပါပြီ။ ဒီနေရာမှာ အလျဉ်းသင့်လို့ ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၂၁ နှစ်ပြည့် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
ကြာခဲ့ပါပြီ။
နှစ် နှစ်ဆယ်ကာလခရီး
ခါးဆည်းပြီး လျှောက်ခဲ့သည်။
အဖြစ်သနစ်တွေက
နှစ်နှစ်တွေ အခါခါပြောင်းသော်လည်း
အသစ်အသစ်သာ ထင်လာမဟောင်းနိုင်ဘု။
အပင်ကိုချိုင်
အခက်အလက်တွေ ဖြိုင်ဖြိုင်ထွက်သလိုပ
ဖြေရခက်ကြီး။
တခါခံ နှစ်ခါခံ
အသာစံ တကြိမ်ကြုံစမြဲမို့ အားခဲလို့ ရှေ့ကိုဆက်
မျှော်လင့်ချက်ခရီး ။ ။
ဒါကတော့ ခရမ်းဦးတင်းမောင်ဝင်းရဲ့ ၂၁ နှစ်မြောက် ကွယ်လွန်နှစ်ပတ်လည် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေး ဖြစ်ပါတယ်။
ဒီဆောင်းပါး အမှတ်တရစာစု ရေးနေချိန်မှာတော့ (နှစ်သုံးဆယ်ကာလခရီး ခါးဆည်းပြီး လျှောက်ခဲ့ ကြသည်။) လို့ ရေးဖွဲ့ကြရတော့မှာပေါ့။ ဒီကဗျာလေးကို ဖိတ်စာမှာထည့်ဖို့ ဘယ်သူရေးသလဲ မသိပေမဲ့ ဦးတင်မောင်ဝင်းရဲ့ဇနီး စာရေးဆရာမ ခင်လှိုင်ကြူ ရေးတာ ဖြစ်နိုင်ပါတယ်။ ကျနော် ထင်တာ မလွဲရင်ပေါ့။
ဆရာမကြီး ခင်လှိုင်ကြူဟာ သူ့ခင်ပွန်းအတွက် ရင်ကဖြစ်လာတဲ့ ကဗျာတွေ စပ်ခဲ့သလို ဦးတင်မောင်ဝင်းအကြောင်းကို “လွမ်းလေသမျှ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိရေးအတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သူတယောက်အကြောင်း” စာအုပ်ရေးခဲ့ပါတယ်။ ဒီစာအုပ်ခေါင်းစဉ် “လွမ်းလေသမျှ”ကို ကဗျာဆရာကြီး ဦးတင်မိုးရဲ့ “ခွပ်ဒေါင်းရဲဘော်” ကဗျာရဲ့ အဆုံးသတ် လွမ်းလေသမျှ ပန်းခွေချ၍ ဂုဏ်ပြုရလိမ့်တကား စာသားကို ယူထားတာပါ။
“ခွပ်ဒေါင်းရဲဘော်”
(ခရမ်း ကိုတင်မောင်ဝင်း သို့ … )
ကြီးမြတ်သော စိတ်ထား
ကြံ့ခိုင်သော မာန်အားနှင့်
သင်ကား ဘဝပြောင်းခဲ့ပြီ။
ကြွေရှာလေ တရွက်နှစ်ရွက်
မြေမှာလေ သက်ခဲ့ရ
ဖြေစရာ အကွက်မမြင်သာ
ရင်နာဖွယ် ကြုံရသည်။
ခွပ်ဒေါင်းအလံ သင်ကိုင်၍
တို့နိုင်ငံ အလင်းရောင်ရစေဖို့
သင့်ဘဝ မြှုပ်ခဲ့သည်
ဇာနည်ကွဲ့ ယောကျ်ား။
ကိုယ်ကျိုးစွန့်၍ သေခြင်းကား
မြင့်မြတ်သော သေခြင်းဖြစ်၍
ထွန်းသစ်သော သင့်ဂုဏ်ရောင်
တို့ခေတ်ကို အလင်းဆောင်လိမ့်
အောင်ပွဲတွေ တသီတတန်းနဲ့
လွမ်းလေသမျှ
ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။
( တင်မိုး)
(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်)
(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)
ဦးတင်မောင်ဝင်းနဲ့ ပတ်သက်တဲ့ စာကဗျာတွေထဲမှာ ကင်ဆာ ဆိုတာကလည်း ထင်ရှား သိမှတ်နေတတ်ကြပါတယ်။ ရုတ်တရက် သေနိုင်တဲ့ ရောဂါမျိုးမရှိပဲ ထောင်တွင်းမှာ အရိုးအပြိုင်းပြိုင်းနဲ့ ကွယ်လွန်သွားပြီးမှ ကင်ဆာကြောင့်လို့ ထောင်ဆရာဝန်က အမည်တပ်ခဲ့ပါတယ်။ ဒါကို ဈာပနပန်းခွေမှာ အောက်ပါအတိုင်း ရေးသားဖော်ပြပြီး မကျေနပ်ကြောင်း ဆန့်ကျင်ကြောင်းပြခဲ့ကြပါတယ်။
လူကို သတ်တာ
ကင်ဆာတဲ့လား
ကင်ဆာ ကျဆုံးပါစေ။ ။
ဦးတင်မောင်ဝင်းဟာ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တဦးပါ။ ရန်ကုန်တိုင်း တာဝန်ခံပါ။ NLD အာဏာရချိန်မျိုးမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်တာဝန်အထိ ဖြစ်လာနိုင်သူလို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားအထားရသူ တယောက်လည်း ဖြစ်တာကိုး။ ပြီးတော့ သူက သမ္မတကြီး ဦးဝင်းမြင့်တို့ ကရင်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်တို့လို “ငါ့ကို သတ်ရင်သတ် ယုံကြည်ချက်ကိုတော့ မစွန့်လွှတ်ဘူး” ဆိုတဲ့သူ။ ဒါကြောင့်လဲ NLD အမာ ခေါင်းဆောင်လို့ ယူဆပြီး ခင်ညွန့်ထောက်လှမ်းရေးက သူ့ကို ပညာပါပါ ရက်ရက်စက်စက် သတ်ပစ်ခဲ့တာပါ။ သမိုင်းဝင်စကားတွေထဲမှာ ဦးတင်မောင်ဝင်း သေတော့ ဦးတင်မောင်ဝင်းရဲ့ အစ်ကိုဖြစ်သူ တစည ပါတီက ဗိုလ်မှူးကြီးဇော်ဝင်းကို ဗိုလ်ချုပ်မှူးကြီးစောမောင်က “ကိုဇော်ဝင်းရေ လက်လွန်သွားတယ်ကွာ။ ဆောရီးပဲ” လို့ ပြောခဲ့ပါတယ်။ ဗိုလ်မှူးကြီးဇော်ဝင်းကလည်း “ကျုပ်ညီဟာ ခံရမယ်ဆိုတာ သိပါတယ်။ ဒီလောက် ဒီလို အခြေအနေကြီးနဲ့ ဆိုးဆိုးဝါးဝါး သေရလိမ့်မယ်လို့တော့ မတွေးခဲ့မိဘူး။” လို့ သံဝေဂနဲ့ ပြောသွားခဲ့ဖူးပါတယ်။
တချို့က ပြောကြတယ်။ ဆဲဗင်းဂျူလိုင်အကြောင်း၊ ဆလိုင်းတင်မောင်ဦးအကြောင်း၊ နီအောင်မေသု၊ ရန်ကြီးအောင်စိန်ဝင်း၊ မောင်သော်က၊ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်းအကြောင်း စတာတွေ ရေးပြီး ဘာလို့ ချေးခြောက်ရေနှူး နေကြရတာလဲတဲ့။ ဟောင်းခဲ့ပြီတဲ့။ ကျွန်တော်တို့ မမေ့နိုင်သူတွေကတော့ နှစ်စဉ် နှစ်တိုင်း ဖော်ပြ ရေးပြနေကြရတာဟာ မတရားလုပ်ခဲ့ကြပြီးမှ နှိပ်စက်သူ လူသတ်သမား တရားခံ စစ်အာဏာရှင်ဟာ သူ မလုပ်ခဲ့သလို ပုံဖော်နေတာကို မီးမောင်းထိုးလိုတာ ဖြစ်ပါတယ်။
အခုဆိုရင်တော့ ပိုရှင်း ပိုထင်းလာနေပါပြီ။ ဦးတင်မောင်ဝင်းတို့ကို ဖမ်း နှိပ်စက် သေစေခဲ့သလို နွေဦးတော်လှန်ရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ၁ နှစ်နီးပါးအတွင်း သတ်ခဲ့တာ ၁၄၈၃ ယောက် ရှိသွားခဲ့ပါပြီ။ ခရမ်း ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၃၁ နှစ်ပတ်လည် ဒီနေ့မှာ နောင်တော် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေနဲ့ ကျဆုံးခဲ့သူတွေအတွက် နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အထိ ပြည်တွင်း ပြည်ပ ပြည်သူလူထုကြီးက လူအား ငွေအား အကြံဉာဏ်အား ပညာအား စိတ်ဓာတ်အားတွေ အစွမ်းကုန်သုံးပြီး တိုက်ပွဲဝင်ကြပါတော့လို့ တိုက်တွန်းလိုက်ပါရဲ့ခင်ဗျာ။
မောင်တူး