ယူကရိန်းအရှေ့ဘက်ရှိ လူအများအပြား စုပြုံခိုလှုံနေတဲ့ ခရာမာတော့ခ်မြို့ ဘူတာရုံကို ဧပြီ ၈ ရက်နေ့က ရုရှားတို့ ဒုံးကျည်ပစ်ခဲ့တာကြောင့် လမ်းပေါ်မှာ ကားတွေမီးလောင်ပြီး လူတချို့ သွေးအိုင်ထဲ လဲကျနေတဲ့ ဗွီဒီယိုကို မနေ့က ယူကရိန်းရုပ်သံတခုမှာ ပြသခဲ့ပါတယ်။
မီးသတ်သမားတွေက မီးလောင်နေတဲ့ကားကို လာရောက် မီးငြှိမ်းသတ်ခဲ့တာပါ။ အိမ်မွေးတိရစ္ဆာန်လေး ဘူတာရုံထဲ သယ်လာသူရဲ့ သွေးစွန်းခြေရာတွေက ပြန့်နေတာပါ။ လူတွေက သူတို့အိတ်တွေ ပလက်ဖောင်းပေါ် ထားပြီး အဆောက်အဦထဲ အတင်းတိုးနေတာပါ။
မြို့တော်ဝန်ပြောပြမှုအရ ဘူတာရုံမှာ လူ ၄ ထောင်လောက် စုနေခဲ့ပြီး ၅၂ ဦး သေဆုံး၊ ၁၀၀ ကျော် အပြင်းအထန် ဒဏ်ရာရခဲ့ပါတယ်။ ခရာမာတော့ခ် တမြို့လုံးမှာ လူ ၆ သိန်းနီးပါး ရှိခဲ့ပြီး အခု ၆ သောင်းလောက်ပဲ မြို့ထဲမှာ ကျန်ရှိပါတယ်။