စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့ ခရိုင်ရုံးနဲ့ ဝန်ထမ်းအိမ်ရာတို့မှာ ဩဂုတ် ၂၆ ရက်နေ့ ည နေ ၄ နာရီဝန်းကျင်လောက်က ဗုံးနှစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရိုင်ထွေအုပ်ရုံးမှာနေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးက “ကျနော်တို့ ပထမကားဘီးပေါက်တာလို့ ထင်နေတာ။ နောက်တော့ လက်ပစ်ဗုံးနဲ့ အပစ်ခံရလို့ဆိုတာ သိရတာ။ ရုံးအတွင်း အပစ်ခံရတာလိုတော့ ပြောကြတာပဲ။ အထိခိုက်အပျက်စီးကတော့ မရှိဘူးရယ်။ ခဏတော့ ခရိုင်ရုံးပေါက်ကွဲပြီး ရှေ့ဆင့်နောက်ဆင့်ပဲ ဝန်ထမ်းအိမ်ရာဘက်ပေါက်တယ်။ အဲတာကတော့ ခြံစည်းရိုးဘေးမှာပေါက်တာ။ အပျက်အစီး အထိခိုက်တော့မရှိဘူး” လို့ ပြောပါတယ်။
ဒါ့အပြင် ဩဂုတ် ၂၆ ရက်နေ့က ဖလဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကောလင်းမြို့ကို တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး သေဆုံး ဒဏ်ရာရမှုတွေ ရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှာ ဇွန်လ ၇ ရက် ညပိုင်းက မြို့နယ်တရားရုံးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနားမှာ ဗုံးပေါက်ကွဲခဲ့ပါတယ်။
ရုံးကြီးလမ်းက မြို့နယ်တရားရုံးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးအနီးမှာ ည ၇ နာရီကျော်လောက်က ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်နေရာဟာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာဖြစ်တာကြောင့် လူအထိအခိုက်ရှိနိုင်ပေမယ့် ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ကျ မသိရသေးဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်ရှိလာပြီး စစ်ဆေးနေကာ အနီးဝန်းကျင်ကို လုံခြုံရေး တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။
ဟင်္သာတမြို့မှာ ဇွန်လ ၄ ရက် မနက်ပိုင်းကလည်း အမှတ် ၁၁ မူလတန်းကျောင်းနားမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိခဲ့ပါတယ်။