ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ရုရှားကသိမ်းယူထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ကို ပြန်သိမ်းယူမယ်၊ မသိမ်းခင် တခြားနိုင်ငံတွေနဲ့ တိုင်ပင်မှာမဟုတ်ဘူးလို့ သြဂုတ် ၂၃ ရက်မှာ ကတိပြုခဲ့ပါတယ်။
ယူကရိန်းကကျင်းပပြီး နိုင်ငံပေါင်းများစွာနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်ခဲ့တဲ့ ခရိုင်းမီးယား ပလက်ဖောင်း ဖိုရမ်တခုကို တက်ရောက်အပြီး ဇလန်းစကီးက ကိယက်ဗ်မြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခုလို မှတ်ချက်ပြု ပြောဆိုလိုက်တာပါ။
“ခရိုင်းမီးယားကို ကျနော်တို့ပိုင်နက် နယ်မြေအဖြစ် သိမ်းယူမယ်။ ကျနော်တို့ဆုံးဖြတ်တဲ့နည်းနဲ့ လုပ်မယ်။ ကမ္ဘာပေါ်က တခြားနိုင်ငံတွေနဲ့ မတိုင်ပင်ဘဲ ဒါကို ကျနော်တို့ကိုယ်တိုင် ဆုံးဖြတ်မှာပါ” လို့ ဇလန်းစကီးက သတင်းထောက်တွေကို ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကို ရုရှားက အပြည့်အဝ ကျူးကျော်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် အခုနှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းတောင်ပိုင်း ခါဆွန်နဲ့ ဇာပိုရစ်ချ်ဇီယာ ဒေသတွေကို ရုရှားက သိမ်းပိုက်ခဲ့ပါတယ်။
ယူကရိန်းက အနောက်နိုင်ငံတွေထောက်ပံ့တဲ့ လက်နက်တွေကိုသုံးပြီး ယူကရိန်းတောင်ပိုင်းမှာ ရုရှားထောက်ပံ့ရေးလိုင်းတွေကို ပစ်မှတ်ထားတဲ့ တန်ပြန်ထိုးစစ်ကို အကြီးအကျယ် လုပ်သွားမယ်လို့ ကတိပြုထားပါတယ်။
ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ရှိ ဆေဗက်စတိုပိုမြို့ကို ယူကရိန်းက ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားဘက်က ပြောပါတယ်။
၂၀၁၄ ခုနှစ်တည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်မှာ ပေါက်ကွဲမှု အတော်များများဖြစ်ပွားခဲ့ပြီး ရုရှားရဲ့ ပင်လယ်နက် တပ်မဟာဌာနချုပ်နဲ့ ရုရှားကို သွားတဲ့ တံတားကြီးရှိရာ ဆေဗက်စတိုပိုမြို့နားမှာလည်း ပေါက်ကွဲခဲ့ပါတယ်။
“မီးရှူးမီးပန်းလို ပေါက်ကွဲသံတွေ ကြားခဲ့တယ်။ ဒရုမ်းယာဉ်တွေ တချိန်ပြီးတချိန် လာနေမှန်း သိတယ်။ ဒါကြောင့် အဲဒီအတွက် အဆင်သင့် ပြင်ထားတယ်”လို့ ဆေဗက်စတိုပို ဒေသခံက ပြောပါတယ်။
ခရိုင်းမီးယားရှိ လေတပ်အခြေစိုက်စခန်းမှာ အရင်အပတ်က ပေါက်ကွဲမှုအကြီးအကျယ်ဖြစ်ခဲ့ပြီး နောက် အခုလို ဒရုန်းနဲ့တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပွားခဲ့တာပါ။
ယူကရိန်းဟာ ရှေ့တန်းနဲ့ဝေးတဲ့ ရုရှားပိုင်နက်တွေကိုပါ ပစ်ခတ်နိုင်စွမ်း တိုးလာတာကို ပြသနေတယ်လို့ ရိုက်တာသတင်းဌာနက သုံးသပ်ပါတယ်။