မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထိုင်းနိုင်ငံက ဖမ်းဆီးထားတဲ့ ခရိုနီ လက်နက်ပွဲစား ဦးထွန်းမင်းလတ်အပါအဝင် တရားခံ ၅ ဦးကို ဇန်နဝါရီ ၂၃ ရက် မနေ့က ရာဇဝတ်မှုဆိုင်ရာ တရားရုံးကနေ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တူဒေး ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Allure Group ထိုင်း-မြန်မာ လျှပ်စစ်ဓာတ်အားရောင်းဝယ်ရေး ကုမ္ပဏီပိုင်ရှင် ဦးထွန်းမင်းလတ်၊ သူ့ရဲ့ကိုယ်ရေးအရာရှိ နန်းနမ့်ဟွမ်နတ်တကွန်း၊ နိုင်းဒင်းယန်း ကျွန်းထုလ (ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကာရဲ့သမက်)နဲ့ Allure Group ဝန်ထမ်း ၂ ဦးတို့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
သူတို့ကို မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုတွေနဲ့ တရားစွဲထားတာဖြစ်ပြီး မနေ့က တရားခွင်မှာတော့ အားလုံးက စွဲဆိုချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။
ဒီအမှုမှာ နောက်ထပ် ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးရှိကြောင်း၊ အသက် ၄၅ နှစ်အရွယ် နိုင်းဖန်းနလုန်းခွန်ဖိထပ်(ခ) အက်ဒိနဲ့ သူ့အမျိုးသမီး နန်းကလဝီ ထိရပဖားဝုန်း(ခ)ဖွန်းထစ် တို့ဖြစ်ကြောင်း၊ သူတို့နှစ်ဦးဟာ အိမ်နီးချင်းနိုင်ငံမှာ ပုန်းရှောင်နေရာက နောက်ဆုံး လန်ဒန်မှာ ဘတ်သန်းပေါင်း ၉,၀၀၀ တန် ဟိုတယ်ဝယ်ပြီး နေထိုင်နေတယ်လို့ သတင်းရထားတယ်လို့ ဆိုပါတယ်။
အက်ဒိဟာ Allure Group မှာ ရှယ်ယာပါရုံတင်မကဘဲ အွန်လိုင်းလောင်းကစားမှုနဲ့ တရားမဝင် ထီရောင်းဝယ်မှုတွေနဲ့ပါ ဆက်နွှယ်မှုရှိကြောင်း သက်ဆိုင်ရာက စုံစမ်းသိရှိထားတယ်လို့ ဆိုပါတယ်။
အထူးစုံစမ်းစစ်ဆေးရဲတပ်ဖွဲ့က ၃ နှစ်တာ ထောက်လှမ်းစုံစမ်းချက်အရ ကင်းနွန်ထပူရီ အပါအဝင် မူးယစ်ဆေးဝါးဂိုဏ်း ၄ ဂိုဏ်းဟာ Allure Group ကုမ္ပဏီထဲကို ငွေတွေ အမြောက်အမြား လွှဲထားတာကြောင့် အဆိုပါကုမ္ပဏီနဲ့ သက်ဆိုင်သူတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။
P & E Allure Group ကုမ္ပဏီထဲကို ဘဏ်အကောင့်ပေါင်း ၂၅၀ ကနေ ငွေပမာဏ သန်းပေါင်း ၁၅၀ ကျော် လွှဲထားတဲ့ အထောက်အထားရှိပြီး အဲဒီလောက်တန်ဖိုးရှိတဲ့ စက်သုံးဆီနဲ့ လျှပ်စစ်ဓာတ်အားရောင်းဝယ်မှု ပမာဏကိုတော့ မပြနိုင်ဘူးလို့ ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အက်ဒိရဲ့ပိုင်ဆိုင်မှု ၆၈၁ သန်းကျော်၊ ဖွန်းထစ်ရဲ့ပိုင်ဆိုင်မှု ၄၁၈ သန်းကျော်၊ နိုင်းဒင်းယန်းရဲ့ ပိုင်ဆိုင်မှု ၁၁ သန်းကျော်၊ ဦးထွန်းမင်းလတ်ရဲ့ ပိုင်ဆိုင်မှု ၂၃၁ သန်းကျော်၊ နမ့်ဟွမ်ပိုင်ဆိုင်မှု ဘတ် ၂၆ သန်းကျော်၊ ဦးဝင်းမင်းစိုး ၃၆ သန်းကျော်၊ နန်းပီယ ၁၁ သန်းကျော်၊ စုစုပေါင်း ဘတ်သန်းပေါင်း ၁,၅၀၀ ကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့ပါတယ်။
အဲဒီထဲမှာ မြေဂရန်၊ ကွန်ဒိုတိုက်ခန်း၊ ဇိမ်ခံကား၊ တန်ဖိုးကြီးအမှတ်တံဆိပ် လက်ကိုင်အိတ်တွေ၊ ဘဏ်စာအုပ်နဲ့ မီးခံသေတ္တာထဲက ထိုင်းဘတ်နဲ့ အမေရိကန်ဒေါ်လာငွေတွေ ပါဝင်ပါတယ်။
အဆိုပါ Allure Group P & E ကုမ္ပဏီရဲ့ မူလပိုင်ရှင်ဟာ ထိုင်းအထက်လွှတ်တော်အမတ် နိုင်းဥပကစ် ပကျာရီယန်းကွန်း ဖြစ်ပြီး ဦးထွန်းမင်းလတ်ရဲ့ ဖခင်လက်ထက်ကတည်းက ရင်းနှီးကျွမ်းဝင်သူ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ကုမ္ပဏီဟာ တာချီလိတ်မှာလည်း ကာစီနိုရုံနဲ့ ဟိုတယ်တွေ ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ဦးထွန်းမင်းလတ်ကို ရောင်းချပေးခဲ့တာကြောင့် သူနဲ့မဆိုင်တော့ဘူးလို့ နိုင်းဥပကစ်က သတင်းစာရှင်းခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့သမက်ဖြစ်သူ နိုင်းဒင်းယန်းက ကုမ္ပဏီထဲမှာ အရေးပါသူတဦး ဖြစ်နေတာကြောင့် စသုံးလုံးရဲတပ်ဖွဲ့ရဲ့ စောင့်ကြည့်ခြင်းကို ခံနေရပါတယ်။
ဦးထွန်းမင်းလတ်ဟာ မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အလွန်နီးစပ်သူဖြစ်ပြီး ထိုင်းရဲက သူ့ကိုဖမ်းဆီးချိန်မှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန်ကောက်မှာ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းမဲ့ ဘဏ်စာအုပ်တွေပါ လက်ပူးလက်ကြပ် သိမ်းဆည်းရမိခဲ့လို့ သူတို့ချမ်းသာကြွယ်ဝမှုတွေဟာ မူးယစ်ဆေးဝါးနဲ့ တရားမဝင် စီးပွားရေးတွေနဲ့ ပတ်သက်မှုရှိမရှိကို ထိုင်းရဲတွေက ဆက်လက်စုံစမ်းနေကြပါတယ်။
ကိုးကား - ch3plus.com
စစ်ကောင်စီက သူနဲ့ နီးစပ်တဲ့ သူတွေကို လုပ်ပိုင်ခွင့်တွေ ချပေးလာတာဟာ ယခင်ရှိနေတဲ့ ခရိုနီတွေ နေရာမှာ ခရိုနီအသစ်တွေနဲ့ အစားထိုးဖို့ ခြေလှမ်းအစဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ပြောပါတယ်။
လတ်တလောမှာ စစ်ကောင်စီခေါင်းဆောင်က သားဖြစ်သူ အောင်ပြည့်စုံအား စစ်တပ်ပိုင် ပရောဂျက်တွေကို ချပေးထားသလို ဗိုလ်ချုပ်ကြီးအဆင့်ရှိ သားသမီးတွေပိုင်တဲ့ Authentic ကုမ္ပဏီကိုလည်း စစ်ကောင်စီ လက်အောက်ခံ စည်ပင်ဌာနမှ ချပေးတဲ့ ရေနှင့်ရေသွယ်တန်းမှုဆိုင်ရာ ပရောဂျက်စီမံကိန်းအား လုပ်ပိုင်ခွင့်ပေးထားတာပါ။
ဒါပေမဲ့ တဖက်မှာလည်း ယခင်ရှိနေတဲ့ ခရိုနီတွေကို စစ်ကောင်စီက အခန့်မသင့်ရင် မသင့်သလို ပုဒ်မတပ်ပြီး ဖမ်းဆီးထိန်းသိမ်းနေတဲ့ အချက်ပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေးအခြေစိုက် ကျောက်လုပ်ငန်းရှင် ခရိုနီတဦးကို ပုဒ်မတပ်ဖမ်းဆီးပြီး ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ထိန်းသိမ်းလိုက်ပါတယ်။
ဒါကြောင့် စစ်ကောင်စီရဲ့ ခြေလှမ်းတွေဟာ ခရိုနီအဟောင်း နေရာမှာ ခရိုနီအသစ်နဲ့ အစားထိုးဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။
စီးပွားရေးသုတေသီတဦးက “သူတို့က ထုံးစံအတိုင်း၊ အလှည့်ကျပေါ့ဗျာ။ အရင် ဗိုလ်ချုပ်ကြီးတွေက စားပြီးပြီလေ။ စားပြီးသွားလို့ သူတို့နဲ့ပတ်သက်ပြီး စီးပွားရေးလုပ်လာတဲ့ ခရိုနီတွေ ရှိလာတယ်။ အဲဒီလိုပဲ အခုဆိုရင်လည်း သူတို့နဲ့ပတ်သတ်ပြီး စီးပွားရေးလုပ်လာတဲ့ ခရိုနီတွေ ရှိလာတော့မယ်။ ခရိုနီထဲမှာ ဘယ်သူတွေ ပါမလဲဆိုရင် ဗိုလ်ချုပ် အသစ်တွေရဲ့ သူတို့သားသမီးတွေ ပြီးတော့ သူတို့နဲ့ ဆက်စပ်တဲ့ လူတွေက စီးပွားရေးလုပ်လာကြပြီး ခရိုနီအသစ်တွေ ပေါ်ထွက်လာလိမ့်မယ်။ ဒါက စစ်အုပ်ချုပ်ရေးကာလမှာ ဆွေမျိုးသားချင်း ကောင်းစားရေး မူဝါဒ ဆိုတာ ရှိတယ်။ ဒါက အရင် ခေတ်တွေမှာလည်း လုပ်ခဲ့ကြတယ်။ အခုလည်း ဒီပုံစံအတိုင်း ဖြစ်လာမှာ” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်အုပ်ချုပ်ရေးကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် ပြဿနာက အပြန်အလှန် ထိန်းကျောင်းနိုင်တဲ့စနစ် မရှိတော့တဲ့အတွက် လူတစုကသာ ချမ်းသာကြွယ်ဝလာမှာဖြစ်ပြီး ပြည်သူတွေကတော့ ဆင်းရဲတွင်း နက်ဖို့သာ ရှိတော့တယ်လို့ စီးပွားရေးအမြင်ရှိတဲ့ လုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အရင်ကတော့ အခွင့်အရေးဆိုတာ အပြိုင်အဆိုင် ယူရတာလေ။ လုပ်ငန်းတခု လုပ်မယ်ဆိုရင် တင်ဒါတွေ ဖြတ်ရတယ်၊ ဝင်ရောက် ယှဉ်ပြိုင်ရတယ်။ အခုတော့ ဒါမျိုး ယှဉ်ပြိုင်စရာ မလိုတော့ဘူး။ ဆိုတော့ ဒါက လူတစုပဲ ဒီအခွင့်အရေးကို ရကြမှာလေ။ အရင်ကတော့ ရိုးရိုးသားသားနဲ့ ကြိုးစားလို့ ရှိရင် စီးပွားရေး အခွင့်အလမ်းဆိုတာ ရှိသေးတယ်။ အခုကတော့ ရိုးသား ကြိုးစားစရာ မလိုတော့ဘူး။ ဘယ်သူနဲ့ သိတယ်။ အဲ့တော့ ဒီလူတစုကတော့ ဒီကာလမှာ အရမ်း ချမ်းသာသွားမယ်။ ဒါပေမဲ့ ပြည်သူကတော့ ထုံးစံအတိုင်း ဆင်းရဲပြီး ဆင်းရဲသွားမှာပေါ့။ ကျနော် ထင်တာက အရင်အခြေအနေထက်တောင် ဆိုးရင် ဆိုးဦးမယ်နော်။”
အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုပါက လာမယ့် ၅ နှစ်အတွင်း အာဆီယံနိုင်ငံတွေထဲမှာ အလယ်အလတ်အဆင့်ကို ရောက်ရှိမှာဖြစ်ပြီး ၁၀ နှစ်အတွင်းမှာဆိုရင် ထိပ်တန်းအဆင့်ထိ ရောက်နိုင်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီအစည်းအဝေးမှာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။
အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ရဲ့ နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းထိုးကျသွားပြီလို့ ဖော်ပြထားပါတယ်။ ဒါက ၂၀၂၁ ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ခဲ့တာပါ။
အလားတူ ကမ္ဘာ့ဘဏ်ကလည်း ၂၀၂၂ ခုနှစ်အတွက် နိုင်ငံအသီးသီးရဲ့ စီးပွားရေးတိုးတက်မှုအပေါ် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံအား ထည့်သွင်းတွက်ချက်နိုင်မှု မရှိတော့တဲ့အတွက် ကွက်လပ် ထားခဲ့ပါတယ်။ အကြောင်းရင်းက အာဏာသိမ်းစစ်ကောင်စီမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအပေါ် အယုံအကြည် မရှိတဲ့အတွက် ချန်လှပ်ခဲ့တာပဲ ဖြစ်ပါတယ်။