close

ခရီးစဉ် ယာယီဆိုင်းငံ့

close

November 23, 2021

နိုင်ငံတကာ ဒုက္ခသည်များ၏ အမေရိကန်နိုင်ငံခရီးစဉ်များ ယာယီဆိုင်းငံ့ထား

အမေရိကန်နိုင်ငံကို ပြောင်းရွှေ့အခြေချမယ့် ဒုက္ခသည်တွေရဲ့ ခရီးသွားလာရေးအစီအစဉ်တွေကို လာမယ့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထိ ယာယီဆိုင်းငံ့ထားမယ်လို့ အမေရိကန်အခြေစိုက် CBS သတင်းမှာ ဖော်ပြထားပါတယ်။ 

အမေရိကန်နိုင်ငံက မိသားစုနဲ့ပြန်လည်ဆုံစည်းရေးအတွက် ခရီးသွားဖို့ ပြင်ဆင်ပြီးသား ဖြစ်နေသူတွေ၊ ကျန်းမာရေးနဲ့ လုံခြုံရေး စစ်ဆေးချက်တွေအရ အရေးတကြီး ရွှေ့ပြောင်းရမယ့်သူတွေကလွဲရင် နိုင်ငံပေါင်းစုံက ပြောင်းရွှေ့အခြေချမယ့် ဒုက္ခသည်တွေရဲ့ ခရီးစဉ်တွေကို ဆိုင်းငံ့ထားပြီး  အမေရိကန်မြေပေါ် ရောက်နေပြီဖြစ်တဲ့ အာဖဂန် ထွက်ပြေးလွတ်မြောက်လာသူတွေအတွက် ပြန်လည်နေရာချထားရေးကို ဦးစားပေးစီစဉ်မယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနကို ကိုးကားပြီး CBS သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်း အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်ကို တာလီဘန်တွေ ထိန်းချုပ်စဉ်ကတည်းက အမေရိကန်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သူတွေကို အရေးပေါ်ကယ်တင်ခဲ့ရပြီး အာဖဂန်နိုင်ငံသား ၇၃,၀၀၀ လောက် အမေရိကန်နိုင်ငံမှာ ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။

အမေရိကန်စစ်တပ်အခြေစိုက်ရာ နေရာ ၈ ခုမှာ ယာယီခိုလှုံဖို့ စီစဉ်ပေးထားရတဲ့ အာဖဂန် ၄၅၀၀၀ လောက်ထဲက  ပြန်လည်နေရာချထားရေး ပရဟိတ အဖွဲ့အစည်းတွေအကူအညီနဲ့ လူဦးရေ ၂၅၀၀၀ လောက်ထိ အမေရိကန်ပြည်နယ်အနှံ့အပြားမှာ အိမ်နေရာနဲ့ အလုပ်အကိုင်တွေ စီစဉ်ပေးခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ​

အမေရိကန်နိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြန်လည်နေရာချထားရေး အေဂျင်စီ ၉ ခုဟာ ဒုက္ခသည်အရေးကို ဦးစားမပေးခဲ့တဲ့ သမ္မတ ထရမ့်လက်ထက်ကတည်းက ဝန်ထမ်းအင်အား လျှော့ချရတာတွေ၊ ရုံးခန်းတချို့ ပိတ်သိမ်းခဲ့ရတာတွေကြောင့်လည်း အလုံးအရင်းနဲ့ရောက်ရှိလာတဲ့ အာဖဂန် ထွက်ပြေးလွတ်မြောက်သူတွေအတွက် စီမံခန့်ခွဲမူ အကျပ်အတည်းတွေ ရင်ဆိုင်နေကြရပါတယ်။ 

အခုလို နိုင်ငံပေါင်းစုံကနေ အမေရိကန်နိုင်ငံကို ရွှေ့ပြောင်းအခြေစိုက်မယ့် ဒုက္ခသည်တွေရဲ့ ခရီးသွားလာရေး အစီအစဉ်တွေကို ယာယီဆိုင်းငံ့ထားဖို့ ပြန်လည်နေရာချထားရေး  ပရဟိတအေဂျင်စီတွေက မေတ္တာရပ်ခံမှုတွေရှိတယ်လို့ CBS သတင်းမှာ ဖော်ပြထားပါတယ်။   

ပြီးခဲ့တဲ့ ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း အမေရိကန်နိုင်ငံမှာ နိုင်ငံတကာဒုက္ခသည် ၁၁,၄၁၁ ယောက်သာ ပြောင်းရွှေ့အခြေချခွင့်ပြုခဲ့ပြီး သမ္မတဘိုင်ဒန်ကတော့ လာမယ့် ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံတကာ ဒုက္ခသည် တစ်သိန်း နှစ်သောင်းခွဲ (၁၂၅,၀၀၀) ထိ တိုးမြှင့်လက်ခံသွားမယ်လို့ ကတိပြုထားပါတယ်။

12 mins Ago
Up