ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ခိုရတ်ခရိုင်၊ ဆီခယူးမြို့နယ်ထဲမှာ ဇန်နဝါရီ ၂၁ ရက်ညက ခရီးသည်တင်မှန်လုံကား ၁ စီး မတော်တဆမီးလောင်ပြီး ယာဉ်မောင်းအပါအဝင် ၁၁ ဦးသေဆုံးကာ လူငယ် ၁ ဦးသာ ဒဏ်ရာကြီးကြီးမားမားမရဘဲ အသက်ရှင်လျက်ကျန်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၁ ရက် ည ၉ နာရီခွဲလောက်က ဆီခယူးမြို့နယ် ခိုရတ် - ဘန်ကောက်သွား အဝေး ပြေးလမ်းမကြီးရှိ အကွေ့တနေရာမှာ အဖြူရောင်တိုယိုတာမှန်လုံကား ၁ စီး မတော်တဆမီး လောင်ပေါက်ကွဲနေတာကို တွေ့လို့ ရဲစခန်းနဲ့ အခြားကယ်ဆယ်ရေးအဖွဲ့တွေပါ အကြောင်းကြားပြီး သွားရောက်ကူညီခဲ့တယ်လို့ ပရဟိတအဖွဲ့ဝင်က သတင်းထောက်တွေကို ပြောပါတယ်။
ဘေးစောင်းမှောက်လဲနေတဲ့ကားထဲကနေ အသက် ၂၀ ကျော်လူငယ် ၁ ဦးသာ ထွက်လာနိုင်ပြီး ကားထဲကအော်သံ အကူအညီတောင်းသံ နာကျင်စွာအော်ဟစ်သံတွေကြားနေပေမယ့် မီး အရှိန်ပြင်းကာပေါက်ကွဲသံတွေနဲ့အတူ ကား ၁ စီးလုံးကူးစက်လောင်ကျွမ်းနေတာမို့ ဘယ်လိုမှ ဝင်ကူလို့မရဘူးလို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။
ရဲတပ်ဖွဲ့နဲ့ မီးသတ်ကားတွေရောက်ရှိလာပြီး မီးငြိမ်းလို့စစ်ဆေးရာမှာတော့ ကားမောင်းသမား အပါအဝင် လူကြီး ၈ ဦး နဲ့ ကလေး ၂ ဦး စုစုပေါင်း ၁၁ ဦး မီးထဲပါသွားတယ်လို့ ဆိုပါတယ် ။
လွတ်မြောက်လာသူ လူငယ်က သူဟာအမ်နတ်ကျလွန်းကနေ မိခင်ရှိရာ နခွန်းပထုန်ကိုသွားဖို့ အဲဒီကားနဲ့ အလယ်ထိုင်ခုံကနေ လိုက်ပါခဲ့ကြောင်း ၊ အခင်းဖြစ်ချိန်ကားပေါ်ကလူတွေ အိပ်နေ ကြပြီး သူလည်းအိပ်နေကြောင်း ၊ ရုတ်တရက် ကားက တခုခုနဲ့တိုက်မိတဲ့အသံကြားလို့ လန့်နိုး လာစဉ် ကားကဘေးကိုတိမ်းစောင်းမှောက်ကျသွားပြီး သူလည်းခြေထောက်နဲ့ ပြူတင်းမှန်ကို ကန်ခွဲ ကာ အပြင်ကိုတိုးထွက်လာကြောင်း ၊ သူအပြင်ရောက်တာနဲ့ ကားရှေ့ခန်းနဲ့ နောက်ခြမ်းကနေ မီး တွေလောင်လာတာလို့ သတင်းထောက်ကို ပြောပါတယ်။
မတော်တဆဖြစ်ရတဲ့အကြောင်းကိုတော့မသိရကြောင်း ၊ ယာဉ်မောင်းကလည်း အမြန်မမောင်းဘဲ ပုံမှန်မောင်းလာတာလို့ သူကဆက်ပြောပါတယ် ။
အနီးနားနေပြည်သူ ၁ ဦးက အဲဒီနေရာဟာ ကားနောက်ကြောင်းပြန်လမ်းချိုးကွေ့တခုဖြစ်ပြီး ကုန်းဆင်းလည်းဖြစ်တာကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားကြောင်း ၊ ဒီသီတင်းပတ်ထဲမှာတင် ယာဉ်တိုက်မှု ၃ ကြိမ်ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
ဆီချူးနယ်မြေရဲစခန်းတာဝန်ရှိသူကတော့ အဆိုပါကားဟာ ဒီဇယ်ရော ဂက်စ်ပါအသုံးပြုကြောင်း ၊ ယာဉ်မောင်းနှုန်းကတော့ သတ်မှတ်အမြန်နှုန်း ၁ နာရီလျှင် ၈၂ ကီလိုသာမောင်းလို့ အမြန်မောင်း တာတော့မဟုတ်ဘဲ ယာဉ်မောင်းအိပ်ငိုက်တာ၊ ကားစက်ချို့ယွင်းတာ တခုခုဖြစ်နိုင်ပြီး ဖြစ်ရပ်မှန် အတွက် ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မှန်လုံကားပိုင်ရှင်ကတော့ ခရီးသည်တွေဟာ အဲဒီကားကို စင်းလုံးငှါးတာမဟုတ်ဘဲ တနေရာ စီကနေ တက်လာကြောင်း၊ အများစုကတော့ တရပ်ကွက်ထဲကလူတွေဖြစ်ပြီးတချို့က ဘန်ကောက် ၊ တချို့က နခွန်းပထုန်ကိုသွားဖို့ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေကို ရိုးရာဓလေ့အတိုင်းသင်္ဂြိုလ်ဖို့ သက်ဆိုင်ရာတွေမျိုးတွေက လာသယ်သွားဖို့ ကြိုးစားပေမယ့် ဘယ်သူဘယ်ဝါဆိုတာသေချာသိရအောင် ဒီအန်အေစစ်ဆေးပြီးမှ ခွင့်ပြုမယ်လို့ ဆီခယူးဆေးရုံက ပြောပါတယ်။
ကားပိုင်ရှင်ကတော့ သူတို့ဟာ အဲဒီကားနဲ့ခရီးသည်အတွက်ပါ အာခံကြေးနှစ်စဉ်သွင်းထားလို့ သေဆုံးသူအတွက် ၁ ဦးလျှင် လျော်ကြေးငွေ ဘတ် ၁၁ သိန်းရရှိရမှာဖြစ်ပြီး ယာဉ်မောင်းက အဓိကတာဝန်ရှိတာကြောင့် အသုဘစရိတ်အပါအဝင် လျော်ကြေး ၁၃၅၀၀၀ သာရရှိမှာဖြစ်တယ်လို့ သတင်းထောက်တွေကို ပြောသွားပါတယ်။
ကိုးကား - SANOOK