close

ခရီးသွားလုပ်ငန်း

close

January 30, 2023

ထိုင်းနိုင်ငံသို့ တရုတ်ခရီးသည် ၁၀ သန်းအထိ လာရောက်နိုင်ဟု ခန့်မှန်း

ထိုင်းနိုင်ငံကိုလာတဲ့ တရုတ်နိုင်ငံသား ခရီးသည်အရေအတွက်ဟာ ဒီနှစ်မှာ ၁၀ သန်းအထိ ရှိလာနိုင်တယ်လို့ တရုတ်နိုင်ငံမှာရှိတဲ့ ထိုင်းကုန်သည်ကြီးများအသင်းက ခန့်မှန်းထားပါတယ်။

ရှုထောင့်အရဆိုရင် ဒါဟာ အဖွဲ့လိုက်ခရီးစဉ်တွေ ပြန်မစခင် ထိုင်းခရီးသွားလုပ်ငန်းအဖွဲ့ရဲ့ ခန့်မှန်းချက်ထက် နှစ်ဆဖြစ်ပြီး ၂၀၁၉ ခုနှစ် ကပ်ရောဂါမတိုင်မီ တရုတ်ခရီးသွားဝင်ရောက်မှု အရေအတွက်နဲ့ တန်းတူနီးပါး ဖြစ်နေပါတယ်။

ဒါကြောင့် ခရီးသွားလုပ်ငန်းက လူတိုင်းနီးပါးဟာ အုပ်စုလိုက်ခရီးစဉ်တွေ ပြန်စတာနဲ့ တပြိုင်နက် ကပ်ရောဂါကာလအတွင်းကြုံတွေ့ခဲ့ရတဲ့ ငွေကြေးဆိုင်ရာ ရုန်းကန်မှုတွေ နောက်ဆုံးမှာ အခြေအနေ တိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်နေကြပါတယ်။

“ခရီးသွားဧည့်သည်တွေ တဖြည်းဖြည်းနဲ့ ပြန်လာပေမဲ့ တရုတ်နိုင်ငံက ပွင့်လင်းလာတဲ့ အခါမှာတော့ လူဦးရေများပြားတာကြောင့် ပိုကောင်းလာဖို့ ရည်မှန်းထားပါတယ်။ သူတို့ တကယ် ခရီးပြန်စပြီးတာနဲ့ စီးပွားရေးက ပိုကောင်းလာမှာပါ”လို့ ထိုင်း ဆိုင်ပိုင်ရှင် မွန်ချိုင်း ခစ်တိရတ်တနာဆာခွန်က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ မဟာဗျူဟာ အသက်ဝင်ပြီးတဲ့နောက် ဒုတိယနေ့ ဇန်နဝါရီ ၉ ရက်မှာ ထိုင်းဒုတိယဝန်ကြီးချုပ်နဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီး အာနုတင် ချဲာန်ဝီရာကူးနဲ့ တခြားအကြီးတန်းအရာရှိတွေက သုဝဏ္ဏဘူမိလေဆိပ်မှာ ပထမဆုံး တရုတ်ခရီးသည်တွေကို ပန်းတွေနဲ့ လက်ဆောင်တွေ ပေးခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာ တရုတ်ခရီးသည်ဦးရေ ၃ သိန်းရောက်လာဖို့ မျှော်မှန်းထားတာပါ။

တရုတ်ခရီးသည်တွေ ပြန်လာပြီးတဲ့နောက် ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍ ပိုမြန်မြန် ပြန်ကောင်းမွန်လာမယ်လို့ ထိုင်းဗဟိုဘဏ်ရဲ့ ငွေကြေးမူဝါဒကော်မတီ အတွင်းရေးမှူး ပစ်တိ ဒီစီယာထတ်က ပြောပါတယ်။

56 mins Ago

January 23, 2023

ဇွဲကပင်တောင်ပေါ် လာရောက်သူ မရှိသလောက်နည်းပါးလာသဖြင့် ဆိုင်ခန်းများပိတ်ပြီး ဈေးသည်များ အခက်ကြုံ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ရဲ့ အထင်ကရ နေရာတခုဖြစ်တဲ့ ဇွဲကပင် တောင်ကို ခရီးသွားလာရောက်လည်ပတ်မှုနဲ့ တောင်ပေါ် လာရောက်တဲ့သူ ဦးရေ များစွာ ကျဆင်း သွားတယ်လို့ ဇွဲကပင်တောင်ဂေါပကအဖွဲ့ကနေ သိရပါတယ်။ 

စစ်အာဏာမသိမ်းခင်က တရက်ကို တောင်ပေါ်တက်သူဦးရေ ၁၅၀ ကျော်ရှိခဲ့ပြီး အခုခါမှာတော့ တရက်ကို ၁၀ ယောက်လောက်သာ လာရောက်တော့တယ်လို့ ဆိုပါတယ်။ 

အဲဒီလို လူလာနည်းတဲ့အတွက် တောင်ပေါ်မှာရှိတဲ့ မျောက်တွေကို အစာကျွေးတဲ့သူလည်း နည်းလာသလို တောင်တက်သူ အနည်းအကျဉ်းကလည်း ကျန်းမာရေး လိုက်စားတဲ့ ဒေသခံတွေနဲ့ အနီးနားမြို့တွေက လူတွေသာ လာရောက်ကြတယ်လို့ ပြောပါတယ်။  

ဒါ့အပြင် ဇွဲကပင်တောင်ကို အမှီပြုပြီး ဈေးရောင်းနေတဲ့ ဈေးသည်တွေလည်း ဒေသထွက် ရိုးရာ အစားအစာနဲ့ အဝတ်ထည်၊ အသုံးဆောင်ပစ္စည်းတွေ မရောင်းရတော့တာကြောင့် ဆိုင်ခန်းတွေ ပိတ်ပြီး ထိုင်းနိုင်ငံထဲမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ စဉ်းစားထားတယ်လို့ ဈေးသည်တဦးက ပြောပါတယ်။ 

ဇွဲကပင်တောင်ဟာ ကရင်ပြည်နယ် ဘားအံမြို့မှာတည်ရှိပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၂,၃၆၉ ပေ မြင့်ကာ မြန်မာနိုင်ငံရဲ့ အထင်ကရ တောင်တခုဖြစ်သလို ကရင်လူမျိုးတွေရဲ့ ရာဇ၀င်သမိုင်းကြောင်းတွေနဲ့ ပြည့်နှက် ကျော်ကြားတဲ့ တောင်တခုလည်း ဖြစ်ပါတယ်။

1 week Ago
Up