ဒီစစ်ပွဲမှာ ကောင်းမြတ်တဲ့ ရည်ရွယ်ချက် ရှိနေတယ်။ ဒီအတွေးဟာ ထူးခြားဆန်းကြယ်တဲ့ အတွေးမျိုး ဖြစ်ကောင်းဖြစ်နေမယ်။ ဒါပေမဲ့ လူသားတွေရဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း အပြောင်းအလဲအတွက် ဘေးဒုက္ခနဲ့ကြုံကြဖို့ လိုအပ်တယ်လို့ သမိုင်းက ပြဆိုနေပုံရတယ်။ ဒါ့ကြောင့် ကျုပ်ရဲ့ အကောင်းမြင်စိတ်က လက်ရှိ (ယူကရိန်း-ရုရှား) စစ်ပွဲဟာ ပိုကောင်းတဲ့နေရာကို ရောက်ရှိ အဆုံးသတ်မယ်လို့ ယုံကြည်တယ်။ လက်ရှိ သေကျေပျက်စီးနေတာတွေကနေ အပြုသဘော ရလဒ်တွေ ထွက်ပေါ်လာနိုင်ပါသလား။
လူမှုသိပ္ပံမှာတော့ လွန်ခဲ့တဲ့ နှစ် ၃၀၊ ၄၀ ကာလ အပြောင်းအလဲတွေကို အများကြီး ရေးခဲ့ကြပါပြီ။ စက်မှုလွန်လူ့အဖွဲ့အစည်း (Daniel Bell)၊ တတိယလှိုင်းဖွံ့ဖြိုးမှု (Alvin Toffeler)၊ အနောက်လူ့အဖွဲ့အစည်းများ ‘ပို့စ်မော်ဒန်’ သို့ ပြောင်းလဲခြင်း (Francois Lyotard) ရေးခဲ့ ပြောခဲ့ကြပါတယ်။ တကမ္ဘာလုံးမှာ ဥစ္စာဓနဖြစ်ထွန်းမှုဟာ စက်မှုကနေ ဝန်ဆောင်မှုဆီကို ပြောင်းလဲနေပါပြီ။ ယူကရိန်းမှာဆိုရင်လည်း လွန်ခဲ့တဲ့နှစ် ၂၀ အတွင်း ဂျီဒီပီရဲ့ ၆၀ ရာခိုင်နှုန်းဟာ ဝန်ဆောင်မှုကနေ လာပါတယ်။
စက်မှုကုန်ထုတ်စနစ်ကနေ တကမ္ဘာလုံး ရွေ့လျားပြောင်းလဲနေတာဟာ အဖွဲ့အစည်းတွေ တည်ဆောက်ပုံကိုလည်း ပြောင်းလဲပေးနေပါတယ်။ အထက်အောက်စီမံပုံက နောက်ဆုတ်နေပြီး အားလုံးဝိုင်းလုပ်ကြတဲ့ စနစ်က ပိုနေရာယူလာပြီ။ တီထွင်ဖန်တီးတဲ့ လူတန်းစား (creative class- Richard Florida) ဆိုတာ ပေါ်လာပြီး ဖွဲ့စည်းစီမံပုံတွေ အားလုံးပြောင်းဖို့ တောင်းဆိုလာကြတယ်။ နိုင်ငံရေးမှာဆိုရင်လည်း အစဉ်အလာအရ နားလည်ထားတဲ့ နိုင်ငံရေးအာဏာသဘောဟာ အဆုံးသတ်လမ်းကြောင်းကို သွားနေပုံရတယ်လို့ Moses Nai က ထောက်ပြတယ်။ အာဏာထက် ပုံသေမဟုတ်တဲ့ ဩဇာရဲ့ အရေးပါမှုက ပိုကျယ်ပြန့်လာနေတယ်။ လူသားတွေ တတိယထောင်စုနှစ်ကို ဝင်လာတဲ့အခါ အထက်အောက် ဗျူရိုကရေစီနဲ့ တည်ဆောက်တဲ့ အမျိုးသားနိုင်ငံတို့၊ အကြီးစားဖွဲ့စည်းပုံတို့ကို မဟာမိတ်ကွန်ရက်တွေ (နိုင်ငံတကာအပါအဝင်)၊ သမဂ္ဂတွေက အကြိမ်ကြိမ် ထိခိုက်အောင်လုပ်နိုင်ခဲ့တယ်။
အနောက်နဲ့ ဥရောပတခွင်မှာလည်း ၁၉ ရာစု စက်မှုတော်လှန်ရေးဟာ ၂၀ ရာစု လူနေမှုပုံစံကို ဖြစ်စေခဲ့တယ်။ လူတန်းစားနဲ့ နိုင်ငံတော်ကြားက ပါဝါ၊ ဂလိုဘယ်လိုက်ဇေးရှင်း၊ ပမာဏကြီးတဲ့ ဝယ်ယူသုံးစွဲမှု၊ တသီးပုဂ္ဂလ စံတန်ဖိုးများ၊ တည်ငြိမ်တဲ့ စည်းစနစ်သတ်မှတ်ချက်များ စတာတွေ ရှိခဲ့တယ်။ ၂၁ ရာစုရဲ့ တတိယ ဆယ်စုနှစ်ထဲ အရောက်မှာတော့ လူယဉ်ကျေးမှုစနစ်ကြီး တခုလုံးဟာ ပြောင်းနေခဲ့ပြီ။ ရုရှားရဲ့ အပျက်အစီးများလှတဲ့ ယူကရိန်းစစ်ပွဲဟာ ဖြစ်ပေါ်လာမယ့် အပြောင်းအလဲနဲ့ လားရာကို သဲလွန်စတွေ ပေးနေပါသလား။
အခုအထိမှာတော့ စစ်ပွဲကို သရုပ်ဖော်ကြရင် ရုရှားရဲ့ အထက်အောက်၊ (အကျင့်ပျက်) ဗျူရိုကရေစီ စစ်ယန္တရားကြီးနဲ့ သေးငယ်ပေမဲ့ စံတန်ဖိုး သန္နိဋ္ဌာန်ပြင်းတဲ့၊ ပေါ့ပေါ့ပါးပါး ရွှေ့ပြောင်းနိုင်တဲ့ နိုင်ငံသားကွန်ရက် (ယူကရိန်း) ရဲ့ ရင်ဆိုင်မှုအဖြစ် ပြောကြတယ်။ ယူကရိန်းဟာ အနောက်အုပ်စုက ထောက်ပံ့တဲ့ အဆင်မြင့်တဲ့ လက်နက်တွေရဲ့ အကျိုးကျေးဇူးကို ရခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်တပ်ရဲ့ အစောပိုင်း အောင်ပွဲတွေဟာ ရေပြင်ညီ တပြေးတည်းသွားတဲ့ ဖွဲ့စည်းပုံရဲ့ ကျေးဇူးပါ။ ဒါဟာ ရုရှားကျူးကျော်စစ်ကြောင်းကို ရင်ဆိုင်ရာမှာ အတော်ကို ထိရောက်ခဲ့ပါတယ်။
ယူကရိန်းရဲ့ “အဖွဲ့များစုထားတဲ့ အဖွဲ့" (team of teams လို့ အမေရိကန်ဗိုလ်ချုပ် စတန်လေ မက်ခရိုင်စတယ်က ရည်ညွှန်းတယ်) ဟာ ယူကရိန်းစစ်တပ်မှာသာမက ယူကရိန်း လူ့အဖွဲ့အစည်း တခုလုံးမှာပါရှိတယ်။ အမည်အားဖြင့်တော့ သမ္မတ ဇလန်းစကီးက ဦးဆောင်တယ်ပေါ့။ လက်တွေ့မှာတော့ အလိုအလျောက် ပေါ်ထွက်လာတဲ့၊ သေးငယ်ပြီး အရွှေ့အပြောင်းမြန်တဲ့၊ ဘာလုပ်ပါလို့ အမိန့်ပေးခိုင်းစေတာမျိုး မလိုဘဲ ဘာလုပ်ရမယ်သိတဲ့ အစုအဖွဲ့တွေက လှုပ်ရှားသွားတာပါ။ ဒါမျိုးကို ယူကရိန်းပြည်တွင်းက အာဏာရှင်ဆန့်ကျင်ရေး မိုင်ဒန်လှုပ်ရှားမှုမှာတည်းက မြင်ခဲ့ကြပြီးပြီ။ အခုကတော့ ပိုကျယ်ပြန့်သွားပုံပဲ။ စစ်ပွဲမှာ ယူကရိန်းအောင်မြင်မှုရဲ့ သော့ချက်တခုလည်း ဖြစ်တယ်။
ယူကရိန်း ပြည်သူ့ကွန်ရက်ကြီးကို ထိထိရောက်ရောက် စည်းနှောင်ထားတာက စီးပွားရေးနဲ့ ရုပ်ဝတ္ထုမဟုတ်ဘဲ စံတန်ဖိုးရည်မှန်းချက် (idealism) ဖြစ်ပုံရတယ်။ စစ်မြေပြင်မှာရော၊ နောက်တန်းထောက်ပို့ အဖွဲ့တွေမှာပါ (စံတန်ဖိုး) အိုင်ဒီယာရဲ့ အင်အားကို မြင်နေရတယ်။
အဲဒီအိုင်ဒီယာက သိစိတ်အားဖြင့် စုစည်းမိသွားတဲ့ ပြည်သူပြည်သားအားလုံး (consolidated identity) ဟာ အတူတူပဲ၊ အားလုံး ဖိနှိပ်မှု ကျူးကျော်မှုကနေ လွတ်မြောက်ရမယ်။ ယူကရိန်းလို ဘာသာ၊ လူမျိုး၊ ဒေသ ကွဲပြားလှတဲ့ နိုင်ငံမှာ ဒါမျိုးဖြစ်စရာ မရှိဘူးလို့ ပုံမှန်အားဖြင့်တော့ ယူဆကြမှာပါ။
နိုင်ငံတွေ ပေါ်ပေါက်လာပုံကို ပြောရင် ပုံမှန်အားဖြင့် စမစ် (Anthony D. Smith) ကို ရည်ညွှန်းကြတယ်။ သူက သမိုင်းဖြစ်ထွန်းမှုအရ ဥရောပမှာ အမျိုးသားနိုင်ငံတွေဟာ ဖြစ်နိုင်ခြေ မော်ဒယ်နှစ်မျိုးထဲက တမျိုးအားဖြင့် ပေါ်ထွက်လာကြတယ်လို့ ဆိုတယ်။ တခုက အနောက်ဥရောပနဲ့ မြောက်အမေရိက မော်ဒယ်။ သူက နိုင်ငံသားအဖြစ် သိစိတ်ဟာ (ဖွဲ့စည်းပုံဥပဒေတို့၊ နယ်မြေတို့၊ အလံတို့ စတဲ့) နိုင်ငံတော်အဆောက်အအုံနဲ့ သင်္ကေတတွေကို အဓိကထား သစ္စာစောင့်သိတဲ့၊ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံသားဖြစ်မှု (inclusive “civic” version) ကို ဗဟိုပြုတယ်။ နိုင်ငံသားဖြစ်မှုဟာ မျိုးနွယ်ဇာတိ၊ ကိုးကွယ်မှု၊ နောက်ကြောင်းတွေနဲ့ မပတ်သက်ဘူး။
နောက်မော်ဒယ်တမျိုးက အလယ်နဲ့ အရှေ့ဥရောပ (အထူးသဖြင့် ကမ္ဘာစစ်မတိုင်မီ ဂျာမနီ) မှာ ကျယ်ပြန့်တယ်။ သူက အများကြီး ပိုကျဉ်းမြောင်းတဲ့ ခံယူမှုအပေါ်မှာ တည်ထားတယ်။ လူမျိုး ဘာသာတူတာ၊ သမိုင်းဆိုင်ရာ ယုံတမ်းစကားတွေကို ယုံကြည်တာအပေါ်မှာ မူတည်တယ်။ ၂၀ ရာစု တခုလုံးမှာ အဲဒီလို လူမျိုးနွယ်စုကို မူတည်ခံယူချက်နဲ့အတူ ပါလာတဲ့ အကြမ်းဖက်မှု၊ နယ်ချဲ့ထွင်မှု၊ လူစိမ်းကြောက်မှု၊ အတူမနေလိုမှုတွေ ဖြစ်လာရတယ်။ ဒီဒုတိယမော်ဒယ်နဲ့ ယှဉ်ရင် ပထမမော်ဒယ် (နိုင်ငံသား ပြည်သူ ဗဟိုပြု သိမှတ်မှု civic identity) က နိုင်ငံတည် အစုအစည်းများ အပေါ် မျိုးချစ်စိတ် (institutional patriotism) ကို မြှင့်တင်ပေးတယ်။
ဒါပေမဲ့ အစွန်းရောက်ဝါဒကို ထိန်းတယ်၊ နိုင်ငံရေးရလဒ်အတွက် မျိုးချစ်စိတ်ကို အသုံးပြုခဲ့တယ်။
ရုရှားရဲ့ ယူကရိန်းကျူးကျော်မှု (ခရိုင်းမီးယားကို သိမ်းယူတဲ့ ၂၀၁၄ ထဲက စပါတယ်) ကြောင့် ပေါ်လာတဲ့ “နိုင်ငံ” ဆိုင်ရာ သိမှတ်ပုံဟာ အထက်မှာဖော်ပြတဲ့ ပုံမှန်မော်ဒယ်နှစ်ခုလုံးကို စိန်ခေါ်ပါတယ်။ အရှေ့ဥရောပပုံစံလို့ သိမှတ်ထားကြတာနဲ့လည်း ကွဲလွဲပါတယ်။ တကယ်တော့ လူမျိုးစုံတဲ့ ရုရှားဖယ်ဒရေးရှင်းဟာ ပြည်သူဗဟိုပြုသိမှတ်ပုံ (civic identity) ကို အားပြုသင့်ပါတယ်။ ဒါပေမဲ့ မော်စကိုဟာ နယ်ပယ်ချဲ့ထွင်ပြီး သူ့နယ်နိမိတ်နားက ရုရှားစကားပြောတဲ့ သူတွေကို ကာကွယ်မယ်ဆိုတဲ့ ဖက်ဆစ်ဝါဒတပိုင်းကိုသာ အရှိန်မြှင့်ပါတယ်။ ထူးဆန်းနေတာက “ရုရှားကြီးစိုးတဲ့ ကမ္ဘာ” ဖြစ်ရေး နယ်ချဲ့စီမံကိန်းအတွက် ယူကရိန်းကို ဝင်တိုက်နေတဲ့ ရုရှားစစ်သားတွေဟာ ချေချင်းညာ၊ ဘာရတ်၊ တာတာနဲ့ တခြားလူမျိုးစုတွေပါ။ ပင်မ ရုရှားလူမျိုးစုတွေ မဟုတ်ကြပါဘူး။ ယူကရိန်းမှာရှိတဲ့ ရုရှားစကားပြော ပြည်သူတွေ လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်တိုက်တဲ့ (လူသတ်၊ မီးရှို့၊ မုဒိမ်းကျင့်) ရုရှားဖယ်ဒရေးရှင်းတပ်ဟာ အဲဒီ ပင်မရုရှားမျိုးနွယ်စု မဟုတ်တဲ့ အခြားသော လူမျိုးနွယ်စုတွေ ပါဝင်တဲ့ တပ်ပါ။ သူတို့လွတ်မြောက်စေမယ်ဆိုတဲ့ (ရုရှားတွေလို့ မော်စကိုကယူဆတဲ့) ရုရှားစကားပြော ယူကရိန်းပြည်သူတွေကလည်း သူတို့ကိုယ်သူတို့ ယူကရိန်းနိုင်ငံသားလို့ပဲ ခံယူထားကြတာပါ။ ထူးဆန်းပြီး အစဉ်အလာ ခံယူတွေးမြင်လာပုံတွေနဲ့ ကွာနေတဲ့ မျိုးနွယ်စုအခြေပြုသိမှတ်ပုံ (ethnic identity) နဲ့ အားလုံးအတူ နိုင်ငံသားပြည်သူ (civic identity) အခြေအနေက အဲသလိုပ။
တဖက်မှာလည်း (အမျိုးသားရေးဝါဒီ) လက်ယာအစွန်းရောက်တွေကို လက်ခံထားတယ်လို့ စွပ်စွဲခံရတဲ့ ယူကရိန်းခေါင်းဆောင်တွေဟာ ရုရှားစကားပြောသူတွေရော၊ ယူကရိန်းစကားပြောသူတွေရော အားလုံးပါဝင်တဲ့ နိုင်ငံသားပြည်သူခံယူမှု (civic identity) ကို ဖွံ့ဖြိုးအောင် လုပ်နိုင်ခဲ့ပြန်တယ်။ ဒီလို ယူကရိန်းနိုင်ငံသား ပြည်သူများဆိုတဲ့ ခံယူပုံအသစ်ဟာ လူမျိုးစုနောက်ခံအားလုံး၊ ဘာသာစကားနဲ့ ကိုးကွယ်မှုအားလုံးကို ရည်ရွယ်ချက်ရှိရှိ စုစည်းနှောင်ဖွဲ့ပေးပါတယ်။
နိုင်ငံရေးမပါဘူးလို့ ပြောကြတဲ့ “ယူကရိန်းနိုင်ငံသား ပြည်သူများ” ဆိုတဲ့ သိမှတ်ပုံဟာ တစ်နိုင်ငံလုံးအနှံ့က ကိုယ်ထူကိုယ်ထကွန်ရက်နဲ့ စစ်သားတွေကို လှုပ်နှိုး ထကြွစေပြီး ခုခံရေးလှုပ်ရှားမှုကြီး ဖြစ်လာတဲ့အထိပါပဲ။ ဒါကိုကြည့်တော့ (လူမျိုးရေးစိတ်မဟုတ်တဲ့) အားလုံးအတူ နိုင်ငံသားပြည်သူစိတ် (civic identity) က လူတွေနိုးထအောင် လုပ်ရာမှာ အားပျော့တယ်ဆိုတဲ့ အယူကလည်း မဟုတ်ပြန်ဘူး။
အောင်ပွဲရပြီးတဲ့အခါမှာ ဒီစစ်ပွဲကို လူမှုသိပ္ပံသမားတွေသာမက သမိုင်းပညာရှင်တွေကပါ လေ့လာကြလိမ့်မယ်။ အခုအချိန်ကာလမှာ ခေတ်မမီတော့တဲ့ စက်မှုခေတ် အထက်အောက်ပုံစံ အမြင်ကနေ လူသားထုတရပ်လုံးက ပြောင်းနေကြပြီ။ အစုအဖွဲ့တွေ အများကြီးက အသိုက်အမြုံအဖြစ် စုစည်းခံယူပြီး နေ့စဉ်လူမှုဘဝကို စီစဉ်လှုပ်ရှားကြတဲ့ သိမှတ်ပုံဆီ သွားနေကြပြီ။ အဲဒီလို သိမှတ်ခံယူပုံတွေ အသစ်တွေက အားကောင်းတဲ့ နေရာမှာ ရှိမယ်။
ယူကရိန်းရဲ့ အောက်ခြေအစုအဖွဲ့များစွာ ဖြန့်ကြဲစုရုံးတဲ့ နိုင်ငံရေးယဉ်ကျေးမှု (heterarchic political culture) နဲ့ အသစ်ရရှိတဲ့ ပေါင်းစည်းမှု မော်ဒယ်ဟာ လူ့ယဉ်ကျေးမှုကို ထည့်ဝင်ဖြည့်ဆည်းပေးတဲ့ အရာတွေလို့ တချိန်မှာ ပြောနိုင်မလား အတွေးပွားမိတယ်။ ပိုကောင်းတဲ့ ဖွံ့ဖြိုးမှုဆီသွားရာ တွန်းအားပေါ့။ ဒီလို ခမ်းခမ်းနာနားတွေ ပြောနေလို့ လက်ရှိတွေ့ကြုံနေရတဲ့ ကြေကွဲစရာအဖြစ်တွေ ယုတ်လျော့မသွားပါဘူး။ ဒါပေမဲ့ စစ်မြေပြင်အသီးသီးမှာ စွန့်လွှတ်ရင်ဆိုင်နေရင်းကပဲ ကျုပ်တို့ယူကရိန်းတွေဟာ ဥရောပ (အနောက်တိုင်း) ယဉ်ကျေးမှုရဲ့ နောက်ထပ်သော ဖွံ့ဖြိုရေးအပြောင်းအလဲတွေကို တွန်းတင်နေတယ်လို့ ခံယူနိုင်တာ စိတ်သက်သာစရာ ဖြစ်ရပါတယ်။
ဒီနည်းနဲ့ အသိဉာဏ်မဲ့ စစ်ပွဲကို မျှော်ရည်စရာ ဦးတည်ချက် အဓိပ္ပာယ်ရှိအောင် လုပ်လို့ရပါတယ်။
ဒီဆောင်းပါးမှာ ယူကရိန်းတော်လှန်ရေးရဲ့ အင်အားရှိမှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ရှုမြင်သုံးသပ်ချက်တွေ ပါနေပါတယ်။ မြန်မာ့နွေဦးတော်လှန်ရေးနဲ့လည်း အရေးကြီးတဲ့ နေရာတွေမှာ ဆင်တူနေတာတွေ ရှိပါတယ်။
ဥပမာအားဖြင့် (အထက်အောက်မဟုတ်တဲ့) အောက်ခြေရေပြင်ညီ ဖွဲ့စည်းပုံဟာ ကျူးကျော်သူ ရုရှားစစ်ကြောင်းရှည်ကြီးတွေကို ရင်ဆိုင်ရာမှာ အလွန်ပဲထိရောက်ပါတယ်။ ယူကရိန်းခုခံစစ်ကို လှုပ်ရှားမှုမြန်တဲ့ တပြိုင်တည်းမှာ ပေါ်လာကြတဲ့ အဖွဲ့လေးပေါင်းများစွာက လုပ်ကြတာပါ။ ဒီအဖွဲ့လေးတွေဟာ ဘာလုပ်ပါလို့ ပြောစရာမလိုဘဲ ဘာလုပ်ရမယ်ဆိုတာကို သိကြတယ်။
ဒီဆောင်းပါးမှာ နောက်တခုကြည့်ရမှာက အားလုံးပါဝင်နိုင်တဲ့ နိုင်ငံတည်သဘောတရားနဲ့ လူမျိုး ဘာသာစကား သမိုင်းပုံပြင်တွေအပေါ်မှာပဲ ကျဉ်းကျဉ်းမြောင်းမြောင်း အခြေခံတဲ့ နိုင်ငံတည် သဘောတရားနှစ်ခုရဲ့ ကွာခြားချက်ပါ။ လက်ရှိ ယူကရိန်းရဲ့ ရုန်းကန်မှုမှာတော့ “အားလုံး အတူတကွ ယူကရိန်းအမျိုးသားရေးဝါဒ” ခံယူမှုကနေ အင်အားဖြစ်နေကြပါတယ်။
ရုရှားကို ခုခံတိုက်ခိုက်နိုင်လျက်ရှိသော ယူကရိန်းလူထု၏ စုဖွဲ့မှု နမူနာကောင်းများက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အထောက်အကူဖြစ်လာနေ။
ကမ္ဘာ့ ဒုတိယအကြီးဆုံး ရုရှားစစ်တပ်ရဲ့ တိုက်ခိုက်ခြင်းခံခဲ့ရပေမဲ့ လက်ရှိအချိန်အထိ ယူကရိန်းပြည်သူတွေက ရုရှားရဲ့ ကျူးကျော်စစ်ကို ကောင်းကောင်း တွန်းလှန်ခုခံနေကြပါတယ်။ ရုရှားတွေက သူတို့ အလွယ်တကူ ယူကရိန်းကို သိမ်းပိုက် အနိုင်ယူနိုင်မယ်လို့ ထင်ခဲ့ကြပေမဲ့ ရုရှားတွေရဲ့ အိပ်မက်ကို ယူကရိန်းပြည်သူတွေက လက်ချင်းယှက်လို့ ဖျက်ဆီးပြလိုက်ပါတယ်။
ယူကရိန်းလူထုရဲ့ စုဖွဲ့မှု အင်အားကောင်းလွန်းပြီး ရှေ့တန်းက ပါဝင်နေတဲ့ ယူကရိန်း ပြည်သူတွေရဲ့ တွန်းလှန်မှုတွေက လူသားအားလုံးအတွက် တကယ့်ကို စံပြ နမူနာတွေ ဖြစ်လာနေပါတယ်။
မြန်မာနိုင်ငံမှာလည်း မင်းအောင်လှိုင်က အာဏာသိမ်းယူပြီး ပြည်သူတွေကို အလွယ်တကူ အုပ်ချုပ်ခွင့်ရမယ်လို့ မျှော်လင့်ခန့်မှန်းမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း စုဖွဲ့မှု အင်အားကောင်းတဲ့ မြန်မာ့လူထုက လက်ချင်းချိတ်လို့ မင်းအောင်လှိုင်နဲ့ စစ်တပ်ရဲ့ ဗိုလ်ကျအနိုင်ကျင့်မှုကို ၁ နှစ်ကျော်သည်အထိ တွန်းလှန်နေကြပါတယ်။
ပါမောက္ခ Mychailo Wynnyckyj က ၂၁ ရာစု ခေတ်သစ် လူထုစုဖွဲ့မှု ကွန်ရက်က ရုရှားရဲ့ရန်လိုမှု တိုက်ဖျက်ရေး စစ်ပွဲမှာ ယူကရိန်းရဲ့ ခုခံတွန်းလှန်စစ်အတွက် အောင်မြင်မှုကို ဘယ်လို အထောက်အကူပြုနေလဲဆိုတာ ရှင်းပြထားပါတယ်။ ဒီအချက်ဟာ မြန်မာလူထုအတွက် စဉ်းစားတွေးခေါ်စရာ နည်းလမ်းအသစ်တွေ ရရှိစေနိုင်ပါတယ်။
By Mychailo Wynnyckyj
(မြန်မာပြည်နှင့် နှိုင်းယှဉ်စဉ်းစားရန် မီချိန်လို၏ ဆောင်းပါးကို တင်ပြခြင်း)