ရက္ခိုင့်တပ်တော်(အေအေ)ဘက်ကို စစ်ကောင်စီ တပ်သား ရာချီထွက်ပြေးခိုလှုံလာတယ်လို့ ဇွန် ၁၄ ရက် ဒီနေ့မနက် အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။
ထွက်ပြေးလာတဲ့ စစ်သားတွေကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက်ထားမှုနဲ့ ကူညီပေးထားတယ်လို့ သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းမှုကို အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ဆီကို အေအေဘက်ကိုထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီပြီး ရှိပါတယ်။ အဲ့ဒီလူတွေကို ကျနော်တို့ တတ်နိုင်သမျှ လူသားချင်စာနာထောက်ထားမှု အပြည့်နဲ့ ကူညီပေးနေတာတွေရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ပြောသွားဖို့မရှိဘူး။ ဒါပေမဲ့ အဲဒီလို ထွက်ပြေးလာတဲ့လူတွေကို ကျနော်တို့ဆီကိုရောက်လာပြီဆိုရင် ကျနော်တို့ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံး ကူညီတာတွေ နေရာချထားပေးတာတွေ လုပ်ဆောင်နေတယ်။”
၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲ ထိတွေ့မှု လေးကြိမ်အထိ ရှိခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ စစ်ကောင်စီ ဒုဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဇွန်လ ၁၃ ရက်မှာ စစ်တွေနဲ့ ဘူးသီးတောင်တပ်နယ်တွေကိုသွားရောက်ပြီး စစ်ကောင်စီမိသားစုဝင်တွေနဲ့ တွေဆုံခဲ့ကာ တပ်တွင်းစည်းရုံးရေးဆင်းခဲ့တယ်လို့ သိရပါတယ်။
အပြောတမျိုးအလုပ်တမျိုးလုပ်တဲ့ စစ်တပ်နဲ့ လက်ရှိမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့မရှိတဲ့အကြောင်းနဲ့ မြန်မာစစ်တပ်ရဲ့ အနေအထားကိုကြည့်ပြီး လိုအပ်ရင် လိုအပ်သလို တုံ့ပြန်သွားမှာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် အေအေ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဒီဗွီဘီကို ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်နေပေမယ့် သူရဲ့ တပ်ဖွဲ့တွေက ရခိုင်ပြည်နယ်မှာ စစ်အင်အားတိုးချဲ့ပြီး အေအေအဖွဲ့ကို အချိန်မရွေးတိုက်ခိုက်နိုင်အောင်ပြင်ဆင်နေတာကြောင့် အပြောနဲ့အလုပ်မညီတဲ့အတွက် စစ်တပ်နဲ့ အေအေကြား တွေ့ဆုံဆွေးနွေးရေးက ဖြစ်လာမှာမဟုတ်ဘူးလို့ ခိုင်သုခက ပြောပါတယ်
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ တကယ်ငြိမ်းချမ်းရေးရချင်တယ်ဆိုရင် ငြိမ်းချမ်းရေးရနိုင်တဲ့ အပြောအဆို အပြုအမူတွေကို လုပ်ဆောင်ဖို့လိုအပ်ပြီး ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဖိနှိပ်နေတာတွေကို မရပ်တန့်ဘူးဆိုရင်လည်း ဘယ်လိုမှ ပြေလည်လာနိုင်ဖို့မရှိဘူးလို့လည်း ဆိုပါတယ်။
ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ “လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းလိုတဲ့ စိတ်နေသဘောထား မြန်မာစစ်တပ်မှာ ရှိတယ်ဆိုရင် သူတို့အခုလုပ်နေတဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ အခုဒီတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ရပ်တန့်ထားဖို့ ရေးကြီးတယ်။ ဒီလိုမှပဲ တဖက်နဲ့ တဖက် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဆီကို တဖြည်းဖြည်းချင်း ဦးတည်လာမှာဖြစ်တယ်။ အပြောနဲ့ အလုပ်မညီဘူးဆိုရင်တော့ ဘာမှ ဆက်လုပ်လို့ရမယ့်အနေအထားမဟုတ်ဘူးလို့ ကျနော်တို့ ကတော့ အဲလိုပဲသုံးသပ်တယ်၊ သူတို့ရဲ့ ပကတိ စိတ်နေသဘောထားကို ဖော်ပြနေတယ်လို့ ပြောလို့ရတယ်၊ ဒီအနေအထားနဲ့ကတော့ တဖက်နဲ့တဖက် တွေ့ဆုံဆွေးနွေးဖို့ဆိုတာကတော့ ဘယ်လိုမှ ယုံကြည်စိတ်ချလို့ မရတဲ့ အနေအထားလို့ ပြောလို့ရတာပေါ့”
အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်ထဲမှာ နေထိုင်တဲ့ ပြည်သူတွေဒုက္ခမရောက်စေချင်တာကြောင့် စစ်တပ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်နေတာဖြစ်ပြီး ပြဿနာဖြစ်လာရင်တော့ စစ်တပ်ကို အဆိုးမဆိုနဲ့လို့ မေလ ၁၉ ရက် နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
“ရခိုင်မှာ အခုဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာ တက်လာရင် တပ်မတော်ကို အဆိုးမဆိုပါနဲ့လို့ ပြောချင်ပါတယ်။”
ရခိုင်ပြည်နယ်အတွင်းမှာ စစ်တပ်က စစ်ဆေးဖမ်းဆီးတာတွေ ခပ်စိပ်စိပ်လုပ်လာတာကြောင့် အေအေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးကို မကြာသေးခင်ကပဲ တွစ်တာလူမှုကွန်ရက်ကနေ သတိပေးခဲ့ပါတယ်။
အခုလို အေအေအဖွဲ့ရဲ့လုပ်ဆောင်ချက်တွေဟာ တိုက်ပွဲခေါ်တဲ့ပုံစံမျိုး တွေ့လာရသလို တိုင်းစစ်ဌာနချုပ်ကိုပါ ခြိမ်းခြောက်လာပြီးစစ်တပ်ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ တရားစီရင်ရေးတွေကို ဝင်ရောက်နှောင့်ယှက်တာတွေရှိတယ်လို့လည်း အာဏာသိမ်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်တွေက လက်နက်အင်အား လူအင်အားဖြည့်ဆည်းမှုတွေရှိနေသလို ရခိုင်ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေကို နှောင့်ယှက်တာ ပြည်သူလူထုကို ဖိနှိပ်တာတွေလုပ်ဆောင်နေတာကြောင့် နှစ်ဖက် စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြန်ဖြစ်လာနိုင်တဲ့အခြေနေရှိနေပါတယ်။
ဒါ့ကြောင့်ပြည်သူတွေအနေနဲ့ စစ်တပ်စခန်းတွေနားကို မသွားကြဖို့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ခရီးအတူမသွားကြဖို့ အေအေကထုတ်ပြန်ထားပြီး စစ်ရေးပြင်းထန်မှုအခြေအနေက အာဏာသိမ်းစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ ပဲမူတည်နေတယ်လို့ ခိုင်သုခ ကပြောပါတယ်။
“ဒီကိစ္စတွေဘာဆက်ဖြစ်မလဲဆိုတာကတော့ သူတို့ရဲ့ လှုပ်ရှားမှုအပေါ်အများကြီးမူတည်ပါလိမ့်မယ်။ ကျနော်တို့ကတော့ မြန်မာစစ်တပ်ရဲ့ လှုပ်ရှားမှု အနေအထားကိုကြည့်ပြီးတော့မှ လိုအပ်ရင် လိုအပ်သလို ကျနော်တို့ ဒါတုံ့ပြန်သွားမှာဖြစ်ပါတယ်”လို့ခိုင်သုခက ပြောပါတယ်။
တဖက်မှာ အေအေနဲ့ မြန်မာစစ်တပ်အကြား စစ်ရေးတင်မာနေချိန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အေအေစစ်ဦးစီးချုပ်ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) တာဝန်ရှိသူတွေကတော့ အွန်လိုင်းကနေတွေဆုံပြီး လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေကို ဆွေးနွေးခဲ့ကြပါတယ်။