close

ခုန်ချသွား

close

October 29, 2022

အနော်မာရေကန်ထဲ ခုန်ချသွားသည့် အမျိုးသားရုပ်အလောင်း ပြန်တွေ့

ရန်ကုန်တိုင်း၊ သာကေတမြို့နယ် ၁/အနော်မာရပ်ကွက် အနော်မာရေကန်အတွင်း ခုန်ချသွားတဲ့ အသက်လေးဆယ်အရွယ် အမျိုးသားရုပ်အလောင်းကို ဒီကနေ့ မနက်ကိုးနာရီက ပြန်တွေ့ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အောက်တိုဘာ ၂၈ ရက် မနက်ဆယ်နာရီက အမျိုးသားတဦး ၁/အနော်မာရပ်ကွက် အနော်မာရေကန်ထဲ ခုန်ချသွားပြီး ပြန်မတက်လာတာကြောင့် မီးသတ်တွေနဲ့ပရဟိတအဖွဲ့အစည်းတွေက ညနေ ၆ နာရီအထိ ရှာဖွေခဲ့ပေမယ့် မတွေ့ဘဲ ဒီနေ့ ပြန်တွေ့တာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"သူဆင်းသွားတာ ကလေးမလေးတယောက်က မြင်လိုက်တာ၊ ပြန်မတက်လာလို့ လူကြီးတွေကိုပြောပြီး ပရဟိတသမားတွေကို အကြောင်းကြားလိုက်တာ။" 

လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက  "မနေ့ကတည်းက အဖွဲ့အစည်းတွေပေါင်းပြီး ရှာဖွေတာပါ။ ဒီကနေ့ မနက်အစောကြီးကတည်းက လိုက်ရှာကြတာ၊ မနက်ကိုးနာရီလောက်မှာ အလောင်းပြန်တွေ့ပါတယ်" လို့ ပြောပါတယ်။

သေဆုံးသူရဲ့  ရုပ်အလောင်းကို  ပေးဆပ်သူ လူမှုကူညီရေးအသင်းကားနဲ့ သင်္ဃန်းကျွန်းစံပြဆေး ရုံရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

သေဆုံးသွားတဲ့အမျိုးသားဟာ ၁/အနော်မာရပ်ကွက် အတွင်းနေထိုင်သူဖြစ်ပြီး ဇနီးဖြစ်သူနဲ့ သားတယောက်ကျန်ခဲ့တယ်လို့ ရက်ကွက်နေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း သာကေတမြို့နယ် ကမာကြည်တံတားပေါ်ကနေ  အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ငမိုးရိပ်ချောင်းအတွင်း ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လတွေကလည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ မြစ်ကူးတံတား ချောင်းကူးတံတားတွေကနေ ရေထဲခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တာ ၉ ဦးထပ်မနည်း ရှိပြီလို့ သိပါတယ်။ 

3 hours Ago
Up