ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် အမှတ် ၂ ကမာကြည်တံ တားပေါ် ကနေ ဒီကနေ့ မနက် ကိုးနာရီက အမျိုးသမီးတဦး ခုန်ချခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
တောင်ဒဂုံမြို့နယ် အမှတ် ၂ ကမာကြည် တံတားဘက်အခြမ်းမှ ဒီကနေ့ မနက်ကိုးနာရီက အမျိုးသမီးတစ်ဦး ငမိုးရိပ်ချောင်းအတွင်း ခုန်ချခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"တံတားပေါ်ကနေ ဖုန်းရယ်၊ ပိုက်ဆံအိတ်ရယ်၊ အသုံးအဆောင်ပစွည်းတွေရယ် ထားခဲ့ပြီး ခုန်ချသွားတာ။"
ငမိုးရိပ်ချောင်းအတွင်း ရေထဲခုန်ချတဲ့ အမျိုးသမီးကို လက်တလောရှာမတွေ့သေးဘူးလို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ကမာကြည်တံတားတော့ ဟုတ်တယ်၊ ကောင်မလေးခုန်ချတာက တောင်ဒဂုံမြို့နယ်ဘက်အခြမ်းကပါ။ ကူညီနေတုန်းပဲ ရှာမတွေ့သေးဘူး။"
အမှတ် ၂ ကမာကြည်တံတားပေါ်မှ ခုန်ချခဲ့တဲ့အမျိုးသမီးဟာ ငမိုးရိပ်ချောင်းအတွင်း မခုန်ချမီ လက်ကိုင်ပိုက်ဆံအိတ်၊ ဖုန်းနဲ့ အသုံးအဆောင်ပစွည်းအချို့ကို တံတားပေါ်မှာ ထားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
အမှတ် ၂ ကမာကြည်တံတားပေါ်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က အမျိုးသားတဦး ငမိုးရိပ်ချောင်းထဲ ခုန်ချခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့လတွေကလည်း ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့ ရန်ကုန်တိုင်းက မြို့နယ်အချို့မှာ မြစ်ကူးတံတား ချောင်းကူးတံတားတွေကနေ ရေထဲခုန်ချပြီး မိမိကိုယ်ကို အဆုံးစီရင်ခဲ့လို့ သေဆုံးသူ ကိုးဦးထပ်မနည်းရှိပါတယ်။
အသက် ၂၄ အရွယ် အမျိုးသမီးတဦးဟာ သုံးနှစ်သမီးလေးနဲ့အတူ ဒီကနေ့ ညနေ ၃ နာရီကျော်လောက်မှာ ပြည်-နဝေးဒေးတံတားပေါ်မှ ခုန်ချသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
“ကလေးကို လက်ဆွဲပြီး တံတားပေါ်လျှောက်လာတာ၊ ပြီးတော့ ကလေးကိုချီလိုက်တယ်၊ ဘယ်သူမှ ဒီလိုခုန်ချမယ်လို့ မထင်ကြဘူးလေ၊ ပြီးမှ ဖိနပ်ချွတ်ပြီး ခုန်ချသွားတာ" လို မျက်မြင်မြို့ခံတဦးက ပြောပါတယ်။
အဆိုပါသားအမိနှစ်ဦးခုန်ချပြီးနောက် တံတားပေါ်ရှိ လူတွေက မရဟိတအဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်လို့ ဆိုပါတယ်။
"ခုန်ချပြီးတော့ ကလေးပေါ်သေးတယ်၊ ရေစီးကအရမ်းသန်နေတော့ ရေစီးနဲ့မျှောသွားတာဖြစ်မယ်၊ အခုချိန်ထိ ရှာမတွေ့သေးဘူး။"
လက်တလောမှာ သားအမိနှစ်ယောက်ကို သက်ဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေပူးပေါင်းပြီး ရှာဖွေနေတယ်လို့ ပြည်လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။
“ရှာနေတုန်းပါပဲ။ လက်ရှိအခြေအနေထိ သိရရင် ပြန်ပြောပေးပါမယ်။”
ဧရာဝတီမြစ်ထဲခုန်ချတဲ့ သားအမိဟာ မိပြည်မြို့ ၇ ရပ်ကွက် မြို့သစ် ၁၂ လမ်းမှာ နေထိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက် ၅၈ နှစ်အရွယ် အမျိုးသားတဦး ခုန်ချပြီးသေကြောင်း ကြံစည်ခဲ့ဖူးပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားတွေဟာ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေရှိပြီး အခက်အခဲတွေနဲ့ကြုံရပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေ ရှိနေပါတယ်။