close

ခုံတိုင်ကျေးရွာ

close

January 8, 2022

မောင်တောမြောက်ပိုင်းတွင် ခုံတိုင်ကျေးရွာသား ၁ ဦး သေနတ်ပစ်ခံရပြီး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာကနေ  တောထဲ ဝါးသွားခုတ်တဲ့ “မြို"အမျိုးသားတယောက် ဇန်နဝါရီ ၇ ရက် မနက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့  ခြေထောက်ဒဏ်ရာရရှိကာ မောင်တောဆေးရုံမှာ ဆေးကုသမှု ခံယူနေရ ပါတယ်။

ခုံတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်လှက “ကျနော်တို့ ခုံတိုင်ကျေးရွာသား ၂၀ ကျော်ဝါးသွားခုတ်ကြတဲ့အခါ ARSA အဖွဲ့နဲ့တွေ့ပြီး ထွက်ပြေးကြရာမှာ သေနတ်နဲ့လှမ်းပစ်လို့ ရွာသား တစ်ယောက် ခြေထောက်မှာ ကျည်ထိမှန်ခဲ့ပါတယ်” လို့ ပြောပါတယ်။

ဘယ်ဘက်ခြေထောက် ဒူးခေါင်းသေနတ်ကျည်ထိမှန်ခဲ့သူကတော့ ခုံတိုင်ကျေးရွာမှ အသက် ၃၅ နှစ်အရွယ်  ဦးထွန်းလောက်ဖြစ်ပြီး  သေနတ်နဲ့ ပစ်ခတ်သူတွေဟာ  ARSA အဖွဲ့က ဖြစ်တယ်လို့ အုပ်ချုပ်ရေးမှူနဲ့ ဒေသခံရွာသားတွေက  ပြောနေပေမဲ့  သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။ 

ခုံတိုင်ကျေးရွာသား ၂၃ ယောက်ဟာ မောင်တောမြို့နယ်မြောက်ပိုင်း လဘော်ချောင်းအထက်ပိုင်းမှာ ဝါးခုတ်ပြီးနောက် ဝါးတွေကို ဖောင်ဖွဲ့နေကြစဥ် အင်အား ၂၀ ကျော်တဲ့ ARSA လက်နက်ကိုင်တွေနဲ့ တွေ့ရှိထွက်ပြေးကြရာ သေနတ်နဲ့ လိုက်လံပစ်ခတ်ခံခဲ့ရတာလို့ ဒဏ်ရာရရှိသူ ဦးထွန်းလောက်က  ပြောပါတယ်။

"ကျနော်တို့ဝါးခုတ်ပြီး ဖောင်ဖွဲ့နေကြတဲ့အချိန်မှာ ARSA  ၂၀ ကျော်လောက်ရှိတဲ့ အဖွဲ့နဲ့ တွေ့တာပါ။ ယူနီဖောင်းတွေဝတ်ထားပြီး သေနတ်တွေကိုင်ထားကြပါတယ်။ ကျနော်တို့ ထွက်ပြေးကြရာမှာ သေနတ်နဲ့ခြောက်ချက်လောက်လှမ်းပစ်တယ်။ ကျနော့် ခြေထောက်မှာ တစ်ချက်ထိတာပါ။ 

သေနတ်ဒဏ်ရာနဲ့ မပြေးနိုင်လို့ တောထဲမှာ ပုန်းနေပြီး ရွာသားတွေကိုဖုန်းဆက် အကြောင်းကြားပြီး အကူအညီတောင်းလို့ သူတို့လိုက်လာပြီး ဆေးရုံကို ထမ်းစင်နဲ့သယ်ယူလာခဲ့တာလို့ ဦးထွန်းလောက်က ပြောပါတယ်။ 

လက်ရှိ ဘယ်ခြေထောက်ကျည်ဆန်ထိမှန်ဒဏ်ရာကို ကုသဖို့ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှာ ဓာတ်မှန် ရိုက်ထားပြီး အရိုးထိမှန်ခြင်းရှိ၊ မရှိ အဖြေမသိရသေးဘူးလို့ သိရပါတယ်။

59 seconds Ago
Up