close

ခေါင်းဖြတ်

close

August 20, 2022

အမေရိကန်ဓားစာခံများ ခေါင်းဖြတ်သတ်ခံရမှုတွင် ပူးပေါင်းကြံစည်သူ ၁ ဦးထောင်ဒဏ် တသက်ကျ

အမေရိကန်သတင်းထောက်တွေနဲ့ အကူအညီပေးရေးလုပ်သားတွေကို ခေါင်းဖြတ်သတ်ရာမှာ ပူးပေါင်းကြံစည်မှုနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ ဆဲလ်အဖွဲ့ဝင်တယောက်ကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့လို့ သြဂုတ် ၁၉ ရက် သောကြာနေ့မှာ ဖက်ဒရယ်တရားရုံးကနေ ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။

ဗြိတိန်နိုင်ငံသားဟောင်း အသက် ၃၃ နှစ်အရွယ် အလ်ရှာဖှီး အလ်ရှိက်ခ်ဟာ "The Beatles" လို့ခေါ်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်- အိုင်အက်စ်ဆဲလ်ရဲ့  အစိတ်အပိုင်းဖြစ်ခဲ့ပြီး အီရတ်နဲ့ ဆီးရီးယားရှိ အမေရိကန် ဓားစာခံတွေကို ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ကြောင်း ဂျူရီလူကြီးတွေက ကောက်ချက် ချခဲ့ပါတယ်။

ဆူဒန်မှာ မွေးဖွားပြီး လန်ဒန်မှာ ကြီးပြင်းလာသူ အလ်ရှိက်ခ်ဟာ အမေရိကန် ဓားစာခံ လေးယောက်ဖြစ်တဲ့ ဂျိမ်းစ်ဖှိုလေ၊ စတီဗင် ဆော့ထ်လော့ဖှ်၊ ပီတာကက်ဆစ်ဂ်နဲ့ ကေးလာ မူအယ်လာတို့ကို သတ်ဖြတ်ရာမှာ ပူးပေါင်းကြံစည်ခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

ဖှိုလေ နဲ့ ဆော့ထ်လော့ဖှ်တို့  ၂ ဦးစလုံးဟာ သူတို့ခေါင်းဖြတ် အသတ်ခံခဲ့ရတာကို ဗီဒီယိုရိုက်ကူးခံခဲ့ရတာပါ။ 

မူအယ်လာကတော့ ဆီးရီးယားမှာ သူ မသေဆုံးခင်မှာ အဲဒီအချိန်က အဖွဲ့ခေါင်းဆောင် အဘူဘကာ-အလ်-ဘာ့ဂ်ဒါ့ဒီက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဖှိုလေ၊ ဆော့ထ်လော့ဖှ်နဲ့ ကက်ဆစ်ဂ် တို့ရဲ့ သေဆုံးမှုကို ၂၀၁၄ ခုနှစ်မှာ အတည်ပြုခဲ့ပြီး မူအယ်လာ ရဲ့ သေဆုံးမှုကို ၂၀၁၅ ခုနှစ်အစောပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံသား အဖြစ်ကနေ ရုပ်သိမ်းခံခဲ့ရတဲ့ အလ်ရှိက်ခ်ကို စွဲဆိုထားတဲ့ စွဲချက်တွေဟာ သေဒဏ် ချမှတ်နိုင်ပေမယ့် အမေရိကန် အစိုးရရှေ့နေတွေက သေဒဏ်ကို မချဖို့ အရင်ကတည်းက အကြံပေးခဲ့ပါတယ်။

"The Beatles" ဆဲလ်ရဲ့ တခြားအဖွဲ့ဝင် အလက်ဇန္ဒာကိုတီးကို အမေရိကန်တရားသူကြီးက အခုနှစ်အစောပိုင်းမှာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပါတယ်။ အမေရိကန်မှာ တရားရင်ဆိုင်ဖို့ ခေါ်မသွားခင် ကိုတီးကို အမေရိကန်စစ်တပ်က အီရတ်မှာ ချုပ်နှောင်ထားခဲ့ပါတယ်။

သူဟာ  ဖှိုလေ၊ ဆော့ထ်လော့ဖှ်၊ ကက်ဆစ်ဂ်နဲ့ မူအယ်လာတို့ကို သတ်ဖြတ်မှုတွေအတွက် ပြီးခဲ့တဲ့ စက်တင်ဘာလက အပြစ်ရှိကြောင်း ၀န်ခံခဲ့ပါတယ်။ 

အုပ်စုရဲ့ တတိယအဖွဲ့ဝင် မိုဟာမက် အမ်ဝါဇီ ကတော့ ၂၀၁၅ ခုနှစ်က ဆီးရီးယားမှာ အမေရိကန်-ဗြိတိန် ဒုံးကျည်ပစ်ခတ်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။

3 hours Ago
Up