ရုရှား ပင်လယ်နက်တပ်မဟာက ရေယာဉ်အုပ်စုမှူး ကိုယ်တိုင် စီးနင်းတဲ့ ဒုံးကျည်သုံး ဖျက်သင်္ဘော မော့စ်ခ်ဗာဟာ ခဲယမ်းမီးကျောက် ပေါက်ကွဲမှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး အင်တာဖက်စ် သတင်းဌာနက ဧပြီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သင်္ဘောပေါ်က လူအားလုံးကို ဘေးကင်းရာ ရွှေ့ပေးခဲ့ပြီး မီးလောင်ပေါက်ကွဲရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
ဆီဗက်စတိုပိုမြို့ဆိပ်ကမ်းမှာ ဒီသင်္ဘော မပေါက်ကွဲခင်ကပုံကို ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ပုံရိပ်ကို မက်ဇာ နည်းပညာကုမ္ပဏီက ဧပြီ ၁၃ ရက်မှာ ဖြန့်ချိလိုက်ပါတယ်။
ဒီဖျက်သင်္ဘောဟာ သင်္ဘောဖျက်ဒုံးကျည် ၂ စီး ထိမှန်ခဲ့ဖူးတယ်လို့ ယူကရိန်း အရာရှိတယောက်က အစောပိုင်းမှာ ပြောပေမယ့် ဘယ်လိုသက်သေကိုမှ မပေးခဲ့ပါဘူး။
ပင်လယ်နက်ဒေသ ဩဒက်ဆာဆိပ်ကမ်း အုပ်ချုပ်ရေးမှူးကတော့ မော့စ်ခ်ဗာ ဖျက်သင်္ဘောဟာ ယူကရိန်းလုပ် နက်ပ်ကျွန်း သင်္ဘောဖျက်ဒုံးကျည် ၂ စီး ထိမှန်ခဲ့ဖူးတယ်လို့ ပြောပါတယ်။
တန်ချိန် ၁၂,၅၀၀ ရှိတဲ့ သင်္ဘောပေါ်မှာ ဝန်ထမ်း အယောက် ၅၀၀ ပါလေ့ရှိပါတယ်။
အရင်လကလည်း ယူကရိန်းဟာ ရုရှားရဲ့ မြေပြင်ပံ့ပိုးရေး သင်္ဘောအကြီးတစီးကို ပင်လယ်နက်ရဲ့ အရှေ့မြောက်ပိုင်းက အေဇော့ဗ်ပင်လယ်ထဲမှာ ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ ရုရှားကတော့ အဲဒီသင်္ဘော ဘာဖြစ်သွားတယ်ဆိုတာ သတင်းမထုတ်ပြန်ခဲ့ပါဘူး။