ချက်သမ္မတနိုင်ငံက ဘီလျံနာသူဌေးကြီးလည်းဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အန်ဒရေး ဘားဘာ့စ် ဟာ သူ ဝင်ပြိုင်မယ့် သမ္မတရွေးကောက်ပွဲ မစတင်မီ ရက်ပိုင်းအလိုမှာ ယူရိုငွေ ၂ သန်း ထောက်ပံ့ငွေနဲ့ ပတ်သက်ပြီး လိမ်လည်မှုစွပ်စွဲချက်တွေကို ခုခံချေဖျက်ဖို့ ဇန်နဝါရီ ၄ ရက်က တရားရုံးကို ပြန်ရောက်လာပါတယ်။
ဘားဘာ့စ်ဟာ ချက်နိုင်ငံရေးမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း သြဇာကြီးတဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ်ရော ဝန်ကြီးချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့ ANO ပါတီက ပါလီမန်မှာ အမတ်နေရာအများဆုံး ရရှိထားခဲ့ပေမဲ့ အတိုက်အခံပါတီတွေ ပေါင်းစည်းပြီးတော့ သူ့ကို နေရာကနေ ဖယ်ရှားခဲ့တာပါ။
သူ့ရဲ့ပါတီဟာ အခုလက်ရှိ အတိုက်အခံဖြစ်နေပြီး အသက် ၆၈ နှစ် အရွယ် ဘားဘာ့စ် ဟာ မတ်လမှာ ဒုတိယသက်တမ်း ကုန်ဆုံးတော့မယ့် သူ့ရဲ့မဟာမိတ် လက်ရှိသမ္မတ မီလို့ရှ် ဇေမန်း နေရာမှာ အစားထိုးဖို့အတွက် သမ္မတရာထူးကို ရယူဖို့ ကြိုးပမ်းနေပါတယ်။
ဒါပေမဲ့ Agrofert ဓာတုပစ္စည်းတွေ၊ စိုက်ပျိုးရေး၊ အစားအစာနဲ့ မီဒီယာလုပ်ငန်းစုကြီးရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဘားဘာ့စ်ဟာ သူ့ရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာကြောင့် အကျိုးစီးပွားဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာ ကြာနေပါပြီ။
ဘားဘာ့စ်ရဲ့ တရားခွင်မှာ သူ့ရဲ့ ANO ပါတီကို မဖွဲ့စည်းခင် ၂၀၁၁ ခုနှစ်က ပရာ့ဂ်မြို့တော်အနီးရှိ Stork's Nest ကွန်ဖရင့်စင်တာကို တည်ဆောက်မယ့် ပရောဂျက်မှာ သူ့ရဲ့ပိုင်ဆိုင်မှုကို ဖုံးကွယ်ထားပြီးတော့ အီးယူ ထောက်ပံ့ကြေးကို တရားမဝင် ရယူခဲ့တယ် ဆိုတဲ့ စွဲချက်တွေလည်း ပါဝင်နေတာပါ။
ဘားဘာ့စ်ကတော့ သူ အမှားလုပ်ထားတာ မရှိကြောင်း ငြင်းဆိုထားပြီး သူ့ကို နိုင်ငံရေးအရ အမှုဆင်ထားတာလို့ အကြိမ်ကြိမ် ပယ်ချထားပါတယ်။
ဘားဘာ့စ်ကို တရားရုံးက အပြစ်ရှိကြောင်း တွေ့ရှိရပြီး သူ့ကို ထောင်ဒဏ် ချမှတ်နိုင်ခဲ့ရင်တောင် ရွေးကောက်ပွဲမတိုင်ခင် ကြားနာဖို့ အယူခံဝင်နိုင်ပါတယ်။
ဖို့ဘ်စ်မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ် စာရင်းအရ ချက်နိုင်ငံရဲ့ ပဉ္စမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဘားဘာ့စ် ဟာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာ ပထမအကြိမ် စတင်မဲပေးမယ့် ရွေးကောက်ပွဲမှာ လူကြိုက်အများဆုံး ပုဂ္ဂိုလ်တွေထဲက တယောက်ဖြစ်ပါတယ်။