close

ချင်းစစ်ဘေးရှောင်

close

February 28, 2023

တူမီးထီရောင်းရငွေများဖြင့် ချင်းစစ်ဘေးရှောင်ပညာရေးအတွက် လှူဒါန်း (ဓာတ်ပုံ)

တူမီးထီ အစီအစဉ်ကနေ ၇၅ နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့မှာ ထီဖွင့်လှစ်ရောင်းချခဲ့ပြီး မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်ခရိုင်ရှိ စစ်ဘေးရှောင်စခန်းတခုမှ ကလေးသူငယ်တွေ ပညာရေးအတွက် အိန္ဒိယရူပီး ၄၀,၀၀၀ (မြန်မာငွေ ကျပ် ၁၃ သိန်းကျော်) တန်ဖိုးရှိတဲ့ စာ‌ရေးကိရိယာတွေနဲ့ မုန့်ပဲသရေစာတွေကို ဖေ‌ဖော်ဝါရီလ ၂၇ ရက်မှာ CRFP (တူမီးထီ) အဖွဲ့က သွားရောက် လှူဒါန်းခဲ့ပါတယ်။

CRFP တာဝန်ရှိသူတဦးက “မီဇိုရမ်ဘက်က စခန်းတခု၊၊ နောက် မြန်မာဘက် CDf - Zotung နဲ့ CDF - Mara အောက်မှာရှိတဲ့ ပညာရေးကို လှူတာပါ။ ၃ နေရာ လှူပါတယ်။ အိန္ဒိယဘက်ခြမ်းမှာရှိတဲ့ စခန်းတခုတည်းမှာရှိတဲ့ ကလေးငယ် ၁၄ ယောက်အတွက် ရူပီး ၄၀,၀၀၀ (ကျပ် ၁၃ သိန်းကျော်) ဖိုးပါ။ ကျန်တာက မြန်မာပြည်ဘက်ခြမ်းမှာရှိတဲ့ တော်လှန်ရေးအင်အားစု CDF လက်အောက်မှာဖွင့်လှစ်ထားတဲ့ ပညာရေးအတွက် ရူပီး ၂၀,၀၀၀ တဖွဲ့၊ မြန်မာငွေ ကျပ် ၆၂၀,၀၀၀ ကျော် တဖွဲ့ပါ။ စုစုပေါင်း ရူပီး ၆၀,၀၀၀ နဲ့ မြန်မာကျပ်ငွေ ၆၂၀,၀၀၀ ကျော် လှူဒါန်းခဲ့ကြတာ” လို့ ပြောပါတယ်။

ချင်းအမျိုးသားနေ့ထီကို တစောင် ၂ ဒေါ်လာနှုန်းနဲ့ ရောင်းချခဲ့ကာ စုစုပေါင်း စောင်ရေ ၇၁၂ စောင် ရောင်းချနိုင်ခဲ့ကာ ဖေဖော်ဝါရီ ၂၀ ရက် စိန်ရတု ချင်းအမျိုးသားနေ့မှာ ကံထူးရှင် စာရင်းကို ကြေညာခဲ့ပြီး ထီရောင်းရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ - CRFP အ​နေနဲ့ တူမီးထီ ဆိုတဲ့ အွန်လိုင်း ကံစမ်းမဲထီကို ဖွင့်လှစ်လာတာ အပတ်စဥ် ၁၀ အထိရှိနေပြီး ရထားတဲ့ ​တော်လှန်​​ရေး ဘဏ္ဍာ​ငွေဟာလည်း ကျပ် သိန်း ၃၀၀ ​ကျော်ရှိကာ ချင်း​တော်လှန်​ရေးအင်အားစုတွေထံ ဖြန့်ဝေထားပါတယ်။ ​

ရှေ့ဆက်ပြီး တူမီးထီ ​ရောင်းအားမြှင့်တင်​ရေး လှုပ်ရှားမှုကို လုပ်​ဆောင်ပြီး ​တော်လှန်​ရေးအတွက် ဘဏ္ဍာ​​ငွေ ပိုမိုရှာဖွေထောက်ပံ့နိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ CRFP က ပြောပါတယ်။

14 mins Ago

November 14, 2022

ချင်းစစ်ဘေးရှောင်များနှင့် CDF အဖွဲ့ကို ထောက်ပံ့ရန် သရုပ်ဆောင် ပိုင်ဖြိုးသု ရန်ပုံငွေရှာ

ချင်းပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေနဲ့ စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ CDF တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ဆေးဝါးနဲ့ စက်ပစ္စည်းတွေ ဝယ်ယူထောက်ပံ့နိုင်ဖို့ ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသုက Crochet အထည်တွေ ကိုယ်တိုင်ပြုလုပ်ပြီး မဲလက်မှတ် ရောင်းချတဲ့ ရန်ပုံငွေကမ်ပိန်းတခုကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အလှူရှင်တွေ လှူချင်လာစေဖို့ ကြိုးစား ချည်ထိုးရုံတင်မကဘဲ မရိုက်တာ ၂ နှစ်နီးပါးရှိပြီဖြစ်တဲ့ အလှဓာတ်ပုံတွေကိုလည်း ဓာတ်ပုံဆရာနဲ့ ရိုက်ကူးထားခဲ့ပြီး ချင်းပြည်နယ်က ပြည်သူ့ဘက်တော်သား ဆရာဝန်တွေ သတ်မှတ်ထားတဲ့ ပမာဏ မရမချင်း အခါအားလျော်စွာ ပုံတွေတင်သွားမှာဖြစ်တယ်လို့လည်း ပိုင်ဖြိုးသုက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာ ရေးသားထားပါတယ်။

Crochet အထည်တွေ ရောင်းချလို့ ရလာတဲ့ ရန်ပုံငွေကို ချင်းပြည်နယ်က ဆေးခန်းတခုကို အဆင့်မြှင့်တင်ပြီး အဆင့်အတန်းမီတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ နိုင်ငံတကာကို ရောက်ရှိနေတဲ့ သွေးချင်းတွေကလည်း ဝိုင်းဝန်းကူညီလှူဒါန်းဖို့ တောင်းဆိုထားပါတယ်။

အခုကမ်ပိန်းကို နှစ်လတိတိ ပြုလုပ်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ အမေရိကန် အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက ကူညီချင်သူတွေအနေနဲ့ သက်ဆိုင်တဲ့သူတွေဆီမှာ လှူဒါန်းလို့ရသလို တခြား ကျန်သေးတဲ့နိုင်ငံတွေက ရန်ပုံငွေရှာပေးတဲ့ အဖွဲ့တွေနဲ့လည်း ချိတ်ဆက်ပြီး အားလုံးပါဝင်လို့ရအောင် ကြိုးစားနေတယ်လို့လည်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားထားပါတယ်။

ဓာတ်ပုံ - ပိုင်ဖြိုးသု လူမှုကွန်ရက်စာမျက်နှာ

4 months Ago
Up