close

ချင်းတော်လှန်ရေးအဖွဲ့

close

July 27, 2022

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်မည်ဟု ချင်းတော်လှန်ရေး ၁၈ ဖွဲ့ ထုတ်ပြန်

တော်လှန်ရေးညီအစ်ကိုတွေဖြစ်ကြတဲ့ ဦးဖြိုးဇေယျာသော်၊ ဦးဂျင်မီ၊ ဦးလှမျိုးအောင်နဲ့ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ကွပ်မျက်ခဲ့တဲ့အပေါ် Chinland Joint Defense Committee က အပြင်းအထန်ရှုတ်ချပြီး  အာဏာလုအကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမယ်လို့ သဘောထားထုတ်ပြန်ပါတယ်။

Chinland Joint Defense Committee ဟာ ချင်းပြည်ထောင်အတွင်းက ချင်းအမျိုးသားတပ်ဦးအပါအဝင် မြို့နယ်/ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း ၁၈ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကော်မတီ ဖြစ်ကာ နိုင်ငံတကာဥပဒေတွေကို တစိုက်မတ်မတ် လိုက်နာကျင့်သုံးခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်ပိုင်းက စတင်ကာ ချင်းပြည်ထောင်အတွင်း စစ်ရာဇဝတ်မှု (War Crime) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) တွေကို အကြိမ်ကြိမ်ကျူးလွန်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

NUG အစိုးရကလည်း မြန်မာ့ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားသူတွေဖြစ်ကြတဲ့ ဦးကျော်မင်းယု(ခ) ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ ၄ ယောက်ကို အကြမ်းဖက်စစ်ကောင်စီက ပြစ်ဒဏ်စီရင်ပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံခေါင်းဆောင်တွေ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအားလုံးရဲ့ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရှိနေတဲ့ လက်ရှိ အခြေအနေနဲ့ပတ်သက်ပြီး စုစည်း ညီညွတ်စွာနဲ့ စနစ်တကျ တုံ့ပြန်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်းကို အရေးပေါ် အစည်းအဝေးခေါ်ယူဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူလူထုကို နည်းမျိုးစုံနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ရုံသာမကပဲ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ တော်လှန်ရေးခေါင်းဆောင်တွေကို သွေးအေးစွာ သတ်ဖြတ်ပြခြင်းဖြင့် အဆုံးစွန်ဆုံးသော ရက်စက်မှုကို ပြသခဲ့တဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို တရားဥပဒေအရ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေချမှတ်နိုင်ရေးကိုလည်း NUG အစိုးရက လုပ်ဆောင်သွားမယ်လို့ ဆိုပါ တယ်။

ဇူလိုင် ၂၅ ရက်နေ့မှာ စစ်ကောင်စီသတင်းစာတွေကနေ ကွပ်မျက်မှုကို အတည်ပြု သတင်းထုတ်ပြန်လိုက်ပြီးနောက် အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက ကန့်ကွက် ရှုတ်ချခဲ့ကြပြီး မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုအဖြစ် ထုတ်ပြန်ခဲ့ ကြပါတယ်။ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကို စစ်ကောင်စီက ပြန်လည်တုံ့ပြန်တာမရှိသေးပါဘူး။

မြန်မာစစ်တပ်က ရွာတွေကို ဗုံးကြဲတာတွေ၊ အပြစ်မဲ့အရပ်သားတွေကို ဖမ်းဆီးတာတွေကို မြန်မာနိုင်ငံအနှံ့မှာ ဆက်တိုက်လုပ်နေသလို သေဒဏ်ပေးခံထားရသူပေါင်း ၁၀၀ ကျော်ကိုလည်း ဆက်ပြီး ကွပ်မျက်သွား မယ့် အလားအလာတွေရှိနေတာကြောင့် စိုးရိမ်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ခွဲနီးပါးအကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၁၂၃ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၈၈၃ ယောက် ထိရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၇ ယောက်ထိ ရှိနေတယ်လို့လည်း အေအေပီပီထုတ်ပြန်ချက်အရ သိရပါတယ်။

48 mins Ago

April 22, 2021

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ချင်းတော်လှန်ရေးအဖွဲ့သစ်ကြေညာ

အာဏာသိမ်း စစ်ကောင်စီကို လက်မခံကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးနဲ့ ပူးပေါင်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ဒီနေ့ရက်စွဲနဲ့ ကြေညာပါတယ်။

ချင်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရေးနဲ့ ငြိမ်းချမ်းလူ့အဖွဲ့အစည်းတည်ဆောက်ဖို့၊ လက်ရှိနိုင်ငံရေးအခင်းအကျင်းမှာပါဝင်တဲ့ အဖွဲ့အစည်းတွေနဲ့အတူ နိုင်ငံရေးသဘောတူညီချက် ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး ဖလမ်းမြို့နယ်၊ ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်)ရှိ ချင်းလူငယ်တွေနဲ့ နိုင်ငံတကာရှိ ချင်းလူမျိုးတွေက ဧပြီလ ၁၃ ရက်နေ့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) အားဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် CNO ရဲ့ နိုင်ငံရေးဦးဆောင်မှုအောက်မှာ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Chin National Defense Force) ကိုပါ ပူးတွဲဖွဲ့စည်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။

CNO/CNDF အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းနိုင်ငံရေး အဖွဲ့အစည်းများ အပါအဝင် ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲကာ  စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေကို လေးစားဂုဏ်ပြုကြောင်းနဲ့ ပြည်သူနဲ့အတူ ရပ်တည်ပြီး စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ လှုပ်ရှားတက်ကြွတဲ့ ချင်းလက်နက်ကိုင်အဖွဲ့ပေါင်း (၄) ဖွဲ့ရှိပြီဖြစ်ပြီး ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ဇိုမီးတော်လှန်ရေးအဖွဲ့ချုပ် (ZRO/ZRA)၊ ကူကီးအမျိုးသားအစည်းအရုံး (KNO/KNA) နဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) တို့ဖြစ်သည်။

1 year Ago
Up