close

ချင်းတွင်းမြစ်ကမ်း

close

June 1, 2022

ကနီမြို့နယ်အတွင်း ချင်းတွင်းမြစ်ကမ်းဘေး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအဖွဲ့များ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးက ညောင်ပင်ဝန်းကျေးရွာအနီးမှာ မေ ၃၁ ရက် မနက် ၇ နာရီက စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေက ချင်းတွင်းမြစ်အတွင်းကနေ ဖလပ်မော်တော်တွေနဲ့ စုန်ဆင်းရင်း ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်တာကြောင့် အခုလို ဒေသခံ ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ရတာလို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “ဖြစ်ကြတာတော့ မနက်ခင်း ၇ နာရီလောက်ကတည်းက ဖြစ်နေကြတယ်။ သူတို့ဘက်က မော်တော်ပေါ်ကနေ စုန်လာတာတဖွဲ့၊ မြစ်ကမ်းနဖူးပေါ် မြေပြင်ကနေလာတာတဖွဲ့ အားလုံးပေါင်း နှစ်‌ဖွဲ့ ကနီမြို့ကနေ အောက်ကိုစုန်လာတယ်။ ဘေးတွေလည်း သေနတ်တွေနဲ့ ရမ်းပစ်တာတွေလည်း လုပ်တယ်” လို့  ပြောပါတယ်။

စစ်ကောင်စီက အခုလို ကျေးရွာတွေဆီကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာကြောင့် ချင်းတွင်းမြစ်ဘေးက ကျေးရွာအများစုဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

ကနီမြောက်ဘက်နယ် စစ်အာဏာရှင်တော်လှန်ရေး ခေါင်းဆောင်တဦးက “ကျနော်တို့က ဒီစ(--)တွေနဲ့ အခုလို တိုက်ပွဲမဖြစ်ချင်ပါဘူးဗျာ။ သူတို့က သူတို့သွားတဲ့ လမ်းကြောင်းပေါ်က ကျနော်တို့ ဒေသခံတွေရဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်နေတော့ ကျနော်တို့ လက်ပိုက်ကြည့်‌မနေနိုင်တော့လို့ အခုလို တိုက်ပွဲဖြစ်ရတာပါ။ ပစ်တာကတော့ ကျနော်တို့ဘက်က လက်လုပ် ၈ လက်မ လက်နက်ကြီးရယ် ၁၀ လက်မ လက်နက်ကြီးရယ် ပစ်လိုက်တာ၊ ဒီကောင်တွေ အတော်အထိနာသွားတယ်။ မော်တော် ၂ စီးကတော့ ပျက်စီးသွားတယ်။ အဲလို သူတို့ဘက်က ရှုံးတော့မယ်လို့ထင်တော့ နေ့လယ် ၂ နာရီလောက်ရောက်တော့ ကျနော်တို့အဖွဲ့တွေကို လေယာဉ်နဲ့ လာပစ်တယ်။ လာပစ်တဲ့သူတွေကလည်း ကျနော်တို့အဖွဲ့တွေကို မပစ်ဘဲ သူ့လူတွေကို ပစ်သွားတာ။ သေလိုက်ကြတာ အတော်များတယ်ဗျ။ ခန့်မှန်းခြေကတော့ ၂၀ ကျော်မယ်။ အခုအထိ အလောင်းတွေ လာမကောက်သေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်တွေ သေဆုံးမှုနဲ့ ပတ်သက်လို့တော့ သီးခြားအတည်ပြိုင်နိုင်ခြင်းမရှိသေးသလို အဆိုပါတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

အခုလို ဒေသခံတွေဘက်က ပစ်ခတ်တာရော၊ စစ်ကောင်စီဘက်က မှားယွင်းပစ်ခတ်တာ ခံရတာရောကြောင့် ချင်းတွင်းမြစ် အောက်ပိုင်းကို စုန်ဆင်းမယ့် စစ်ကောင်စီတပ်တွေဟာ ကနီမြို့ဘက်ကို ပြန်လည်ဆန်တက်သွားကြတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

2 mins Ago
Up