ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်ထဲမှာ မေလ ၄ ရက် မနေ့ ညနေပိုင်းက မိုးသက်လေပြင်းကျခဲ့ပြီး ဒွိုင်ဆုထိပ် တောင်ပေါ်ဘုရားအတက်လမ်းအပါအဝင် နေရာအတော်များများမှာ သစ်ပင်ကြီးတွေ လဲကျတာ ၊ အိမ်ခေါင်မိုးတွေလွင့်သွားတာတွေ ရှိခဲ့ပါတယ်။
မနေ့ညနေ ၄ နာရီကျော်လောက်က ဒွိုင်ပွီနဲ့ ဒွိုင်ဆုထစ်တောင်ပေါ်မှာ ရုတ်တရက်မို းသက်လေပြင်းကျလာတာကြောင့် ဒွိုင်ဆုထစ်တောင်တက်လမ်း လှေခါးထစ်ပေါ်ကို သစ်ပင်ကြီး တွေပြိုလဲ ကျလာကြောင်း၊ ဓာတ်မီးတိုင်လည်း လဲကျပြီး မီးတွေပျက်သွားပေမဲ့ အဲဒီ အချိန်ဟာ ဘုရားဖူးတွေသိပ်မရှိတော့လို့ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဘုရားဂေါပကအဖွဲ့ဝင်က ချင်းမိုင်နယူးစ် သတင်းကို ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက လဲကျနေတဲ့သစ်ပင်သစ်ကိုင်းတွေကို အချိန် ၁ နာရီကြာ လာရောက်ရှင်းလင်းပေးခဲ့ပြီး အခုတော့ ပုံမှန်ပြန်ဖြစ်သွားပြီလို့ ဆိုပါတယ်။
တချိန်တည်းလိုမှာဘဲ ချင်းမိုင်ခရိုင် ဆန်ပါတောင်းမြို့နယ်မှာလည်း မိုးသက်လေပြင်းကျ တာကြောင့် နမ့်ဝေါ်လုံအုပ်စု ရပ်ကွက်ပေါင်း ၅ ခုထဲက နေအိမ်အချို့ ခေါင်မိုးလန်ပျက်စီးပြီး လမ်းဘေးဓာတ်မီးတိုင်တွေပါ လဲကျခဲ့ပါတယ်။
ညနေ ၆ နာရီကျော်လောက်မှာတော့ မဲ့အိုင်းမြို့နယ် ဆန်တွန့်မွေ့အုပ်စုထဲမှာလည်း မိုးသက်လေပြင်းကျပြီး သစ်ပင်ကျိုးကျတာ၊ ဓာတ်မီးတိုင်လဲကျတာတွေရှိကာ အိမ်ခြေပေါင်း ၁၀၀ နီးပါး ခေါင်မိုးလန်ထွက်ကုန်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ အများပြည်သူဘေးအန္တရာယ်တားဆီးရေးနဲ့ ကူညီရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ မေလ ၂ ရက်မှ ၄ ရက်နေ့အတွင်း ဖစ်ချဘွန်း၊ ချင်းမိုင်၊ လမ်းပွန်း ၊ လမ်းပန်း ၊ ချင်းရိုင်း၊ မယ်ဟောင်ဆောင်၊ ဥဒရာဒစ်၊ ဖိကျစ်၊ နောင်ဘိုလမ်းဖူး၊ လွေး၊ စကွန်းနခွန်း၊ ပရာကျင်းပူရီ၊ ချချိန်းဆောင်း၊ ဆရာပူရီ စတဲ့ ခရိုင် ၄ ခုထဲမှာ မိုးသက်လေပြင်းကျတာ၊ မိုးသီးတွေပါကြွေတာကြောင့် မြို့နယ်ပေါင်း ၃၁ မြို့နယ် ၊ ၆၁ အုပ်စု ရပ်ကွက်နဲ့ကျေးရွာပေါင်း ၁၅၅ ခုက နေအိမ်အလုံးပေါင်း ၁၃၁၃၀ လုံး ခေါင်မိုးနဲ့နံရံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းမိုးဇလဗေဒရဲ့ မနေ့ ညနေ ၆ နာရီ ထုတ်ပြန်ချက်အရ လာမယ့် ၂၄ နာရီအတွင်း ( မေလ ၅ ရက် ညနေ ၆ နာရီထိ ) ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ တာ့ခ် ၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချဘွန်းစတဲ့ခရိုင်တွေမှာ ရာသီဥတုပူပြင်းပြီး ရုတ်တရက်လေပြင်းတိုက်ခတ်လာနိုင်ကြောင်း၊ ဒေသရဲ့ ၃၀ ရာခိုင်နှုန်းမှာ မိုးရွာနိုင်တယ်လို့ သတိပေးထားပါတယ်။
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်က ထိုင်းရဲတွေနဲ့ လဝကတွေက လမ်းမကြီးတွေနဲ့ မြို့ရှောင်လမ်းတွေကို စစ်ဆေးနေစဥ် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြပါတယ်။
မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်မှာ အမည်မဖော်လိုသူတွေရဲ့ သတင်းပေးချက်အရ ထိုင်းနယ်စပ်လုံခြုံရေးတာဝန် ဆောင်ရွက်နေစဥ် ကားနှစ်စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးရာကနေ တွေ့ရှိခဲ့တာပါ။
အဆိုပါကားကို စစ်ဆေးရာ မြန်မာနိုင်ငံသား သက်လတ်ပိုင်း အမျိုးသား ၁၅ ဦး၊ အမျိုးသမီး လူငယ်ပိုင်း ၉ ဦးနဲ့ ကလေးငယ် ၃ ဦးတို့ကို တွေ့ရှိပြီး စစ်ဆေးရာ မြန်မာ-ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားကတဆင့် လာရောက်ခဲ့တာလို့ ဆိုပါတယ်။
လက်ရှိမှာတော့ အဆိုပါ ဖမ်းဆီးခံရသူ တရားမဝင် မြန်မာနိုင်ငံသား ၂၇ ဦးနဲ့အတူ ယာဥ်မောင်း ထိုင်းအမျိုးသား ၂ ဦးတို့ကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်မြေရဲစခန်းကို ပို့ဆောင်ထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆၊ ၂၇ နဲ့ ၂၈ ရက်တွေမှာလည်း ဖတ်တလုန်း၊ ကန်ချနာဘူရီ၊ ချင်းမိုင်တို့မှာ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး ရက်သတ္တပတ် ၁ ပတ်အတွင်း မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။
source - Maesai Press