close

ချင်းအမျိုးသားနေ့

close

February 19, 2023

စိန်ရတု ချင်းအမျိုးသား​နေ့ပွဲ နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့တွင် ကျင်းပ (ဓာတ်ပုံ)

၇၅ နှစ်ပြည့် စိန်ရတု ချင်းအမျိုးသား​နေ့ အခမ်းအနားကို  နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့မှာ ဖေဖော်ဝါရီ ၁၈ ရက်က ရိုးရာယဉ်ကျေးမှု အကတွေ ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေနဲ့အတူ ကျင်းပပါတယ်။

စစ်အာဏာသိမ်းကာလအတွင်း အတိဒုက္ခရောက်နေကြရတဲ့ ချင်းပြည်နယ် စစ်ဘေးရှောင်တွေအတွက်၊ အလှူငွေတွေကောက်ခံပြီး ရန်ပုံငွေအဖြစ် ကံစမ်းမဲဖွင့်လှစ်တာ၊ ရိုးရာအစားအသောက်တွေကို ရောင်းချခဲ့ပါတယ်။

ချင်းအမျိုးသားနေ့ပွဲမှာ နယ်သာလန်နိုင်ငံအပြင် အိမ်နီးချင်း ဘယ်ဂျီယံ၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီစတဲ့ နိုင်ငံတွေရောက် ချင်းတိုင်းရင်းသူ တိုင်းရင်းသားတွေလည်း  စုစုပေါင်းလူဦးရေ ၃၀၀ လောက် လာရောက်ပူးပေါင်းဆင်နွှဲခဲ့ကြပါတယ်။

2 hours Ago

ချင်းအမျိုးသားနေ့ ဗန်ကူးဗားမြို့တွင်ကျင်းပ၊ နွေဦးတော်လှန်ရေးတွင် ချင်းတိုင်းရင်းသားအားလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်ရန်တိုက်တွန်း

လက်ရှိ နွေဦးတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်တာနဲ့အညီ စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ပွဲဝင်နေရာမှာ ချင်းတိုင်းရင်းသားအားလုံးအနေနဲ့ အတူညီညွတ်စွာ ပူးပေါင်းပါဝင်ကြဖို့  ချင်းအမျိုးသားတပ်ဦး (CNF/CNA)က တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့  (၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ထုတ်ပြန် ကြေညာလိုက်တာဖြစ်ပြီး နွေဦးတော်လှန်ရေးကို  နောက်ဆုံးတိုက်ပွဲအဖြစ်မှတ်ယူကာ CNA/CNF အနေနဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်နဲ့ ယုံကြည်ချက် တူညီတဲ့ မဟာမိတ်တို င်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ NUG/PDF တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းကာ တော်လှန်ရေးအဆုံးအထိ တိုက်ပွဲဝင်သွား မယ်လို့ ဆိုပါတယ်။

(၇၅) နှစ်မြောက် ချင်းအမျိုးသားနေ့အထိမ်းအမှတ်ပွဲတွေကို ပြည်တွင်းနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင်းပနေကြသလို ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာလည်း ရစ်ချ်မွန်း၊  Riverside Grand Ballroom ခန်းမမှာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၈ ရက်က ကျင်းပသွားပါတယ်။

ဒီပွဲတော်မှာ ဗန်ကူးဗားရောက်ချင်းတိုင်းရင်းသားတွေနဲ့ မြန်မာပြည်သားတွေ တက်ရောက်ခဲ့ကြပြီး  ချင်းတိုင်းရင်းသားခေါင်းဆောင်တွေက ချင်းအမျိုးသားနေ့နဲ့ ပတ်သက်လို့ မိန့်ခွန်းတွေ ပြောကြား ခဲ့ကြပါတယ်။

ချင်းအမျိုးသားနေ့ကို ပြည်ပမှာ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲနေကြပေမဲ့ ချင်းပြည်နယ်မှာတော့ ချင်းပြည်သူတွေနဲ့ ရဲဘော်တွေဟာ အဆင်းရဲ အပင်ပန်းခံ အသက်ပေးနေကြရတယ်၊ နွေဦးတော်လှန်ရေးမအောင်မချင်း၊ စစ်အာဏာရှင်မင်းအောင်လှိုင် မပြုတ်ကျမချင်း ချင်းတိုင်းရင်းသားတွေနဲ့ တိုင်းရင်းသားပြည်သူအားလုံး လက်တွဲညီညီနဲ့ တော်လှန်ရေးမှာ ပါဝင်ကြဖို့တိုက်တွန်းတယ် ဗန်ကူးဗားချင်းကွန်မြူနတီ အကြံပေးပုဂ္ဂိုလ် ပူးခါရ်မန်း ကပြောပါတယ်။

“ဒီကနေ့ဒီအချိန်မှာ ရန်သူမင်းအောင်လှိုင် စစ်အစိုးရဟာ ရက်စက်ကြမ်းကြုတ်စွာနဲ့ ၊ လူမဆန်စွာနဲ့ အပြစ်မဲ့ပြည်သူတွေ၊ နေ့စဉ်နေ့တိုင်း သတ်ဖြတ်နေတယ်၊ မီးရှို့နေတယ်၊ ငါတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လူ့အခွင့်အရေးအားလုံးကိုချိုးဖောက်နေတဲ့ ဒီစစ်အစိုးရကို ဒီတော်လှန်ရေးရဲဘော်အားလုံးနဲ့ ကျနော်တို့ ချင်းပြည်သူတွေ ပူးပေါင်းပြီးတော့မှ နောက်မဆုတ်ဘဲ နဲ့ အတူတကွတိုက်ပွဲဝင်မယ်ဆိုရင် ကျနော်တို့ မကြာခင် အောင်ပွဲရတော့မှာဖြစ်ပါတယ်။ ဆိုတော့ ရှေ့တန်းကနေတဲ့ ရဲဘော်တွေအားလုံး စိတ်ဓာတ်မကျပါနဲ့၊ တိုက်လေယာဉ်ပဲလာလာ၊ ရဟတ်ယာဉ်ပဲလာလာ မကြောက်ကြပါနဲ့ ၊ ငါတို့ဟာ ရဲရင့်တဲ့ သတ္တိရှိတဲ့ ချင်းလူမျိုးတွေဖြစ်ပါတယ် ၊ အာဇာနည် စိတ်ဓာတ်နဲ့ တို့ရန်သူ မင်းအောင်လှိုင် စစ်အစိုးရကို အမြစ်ပြုတ်သည်အထိ လက်မလျှော့ဘဲနဲ့ တိုက်ပွဲဝင်ကြပါ။ နိုင်ငံခြားမှာရောက်နေတဲ့ ချင်းပြည်သူအားလုံးက နောက်တန်းကနေ ခင်ဗျားတို့အတွက် မားမားမတ်မတ် ရပ်တည်ပေးနေပါတယ်။ ခင်ဗျားတို့နဲ့ အတူတကွ တိုက်ပွဲဝင်နေပါတယ်။”

ချင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေ၊ လူသားအဖြစ်ရပ်တည်နေထိုင်ဖို့ တိုက်ခိုက်ခံနေရပြီး ချင်းပြည်နယ်မှာ ထန်တလန်မှာ ဘေးဒုက္ခသည်တွေခံစားနေရကြောင်းနဲ့   ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးအခွင့်အရေးတွေပြန်ရဖို့  ချင်းလူမျိုးတွေရဲ့ သင်္ကတေ အောက်ချင်းငှက်လို သစ္စာရှိရှိ၊ စည်းလုံးညီညွတ်မှုရှိကြဖို့လည်း ကနေဒါနိုင်ငံ အကျဉ်းဦးစီးဌာနအရာရှိတဦးဖြစ်တဲ့  ပူးလျှန်းမောင်က တိုက်တွန်းပြောပါတယ်။

“ဒီကနေ့ မြန်မာပြည်မှာ အကုန်လုံးသိတဲ့ နွေဦးတော်လှန်ရေးမှာ ကျနော်တို့တိုင်းရင်းသားအချင်းချင်း စုစည်းညီညွတ်မှုနဲ့ ကျနော်တို့ တော်လှန်ကြတယ်။ ဒီဟာ လူမျိုးတမျိုးတည်းနဲ့ လုပ်လို့မရတဲ့ကိစ္စ ဖြစ်ပါတယ်၊ ထိုနည်းတူ ယူအက်စ်လိုနိုင်ငံ အီးယူ အစရှိသဖြင့် အစရှိတဲ့နိုင်ငံတွေကလည်း ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကို ပံ့ပိုးကူညီကြတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူမျိုးတမျိုးဟာ တချိန်တည်း တနေရာထဲမှာ ရပ်တည်လို့မရဘူး။ တခြားသောလူမျိုးတွေနဲ့ ပေါင်းပြီးတော့မှ ကျနော်တို့ဘဝကို တည်ဆောက်ကြရမယ်။”

ချင်းအမျိုးသားနေ့ပွဲမှာ  ချင်းတိုင်းရင်းသား လူငယ်မျိုးဆက်သစ်တွေက  ချင်းရိုးရာ ဝါးညှပ်အကတွေ၊ တေးသီးချင်းတွေနဲ့ သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

နှစ်စဉ်နှစ်တိုင်းချင်းရိုးရာဓလေ့အနေနဲ့ ဗန်ကူးဗားမှာ ကိုဗစ်အချိန်ကာလကလွဲလို့ မဖြစ်မနေ ကျင်းပလေ့ရှိကြောင်းနဲ့ ရိုးရာအမွေအနှစ်တွေ မျိုးဆက်သစ်တွေကို ဆက်လက်ဖြန့်ဝေသွားစေလိုတဲ့ ရည်ရွည်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့  မတူပီချင်းတိုင်းရင်းသူ မိုင်မီးမီးက ပြောပါတယ်။ 

“ဒီလိုလုပ်ရခြင်းအားဖြင့် ကျမတို့ ပီတိလည်းဖြစ်တယ်၊ အရမ်းလည်းပျော်ရွှင်တယ်၊ ကျမတို့ရိုးရာ၊ ရှိသမျှ၊ ရှိသမျှရိုးရာအလှ  ရိုးရာထုံးတန်းစဉ်လာကိုပြခွင့်ရတဲ့အတွက်  ကျမတို့ စိတ်ထဲမှာ အရမ်းကြည်နူးတယ်၊ အခုတော်လှန်ရေးကာလမှာ ကျမတို့အဖြစ်ချင်ဆုံးကတော့ ဒီအရေးတော်ပုံ မြန်မြန်အောင်မြင်ပြီးတော့ လူတိုင်းပေါ့ ကျမတို့ ဒီဗန်ကူးဗားမှာ ချင်းအမျိုးသားနေ့ကို လွတ်လွတ်လပ်လပ်လုပ်ရသလို အကုန်လုံး ကိုယ့်ဘာသာ ကိုယ့်လူမျိုး အကုန်လုံး လူမျိုးအသီးသီး တိုင်းရင်းသားအသီးသီး လွတ်လွတ်လပ်လပ်နဲ့ ဒီလိုမျိုးပျော်ရွှင်နိုင်အောင် ကျမတို့လိုချင်တာပေါ့ အဓိကကတော့၊ ဒါပေမဲ့ အခုလောလောဆယ်ကြုံတွေ့နေရပေမဲ့ တနေ့ လွတ်မြောက်တဲ့ အခါကျရင် ကျမတို့အားလုံး တန်းတူ ဒီလိုမျိုးပျော်ရမှာပဲလို့ ကျမ အားပေးချင်တယ်။” 

ချင်းအမျိုးသားနေ့ပွဲတွေကို  မြန်မာပြည်တွင်းမှာသာမက နိုင်ငံတကာရောက် ချင်းလူမျိုးတွေကလည်း ချင်းတိုင်းရင်းသား ရိုးရာ ရောင်စုံဝတ်စုံ၊ အကမျိုးစုံတွေနဲ့  အလားတူ ကျင်းပလေ့ရှိတာပါ။

မြန်မာပြည်လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈  ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ လူထုညီလာခံကျင်းပပြီး ပဒေသရာဇ်အုပ်ချုပ်ရေးစနစ်ဟောင်းကို ဒီမိုကရေစီစနစ်နဲ့ အစားထိုးဖို့ဆုံးဖြတ်ခဲ့တဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ကို ကချင်းအမျိုးသားနေ့ အဖြစ်သတ်မှတ် နှစ်စဉ် ကျင်းပတာဖြစ်ပါတယ်။

3 hours Ago

ချင်းအမျိုးသားနေ့ အမေရိကန်နိုင်ငံ အတ္တလန်တာမြို့တွင်ကျင်းပ (ဓာတ်ပုံ)

(၇၅) နှစ်မြောက်ချင်းအမျိုးသားနေ့ကို အမေရိကန်နိုင်ငံအရှေ့တောင်ဘက်ခြမ်းက ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာ ဒေသစံတော်ချိန် ဖေဖေါ်ဝါရီ ၁၈ ရက် စနေနေ့က ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ ချင်းရိုးရာအကတွေ ရိုးရာဖက်ရှင်ပြပွဲတွေ ကလေးငယ်ဖက်ရှင်ပွဲတွေနဲ့အတူ ရိုးရာအစား အသောက်တွေ ကျွေးမွေးဧည့်ခံခဲ့ပြီး အတ္တလန်တာနဲ့ အနီးတဝိုက်က ချင်းတိုင်းရင်းသားတွေ ၁၀၀၀ ကျော်လောက် တက်ရောက်ခဲ့ကြပါတယ်။​

6 hours Ago

February 20, 2020

လူငယ်မျိုးဆက်သစ်များကို ဒီမိုကရေစီစိတ်ဓာတ် အမွေပေးရန် ချင်းအမျိုးသားနေ့တွင် တိုက်တွန်း

ချင်းတိုင်းရင်းသားမျိုးဆက်သစ်လူငယ်တွေအတွက် တန်ဖိုးကြီးမားလှတဲ့ နိုင်ငံရေး အမြင်ကျယ်မှုနဲ့ ဒီမိုကရေစီစိတ်ဓာတ်တွေကို လက်ဆင့်ကမ်း အမွေပေးသွားနိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ချင်းတိုင်းရင်းသားတွေကို တိုက်တွန်း နှိုးဆော် လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြည်နယ်အဆင့် ကျင်းပရာမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့တာပါ။ မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပန်းတိုင်ကို ဆက်လက်ဖြည့်ဆည်းနိုင်ဖို့ အခုပြုလုပ်နေတဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာလည်း ချင်းတိုင်းရင်းသားကိုယ်စားလှယ်တွေဟာ တက်တက်ကြွကြွပူးပေါင်း ကြိုးပမ်းဆောင်ရွက်နေတဲ့အတွက် ကျေးဇူးတင်ပါကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောကြားခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံရဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ခဲ့တဲ့ ချင်းပြည်နယ်ဖွံ့ဖြိုးရေးအတွက် ဘက်စုံကနေ နည်းမျိုးစုံနဲ့ ဆောင်ရွက်နေသလို လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်နေပြီး ပညာရေး၊ လျှပ်စစ်မီးရရှိရေးနဲ့ ကျန်းမာရေးကိုလည်း အလေးထား ‌ဆောင်ရွက်ပေးနေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။  ချင်းအမျိုးသားနေ့ပွဲကို ပြည်နယ်အစိုးရဖွဲ့က ဦးဆောင်ပြီး ကျပ်သိန်းပေါင်း ၃၀၀၀ ကျော် အကုန်ကျခံကာ ပထမဆုံးအကြိမ်အဖြစ် ချင်းပြည်နယ် ထန်တလန်မြို့မှာ ပြည်နယ်အဆင့် ကျင်းပတာ ဖြစ်ပါတယ်။ ဓာတ်ပုံ- State Counsellor
3 years Ago
Up