close

ချင်း

close

March 31, 2023

တိုက်ပွဲကြောင့် ရခိုင်နှင့်ချင်းတွင် စစ်ရှောင်ဦးရေ ၇၈,၀၀၀ ကျော်ရှိလာ

အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ စစ်ဘေးရှောင်ဦးရေ ၇၈,၀၀၀ ကျော်ထိ ရှိလာခဲ့ပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

အဲဒီထဲမှာတော့ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုက စစ်ဘေးရှောင် ၇၃,၄၅၈ ယောက်ဝန်းကျင်နဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ၄,၆၃၂ ယောက်လောက် ပါဝင်နေတာဖြစ်ပြီး အခုမတ်လအထိ မြောက်ဦး၊ ကျောက် တော်၊ စစ်တွေ၊ မြေပုံ၊ မင်းပြား၊ မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေက အသစ်ထပ်မံ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူ ၁၁,၁၇၂ ယောက် ကျန်ရှိနေသေးတယ်လို့ ဆိုပါတယ်။

မတ် ၃၀ ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ UNHCR အနေနဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ လတ်တလောအချိန်အထိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ပေါက်တော၊ ပလက်ဝ၊ ဘူးသီးတောင်နဲ့ ရသေ့ တောင်မြို့နယ်တွေက စစ်ဘေးရှောင် ၂၆,၃၄၇ ယောက်ကို အစားအစာမဟုတ်တဲ့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေ၊ အရေးပေါ် ယာယီအမိုးအကာတွေ၊ အမျိုးသမီးသုံး ပစ္စည်းတွေ၊ အဝတ်စမျက်နှာ-နှာခေါင်း စည်းတွေ ပါဝင်တဲ့ အဓိက ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ပေးပို့ထောက်ပံ့ထားတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် အခုနှစ်အတွင်း လက်ရှိအချိန်ထိ ကွင်းဆင်းဆောင်ရွက်မှုအကြိမ်ရေ ၁၇ ကြိမ် ဆောင်ရွက်ထားပေမယ့် အထူးသဖြင့် ကျေးလက်နေရာတွေနဲ့ တချို့သော တိုက်ပွဲရှောင်စုရပ်တွေဆီ အကူအညီပေးရေးမှာ လက်လှမ်းမီဖို့ကတော့ အကန့်အသတ်တွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပူပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA) မြန်မာက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက်မြင့်တက်နေမှုကြောင့် နေရပ်စွန့်ခွာနေရတဲ့ ပြည် သူ ၁ ဒသမ ၇ သန်းကျော်အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေသူ ၁ ဒသမ ၇ သန်းကျော်ထဲမှာ ၁ ဒသမ ၄ သန်းနီးပါးဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာနေကြရသူတွေ ဖြစ်ကြပါတယ်။

နေရပ်စွန့်ခွာနေရသူ အများဆုံးမှာတော့ နိုင်ငံရဲ့ အနောက်မြောက်ပိုင်းက နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူ ၉၄၃,၁၀၀ ဦးနဲ့ နိုင်ငံအရှေ့တောင်ပိုင်းက ၄၀၉,၄၀၀ ဦးတို့နဲ့ အများဆုံး စွန့်ခွာနေကြရတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားမှုတွေ ကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သား ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားပိုင်ပစ္စည်း ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံရဲ့ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူတွေ၊ အရပ်သားပိုင်ပစ္စည်း ပျက်စီးဆုံးရှုံးမှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အပါအဝင် သွားလာရေးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

စစ်အာဏာမသိမ်းခင်ကတည်းက စစ်ကောင်စီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား တိုက်ပွဲဖြစ်ပွားမှုတွေကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တိမ်းရှောင်နေရသလို ကချင် ပြည်နယ်မှာလည်း စစ်ဘေးရှောင်တွေ ရှိပါတယ်။

9 hours Ago

September 19, 2022

ချင်းနှင့် မကွေးအတွက် “မမများနဲ့ ပွဲကမယ်” တတိယပရောဂျက်မှ ၄၈ ရာခိုင်နှုန်း ရရှိထား

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသကြီးအတွင်းက စစ်အာဏာရှင်တိုက်ထုတ်ရေး နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ လိုအပ်ချက်တွေ ဖြည့်ပေးနိုင်ဖို့အတွက် “မမများနဲ့ပွဲကမယ်” တတိယပရောဂျက်စတင်နေပြီး လတ်တလောအချိန်ထိ ၄၈ ရာခိုင်နှုန်း ရရှိထားတယ်လို့ ထုတ်ပြန်ပါတယ်။

“မမတို့ ချင်း၊ မကွေးသွားရဖို့ နီးစပ်နေပါပြီ။ စစ်ကိုင်းပရောဂျက်တုန်းက ပရောဂျက်ပြီးဖို့ (၁၀) ရက်အလိုမှာ (၄၀%)၊ ပြောရရင် ရှေ့ပိုင်းရက် (၂၀) လောက်မှာ တအိအိနဲ့ ပရောဂျက်ပြီးဖို့ နောက်ပိုင်း (၁၀) ရက်ကျော်အတွင်းမှာ သိန်း (၂၀၀၀၀) ရှာပေးခဲ့တဲ့ပြည်သူတွေ။ အခုတခေါက် ချင်း၊ မကွေးက စစ်ကိုင်းနဲ့ယှဉ်ရင် အခြေနေပိုကောင်းတယ်ဆိုရမှာ။ ကျန်ရှိတဲ့ရက်အတိုင်းတာအတွင်း ချင်း၊ မကွေးအတွက် လျာထား ချက်ထက်ကျော်လွန်အောင်မြင်အောင် ဒီပြည်သူတွေပဲပံ့ပိုးဖြည့်ဆည်းပေးသွားကြမှာယုံတယ်။”

ဒီပရောဂျက်ကိုတော့ ဩဂုတ် ၂၇ ရက် ဒီကနေ့ကနေ လာမယ့် စက်တင်ဘာ ၂၇ ရက်အထိ ရက်ပေါင်း ၃၀ အတွင်း ကျပ်သိန်းပေါင်း ၁၅၀၀၀ ပမာဏကို ပြည်သူနဲ့အတူ ရှာဖွေသွားမှာ ဖြစ်ပြီးတော့ ဒီကမ်ပိန်းမှာလည်း စင်ကာပူ၊ မြန်မာ၊ မလေးရှား၊ အမေရိကန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ဂျာမနီ၊ ဩစတြေးလျ၊ ထိုင်း၊ ဂျပန်၊ နယူးဇီလန်၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ယူကေ၊ ထိုင်ဝမ် စတဲ့ နိုင်ငံအသီးသီးက ရန်ပုံငွေရှာဖွေရေး အဖွဲ့တွေအသီးသီးနဲ့ ဆက်သွယ်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားခဲ့တာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကနေတဆင့် ပေးပို့ကူညီသွားမယ်လို့ ပြောထားပါတယ်။

လတ်တလောမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလဟာ ၁ နှစ်ခွဲကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလအတွင်းမှာ နိုင်ငံအတွက် အသက်ပေးခဲ့ကြတဲ့ သူရဲကောင်းရဲဘော်တွေ၊ မတရားဖမ်းဆီး နှိပ်စက်ခံထားရတဲ့ ပြည်သူတွေနဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ အိမ်တွေနဲ့ရွာတွေ အများကြီး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေး တိုက်ပွဲများစွာဟာ နိုင်ငံအနှံ့ဒေသအသီးသီးမှာ ဖြစ်ပွားနေပြီး ဒီဒေသတွေထဲက ချင်းပြည်နယ်နဲ့ မကွေးတိုင်းဒေသတွေဟာလည်း စစ်ကောင်စီရဲ့ အင်အားအလွန်အကျွံသုံးကာ ဖျက်ဆီးတိုက် ခိုက်မှုတွေကို ခံစားနေရပြီး နေ့စဉ်နဲ့အမျှ ဒီဖျက်ဆီးမှုတွေကြောင့် စစ်ဘေးရှောင် ပြည်သူတွေနဲ့ ထိခိုက်ပျက်စီးမှုတွေက များပြားလာနေတာပါ။

“အရေးကြီးဆုံးက ဒီ "မမများနဲ့ပွဲကမယ် " ချင်း၊ မကွေးပရောဂျက်ကရရှိလာတဲ့ အလှူငွေတွေကို NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကနေတဆင့် ပေးပို့ကူညီသွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ မမတို့သည် ရောက်ရာဒေသတိုင်းကို ပြည်သူ့ငွေနဲ့ ထိရောက်စွာပံ့ပိုးကူညီသွားမှာဖြစ်လို့ ချစ်ခြင်း၊ မုန်းခြင်းကင်းစွာ တော်လှန်ရေး၊ လွတ်မြောက်ရေး၊ တွန်းလှန်နိုင်ရေး၊ တန်ပြန်နိုင်ရေးကိုသာ တည့်တည့်မျက်နှာမူထာတယ် ဆိုတာ သစ္စာကျိမ်ဆိုပါတယ်။ တိုက်ပွဲဆိုတာ လက်နက်အင်အားဘယ်လိုပင်သာသာ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုမရှိရင် အောင်ပွဲဆိုတာ မရနိုင်ပါဘူး။ ခိုင်မာတဲ့ခံယူချက်နဲ့ ပြည်သူတွေရဲ့ ထောက်ခံမှုတွေရှိနေပေမယ့်လည်း လက်နက်အင်အားကွာနေရင်တော့ အချိန်ကြန့်ကြာမှုတွေနဲ့ ဆုံးရှုံးမှုတွေတော့ ရှိတတ်ပါတယ်။ ဒါကြောင့်မို့  ပြည်သူတွေလည်း ပင်ပန်းနေကြတာ နားလည်ပေမဲ့ ရနိုင်သလောက် အင်နဲ့အားနဲ့ ပါဝင်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။”

“မမများနဲ့ပွဲကမယ်” အနေနဲ့ သိပ်မကြာခင်ကလည်း တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသတိုက်ပွဲကြားက လိုအပ်ချက်တွေကို ဖြည့်ပေးနိုင်ဖို့အတွက် ၂၁ ရက်တာ ကမ်ပိန်းမှာ ကျပ်သိန်း ၅,၈၀၀ ကျော်ထိ ရှာဖွေ ပေးနိုင်ခဲ့သလို စစ်ကိုင်းတိုင်းဒေသကြီးအတွက် ရက် ၃၀ အတွင်း ကျပ်သိန်း ၁၅,၀၀၀ ပရောဂျက်မှာလည်း မျှော်မှန်းတဲ့ပမာဏထက်ကျော်လွန်ကာ ကျပ်သိန်း ၂၇,၀၀၀ ကျော်ထိ ရရှိထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့ ပြင်းထန်နေပါတယ်။

6 months Ago
Up