အမေရိကန် အောက်လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ချစ်ပ်နဲ့ သိပ္ပံအက်ဥပဒေဟာ တရုတ်နိုင်ငံအတွင်းက သက်ဆိုင်ရာကုမ္ပဏီတွေရဲ့ ပုံမှန်စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်တဲ့အပိုဒ်ခွဲတွေ ပါနေတယ်လို့ တရုတ်စီးပွားရေးဝန်ကြီးဌာနကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
အမေရိကန်ရဲ့ ဥပဒေမူကြမ်းဟာ နိုင်ငံတကာကုန်သွယ်ရေးကို အနှောင့်အယှက်ပေးပြီး ကမ္ဘာလုံးဆိုင်ရာ ဆီမီးကွန်ဒတ်တာ ဖြန့်ဖြူးရေးကွင်းဆက်ကို ပြတ်တောက်စေလိမ့်မယ်လို့လည်း တရုတ်က ပြောပါတယ်။
အမေရိကန်နိုင်ငံအတွင်း ချစ်ပ်ပြားတွေ ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်ဖို့ အကြီးစား ဥပဒေမူကြမ်းကို အောက်လွှတ်တော်က ဇူလိုင် ၂၈ ရက်မှာ အတည်ပြုခဲ့တာပါ။
ခုတော့ သမ္မတက လက်မှတ်ထိုး အတည်ပြုဖို့ အိမ်ဖြူတော်ကို ရောက်နေပါပြီ။ နောက်အပတ် အစောပိုင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ထိုးပြီး ဥပဒေဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။
အမေရိကန် ဆီမီးကွန်ဒတ်တာ ထုတ်လုပ်ရေးအတွက် ရန်ပုံငွေပေးဖို့ အမေရိကန်ဒေါ်လာ ၅၂ ဘီလီယံ အပါအဝင် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၈၀ တန်တဲ့ ချစ်ပ်စ်နဲ့ သိပ္ပံအက်ဥပဒေအတွက် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကြား အချိန်တနှစ်ကျော် ငြင်းခုန် ဆွေးနွေးခဲ့တာပါ။
အထက်လွှတ်တော်က ဒီဥပဒေမူကြမ်းကို ဇူလိုင် ၂၅ ရက်က ထောက်ခံမဲ ၆၄ မဲ၊ ကန့်ကွက်မဲ ၃၂ မဲနဲ့ အတည်ပြုခဲ့ပြီး အောက်လွှတ်တော်ကတော့ ဇူလိုင် ၂၈ ရက်မှာ ထောက်ခံမဲ ၂၄၃ မဲ၊ ကန့်ကွက်မဲ ၁၈၇ မဲနဲ့ အတည်ပြုခဲ့ပါတယ်။
ဒီဥပဒေမူကြမ်းကို အနီးကပ် အာရုံစိုက်နေတယ်လို့ တရုတ်စီးပွားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။