မျှတတဲ့ အာဏာခွဲဝေခြင်းဟာ ပဋိပက္ခတွေကို လျော့ပါးစေနိုင်ခြင်း
မျှတတဲ့ အာဏာခွဲဝေခြင်း လိုအပ်နေသော မြန်မာနိုင်ငံသည် ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခများနှင့်အတူ ယခုအချိန်ထိ ရုန်းထွက်နိုင်ခြင်း မရှိသေးပေ။ နိုင်ငံရေးအရ တန်းတူညီမျှမှုကို မဖော်ဆောင်နိုင်ခြင်းသည် အထွေထွေမပြေလည်မှုနှင့် တိုင်းရင်းသား လူမျိုးစုတို့အကြား ဟန်ချက်ညီမျှမှု မျှခြေကို ယိုင်နဲ့စေသည်။ အာဏာရယူပုံက လူထုဆန္ဒနှင့် မညီညွတ်ခြင်းသည် ပြဿနာတို့၏ အဦးအစဖြစ်သည်။ မြန်မာ့နိုင်ငံရေး သမိုင်းအဆက်ဆက် ဓားထက်သူကသာ အာဏာကို ရယူခဲ့သည်။ လက်နက်ရှိသူကသာ လက်နက်အားကိုးဖြင့် အနိုင်ကျင့် ရယူခဲ့သည်က များသည်။
ဗဟိုဦးစီးချုပ်ကိုင်မှု အလေ့အထများ
ခေတ်အဆက်ဆက် ဗဟိုချုပ်ကိုင်မှုများခဲ့သော မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုများ အားနည်းခဲ့ကြောင်း လေ့လာတွေ့ရှိရမည် ဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ သွင်ပြင်လက္ခဏာသည် သမိုင်းကြောင်းအစဥ်အလာအရ အဖွဲ့အစည်း အသီးသီးတိုင်းတိုင် ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းသည်။ ဗဟိုဦးစီးချုပ်ကိုင်မှုသည် ပါတီနှင့် အစိုးရအဖွဲ့အစည်း အဆင့်ဆင့်တွင်ပင် တွေ့ရသည်။ ထို့အပြင် ဘာသာရေးအဖွဲ့အစည်းများမှသည် လူမှုရေးအဖွဲ့အစည်းများအလယ်၊ မိသားစုအတွင်း၌ပင် ဗဟိုဦးစီးချုပ်ကိုင်မှုသည် စီးဝင်ပျံ့နှံ့ အားကောင်းလျက်ရှိသည်။ ဗဟိုမှ ဦးစီးချုပ်ကိုင်လိုသည့် အလေ့အထသည် နိုင်ငံတော်၏ အနိမ့်ဆုံးယူနစ်မှစ၍ အမြင့်ဆုံးအဆင့် ယူနစ်များအထိ အားကောင်းသည်။
ဗဟိုဦးစီးချုပ်ကိုင်မှု၏ ဆိုးကျိုးများ
ဗဟိုဦးစီးချုပ်ကိုင်မှု၏ ဆိုးကျိုးများသည် အဖွဲ့အစည်းအတွင်း အရည်အချင်းရှိသော ခေါင်းဆောင်သစ်များကို ဆုံးရှုံးစေသည်။ ထို့အပြင် လုပ်ငန်းဆောင်ရွက်ချက်များ၏ အရည်အသွေးကို ကျဆင်းစေသည်။ ကိုယ်ပိုင်ဖန်တီးနိုင်စွမ်းနှင့် တီထွင်မှု အရည်အချင်းတို့ကိုပါ ဆိတ်သုဉ်းစေသည်။ ပါတီတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု အားကောင်းပါက ခေါင်းဆောင်မှု ပြဿနာကို ရင်ဆိုင်ရနိုင်သည်အထိ ဆိုးကျိုးများကို ခံစားရစေသည်။ ဒီမိုကရေစီပင် ကျင့်သုံးပါစေ၊ ပါတီတွင်း ဗဟိုဦးစီးချုပ်ကိုင်မှုကို မလျှော့ချနိုင်ပါက အာဏာရှင်စနစ်သို့ ဦးတည်သွားတတ်ပေသည်။
ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်း၏ ကောင်းကျိုးများ
ဗဟိုဦးစီးချုပ်ကိုင်မှု လျှော့ချခြင်းသည် အစိုးရ (သို့မဟုတ်) အဖွဲ့အစည်းတခု၏ အောင်မြင်မှုကို အလျားလိုက် ကျယ်ပြန့်စေသည်။ ထို့အပြင် အဖွဲ့ဝင်တဦးချင်းစီ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်မှုကို အားကောင်းစေသည်။ ခေါင်းဆောင်သစ်များကို ဖြစ်ပေါ်စေပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်မှုပြဿနာကို လျော့နည်းစေသည်။ ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို အားပေးသည့်အတွက် တီထွင်ဖန်တီးမှုနှင့် ရှေ့ဆောင်ဦးရွက် အလျားလိုက် ခေါင်းဆောင်မှုများကို ဖြစ်ထွန်းအောင်မြင်စေသည်။ တာဝန်ယူမှုနှင့် တာဝန်ခံမှုကို အားကောင်းစေသည့်အပြင် တာဝန်သိမှုကိုပါ တပြိုင်နက်တည်း အားပေးမြှင့်တင်ပေးသည်။
Federalism တွင် အရေးပါသည့် အခြေခံအကျဆုံး လုပ်ငန်းစဉ်
Local governments သည် Federalism တွင် အရေးပါသည့် အခြေခံအကျဆုံး လုပ်ငန်းစဉ် ဖြစ်သည်။ ဗဟိုအစိုးရ၏ လုပ်ဆောင်ချက် ကောင်းမွန်ခြင်းသည် ဒေသန္တရအစိုးရကို ထင်ဟပ်စေသည်။ ဥပမာ တောအုပ်ကြီးကို အဝေးကကြည့်တဲ့အခါ သစ်တောကြီးအဖြစ် ကောင်းမွန်စွာ မြင်ရခြင်းသည်၊ ထိုတောအုပ်အထဲရှိ သစ်တပင်ချင်း ကောင်းမွန်နေသည့်အတွက်ကြောင့် ဖြစ်သည်။ တောအုပ်ကြီးဆိုသည်မှာ ဗဟိုအစိုးရသည်ပင်။ သစ်တပင်ချင်းသည် ဒေသန္တရအစိုးရများဖြစ်သည်။ ဒေသန္တရအစိုးရများ အားကောင်းမှသာ ဗဟိုအစိုးရ၏ စွမ်းဆောင်ရည် ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် ဗဟိုအစိုးရများသာ အားကောင်းသည်ကို တွေ့ရှိရသည်။ ထို့ကြောင့် အခြေခံအဆင့်ရှိ ဒေသန္တရအစိုးရများ၏ အရည်အသွေးမှာ ကျဆင်းခဲ့ရသည်။ ထို့အပြင် ဒေဿန္တရအစိုးရများနှင့် ထိစပ်လျက်ရှိသော ပြည်သူလူထု၏ အကျိုးစီးပွားသည် ဆိုးရွားစွာ ထိခိုက်နစ်နာခဲ့ရသည်။
ဒေသန္တရအစိုးရကို ကောင်းမွန်စွာ ပုံပေါ်စေသည့် အဓိကစနစ်များ
Federal, Democracy, Decentralisation, Self-determination စသည့် အကြောင်းအရာများသည် ဒေသန္တရအစိုးရကို ကောင်းမွန်စွာ ပုံပေါ်စေသည့် အဓိက စနစ်များဖြစ်သည်။ ဥပမာ ဆုံးဖြတ်ချက်ချသည့် အစီအစဉ်တွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည့်အတွက် အကျိုးသက်ရောက်သွားစေသည့် ဒေသခံပြည်သူတို့က ထိုဆုံးဖြတ်ချက် ချမှတ်သည့်နေရာတွင် ပါဝင်နေရမည်ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေသည် ဒေသန္တရအစိုးရများ၏ အခန်းကဏ္ဍ မည်မျှအရေးပါသည်ကို သိနိုင်သည်။ ဒေသန္တရ အစိုးရသည် ဖက်ဒရယ်စနစ်တွင် အရေးပါသည်။ မြန်မာနိုင်ငံ၏ အထွေထွေပဋိပက္ခ မကျေနပ်မှုများသည် ဗဟိုအစိုးရက နိုင်ငံရေး၊ စီးပွာရေး လုပ်ပိုင်ခွင့်များကို ဗဟိုချုပ်ကိုင်မှု လွန်ကဲခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ ထိုအဆိုကို ကျွန်ုပ်သည်လည်း ထောက်ခံပါသည်။ ဖက်ဒရယ်မှာ ဗဟိုချုပ်ကိုင်မှု လျှော့ချမှသာလျှင် ဒေသန္တရအစိုးရများ၏ လုပ်ပိုင်ခွင့်အာဏာ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ပြီး ဒေသခံပြည်သူတို့၏ လိုအပ်ချက်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံနှင့်ကိုက်ညီသော ဖက်ဒရယ်စနစ်
မြန်မာနိုင်ငံနှင့် ကိုက်ညီသော ဖက်ဒရယ်စနစ်သည် ဗဟိုချုပ်ကိုင်မှု လျှော့ချထားသော ပြည်ထောင်ပေါင်းစု ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထိုပြည်ထောင်စုတွင် စုံလင်ကွဲပြားသော တိုင်းရင်းသားပြည်သူလူထုနှင့် ထိစပ်မှုရှိသော ဒေသန္တရအစိုးရများ အားကောင်းခိုင်မာရေးသည် အလွန်အရေးပါကြောင်း ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်သားတိုင်း အထူးသတိချပ်သင့်ပေသည်။
ချစ်မင်းနွဲ့ကြည်
(မှတ်ချက်။ ။ မြန်မာနိုင်ငံနှင့် ကိုက်ညီသောဖက်ဒရယ်စနစ် စာတမ်းငယ်အဖြစ် ပြုစုထားခြင်း ဖြစ်သည်။)
တော်လှန်ရေးကြီးက မပြီးသေးဘူးလား။ ဘယ်အချိန်ကျမှ ပြီးမှာလဲ။ ကျနော်တို့က တိုက်ချင်နေပြီ၊ အခုထိ မတိုက်ရသေးဘူးလား စသဖြင့် တော်လှန်ရေးအပေါ် အားမလို အားမရ ဖြစ်ပြီး ကျနော့်ကို စကားစမြည်ပြောလာတဲ့ ညီအစ်ကိုတွေ၊ ရဲဘော်ရဲဘက်တွေ ဒီအတောအတွင်း တော်တော်များလာတာကို တွေ့ရပါတယ်။
အဲဒီတော့ ကျနော့်ခေါင်းထဲ နိုင်ငံရေးစကားစုလေး နှစ်ခု ရောက်လာတယ်။ အဲဒါက “နိုင်ငံရေး စိတ်ရှည်သည်းခံမှုစွမ်းအား” (Political Tolerance power) နှင့် တော်လှန်ရေး စိတ်ရှည် သည်းခံနိုင်မှုစွမ်းအား (Revolutional Tolerance Power) ဆိုတဲ့ စကားစုလေးနှစ်ခု နက်နက်ရှိုင်းရှိုင်း တိုးဝင်လာတယ်။
ကျနော်တို့ အခု နွေဦးတော်လှန်ရေးကာလကို ဖြတ်သန်းလာခဲ့ကြတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ရောက်လာခဲ့ပြီလည်း ဖြစ်တယ်။
ကျနော်တို့နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ၂ နှစ် ၃ နှစ်ကြီးများတောင် ရှိပြီ၊ အခုထိ တော်လှန်ရေးက မပြီးသေးဘူးလားပေါ့။
စိတ်မရှည် သည်းမခံနိုင်စရာပါပဲ။ အပြစ်မဲ့တဲ့ တိုင်းရင်းသားပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံကြရတယ်။ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ လူမဆန်စွာ သတ်ဖြတ်ခြင်းကို ခံကြရတယ်။ နောက်ပြီး အမျိုးသမီးတွေကို အဓမ္မအနိုင်ကျင့် စော်ကားမှုတွေ ခံကြရတယ်။ ဒါ့ကြောင့်မို့ တော်လှန်ရေးကြီးကို အမြန်ပြီးမြောက်ချင်တယ်။ ဒီလို ရိုးသားတဲ့ မျှော်လင့်ချက်တွေဟာ ယထာဘူတကျကျ မျှော်လင့်သင့်တဲ့ အရာတွေပါပဲ။ ကျနော်တို့နိုင်ငံမှာ စစ်အာဏာမသိမ်းမီကာလ NLD အစိုးရလက်ထက်မှာလည်း ကျနော်တို့နိုင်ငံက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တဲ့ အတုအယောင် ဒီမိုကရေစီခေတ်မှာ နေခဲ့ကြရတယ်။
နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာကြီးသုံးရပ်ရဲ့ လုပ်ပိုင်ခွင့်တွေကို ပြည်သူလူထုက အပ်နှင်းထားတဲ့ အရပ်သားအစိုးရက အပြည့်အဝ မကျင့်သုံးနိုင်ပါပဲ လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်တဲ့ ကာကွယ်ရေးဘက်က စစ်တပ်ကို အပ်နှင်းထားရတာမျိုးတွေ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရပါတယ်။
နိုင်ငံရေး စိတ်ရှည်သည်းခံနိုင်စွမ်းအား
အဲဒီအချိန်ကာလတုန်းကလည်း နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ၊ NGO တွေနဲ့ ပြည်သူလူထုက နိုင်ငံရေး စိတ်ရှည်သည်းခံနိုင်စွမ်းတွေနဲ့ ခရီးဆက်ခဲ့ကြရတယ် မဟုတ်လား။
နိုင်ငံရေး စိတ်ရှည်သည်းခံနိုင်မှုစွမ်းအားနဲ့ သွားခဲ့ပေမဲ့ စစ်တပ်ရဲ့ အာဏာရယူလိုမှုကို ထိန်းချုပ်နိုင်စွမ်း မရှိတော့တဲ့အခါ စစ်အာဏာသိမ်းယူမှု သံသရာ တကျော့ပြန် ဝဲဩဂကို ကျနော်တို့ ပြန်ကြုံကြရပါပြီ။
အခုလို နွေဦးတော်လှန်ရေးကာလမှာလည်း ကျနော်တို့ အဆုံးထိ သွားကြရဦးမှာပါ။ ကျနော်တို့ အားလုံး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို ထူထောင်မယ်ဆိုတဲ့ ယုံကြည်ချက်အပေါ် “တော်လှန်ရေး စိတ်ရှည်သည်းခံနိုင်မှု စွမ်းအား” ကို လက်ကိုင်ထားကြရမှာ ဖြစ်ပါတယ်။
တော်လှန်ရေးအပေါ် စိတ်ရှည်သည်းခံနိုင်ဖို့ဆိုတာ
တော်လှန်ရေးအပေါ် စိတ်ရှည်သည်းခံနိုင်ဖို့ဆိုတာ ဘာတွေကိုမျှော်လင့်ပြီး စိတ်ရှည်ရမှာလဲ။ ဘာတွေကို ရည်မှန်းချက်ထားပြီး သည်းခံရမှာလဲဆိုတဲ့ စဉ်းစားချက်တွေ၊ မျှော်ရည်ချက်တွေ ရှိရပါမယ်။ ကျနော်တို့တတွေဟာ လက်နက်မဲ့ အကြမ်းမဖက်တော်လှန်ရေး (NVA) မှသည် ယခုမျက်မှောက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေကြရတဲ့ အဓိကမျှော်လင့်ချက်က ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်သွားနိုင်ဖို့ပါပဲ။ ဒါကြောင့်မို့ ကျနော်တို့ဟာ ကျနော်တို့နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနောက်ခံ အစစ်အမှန်တွေကို သိဖို့၊ သိအောင် ကြိုးစားအားထုတ်ကြရပါမယ်။ ဆွေးနွေးအဖြေရှာကြရပါမယ်။ စာဖတ်ကြရပါမယ်။
တော်လှန်ရေးကာလမှာ ကြုံတွေ့ကြရမည့်
- နာကျင်မှုတွေ၊
- မိသားစု တစုချင်းစီအလိုက် နစ်နာဆုံးရှုံးမှုတွေ၊
- အစားအသောက် အနေအထိုင် ဆင်းရဲချို့တဲ့မှုတွေ၊
- လက်နက်၊ ခဲယမ်း အကူအညီတွေ၊
- တဖွဲ့နဲ့ တဖွဲ့အကြား အချိတ်အဆက် အားနည်းမှုတွေ၊
- တတ်သိပညာရှင်တွေနဲ့ လက်ရှိ စစ်ရေးမှာ ဦးဆောင်နေသူတွေရဲ့ နားလည်မှု လွဲချော်နေတာတွေ၊
- စစ်ရေးတာဝန် အားလပ်ချိန်မှာ လူငယ်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ မြင့်တင်မှုအစီအစဉ်တွေ မလုပ်ပေးနိုင်တာတွေ၊
- စစ်ဘက် အရပ်ဘက် ဆက်ဆံရေး တာဝန်ယူမှု တာဝန်ခံမှု အားနည်းချက်တွေ၊
စသဖြင့် ကဏ္ဍပေါင်းစုံက လိုအပ်ချက်နဲ့ အဆင်မပြေမှုတွေ အားနည်းချက်တွေကို သည်းခံကြဖို့ အင်မတန် အရေးကြီးပါတယ်။
တော်လှန်ရေး သက်လုံကောင်းဖို့ဆိုရင်
ဒါကြောင့်မို့ ကျနော်တို့ဟာ ဒီတော်လှန်ရေးကာလ ကြာညောင်းလာတဲ့အပေါ်မှာ အာရုံစိုက်မည့်အစား မိမိတို့အဖွဲ့အလိုက် တော်လှန်ရေးကြီး ပီပီပြင်ပြင် စနစ်တကျ အောင်မြင်ပြီးမြောက်နိုင်ရေး အဂ္ဂမဟာဗျူဟာ လုပ်ငန်းစဉ်ကြီး အောင်မြင်မှုဖြစ်စဉ်ကို ဖြတ်သန်းနေကြရတယ်လို့ စဉ်စားလုပ်ဆောင်ကြဖို့ လိုအပ်လာပါတယ်။ အားကစား သဘောသဘာဝနဲ့ ချဉ်းကပ်နားလည်ရမယ်ဆိုရင် အားကစားမှာ သက်လုံကောင်းတဲ့သူက အနိုင်ရစမြဲပါပဲ။ ထိုနည်းတူစွာ တော်လှန်ရေးမှာလည်း သက်လုံကောင်းရင် ကျနော်တို့ အောင်ပွဲဆင်မှာပါပဲ။
ကျနော်တို့တတွေ တော်လှန်ရေးသက်လုံကောင်းဖို့ဆိုရင် တော်လှန်ရေးနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ကျနော်တို့က ဘက်ပေါင်းစုံက ကျန်မနေအောင် သိအောင် လုပ်ထားကြဖို့ လိုအပ်ပါတယ်။ ကျနော်တို့ PDF လူငယ်တွေကို သိသင့်သိထိုက်တာတွေ မှန်သမျှ သိအောင်လုပ်ပေးဖို့ တာဝန်ယူထားသူတိုင်းမှာ တာဝန်ရှိပါတယ်။ လူငယ်တယောက်ချင်းစီရဲ့ အရည်အသွေးနဲ့ အရည်အချင်းကို သိပြီး တော်လှန်ရေးအတွက် အသုံးကျနိုင်မယ့်နေရာမှာ ရဲရဲဝံ့ဝံ့ အသုံးချရဲဖို့ လိုအပ်ပါတယ်။
PDF ဖြစ်စေ၊ LPDF ဖြစ်စေ
လူငယ်တယောက်ချင်းစီကို အထူးလေ့လာဖို့ လိုအပ်ပါတယ်။ အခြေခံစစ်ပညာ သင်ပေးတာအပြင်
- ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (FDC I & II) ကို မိတ်ဆက်ရှင်းလင်းပေးခြင်း၊
- ဖက်ဒရယ်ဝါဒနဲ့ ဒီမိုကရေစီဖက်ဒရယ်စနစ်အကြောင်း၊
- နိုင်ငံရေးသိပ္ပံ၊
- ပထဝီ နိုင်ငံရေး၊
- ခေတ်သစ် စစ်မဟာဗျူဟာ၊
- မြန်မာ့နိုင်ငံရေး ပကတိအခြေအနေ သုံးသပ်ချက်များနှင့်
- သမိုင်းမှန်သိရှိဝေဖန် ဆန်းစစ်နိုင်ရေး အသိပညာအစီအစဉ်တွေ ဆောင်ရွက်ပေးရမှာပါ။
အဲဒီလို တော်လှန်ရေးတရပ်အပေါ်မှာ စိတ်ရှည်သည်းခံနိုင်မှု စွမ်းအားတခုကို တည်ဆောက်ပေးမှသာလျှင် လူငယ် PDF တွေ အဖတ်တင်မှာပါ။
သို့မဟုတ်ရင်တော့ တော်လှန်ရေးအပေါ် လူငယ်တွေရဲ့အမြင်ဟာ တမျိုးဖြစ်သွားနိုင်သလို စိတ်ပျက်စရာ၊ ငြီးငွေ့စရာ၊ ထွက်ခွာသွားချင်စရာစတဲ့ တော်လှန်ရေး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
တော်လှန်ရေးအပေါ် စိတ်ရှည်သည်းခံနိုင်မှုစွမ်းအားဟာ လူငယ်တွေမှာ ရှိနေရုံနဲ့လည်း မပြီးသေးပါဘူး။
တော်လှန်ရေးကို စစ်ရေးအရ ဦးဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းတွေမှာရှိတဲ့ ခေါင်းဆောင်တွေဆီမှာလည်း ရှိဖို့လိုအပ်ပါတယ်။ တကယ့်ကို ဖက်ဒရယ်ဒီမိုကရေစီကို အမှန်တကယ် ယုံကြည်မျှော်လင့်ရဲတဲ့ ခေါင်းဆောင်မှသာလျှင် အဲဒီစိတ်ဓာတ်မျိုး တွေ့ရပါတယ်။
မြေပေါ်တော်လှန်ရေးတုန်းက ပါတီအသီးသီးမှာ နိုင်ငံရေးမီးကျိုးမောင်းပျက်တွေရှိသလို ယခုတော်လှန်ရေးမှာလည်း တော်လှန်ရေး မီးကျိုးမောင်းပျက်တွေ ရှိပါတယ်။
အတွေးအခေါ်အဟောင်းတွေနဲ့ အရည်အသွေးပြည့်ဝတဲ့ လူငယ်တော်လှန်ရေးသမားတွေ လူတော်ခြေတက်တွေကို ချောင်ထိုးထားချင်တဲ့ ခတ်ညံ့ညံ့ခေါင်းဆောင်တွေလည်း တွေ့ရပါတယ်။
သဏ္ဌာန်ဆောင် ဖက်ဒရယ်ဒီမိုကရေစီအရေခြုံ အာဏာရှင်လက်သစ်တွေရဲ့ ဘေးဟာလည်း တော်လှန်ရေးရဲ့ အဆိပ်အတောက်တွေပါပဲ။ ဒါတွေကိုလည်း ကျနော်တို့လူငယ်တွေဟာ တော်လှန်ရေးအသိ သတိကပ်ပြီး ရင်ဆိုင်ကျော်လွှားကြရမှာပါပဲ။
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်တည်ဆောက်ရေး ဖြစ်စဉ်
နောက်ဆုံး အရေးကြီးဆုံးကတော့ လူထုပါ။ လူထုတရပ်လုံးဟာ တော်လှန်ရေးအပေါ်မှာ စိတ်ရှည်သည်းခံမှုအပြည့်နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဖြစ်စဉ်မှာ ယုံယုံကြည်ကြည်နဲ့ ဆက်လက် ရင်းနှီးမြှုပ်နှံဖို့ဟာ အသက်တမျှ အရေးကြီးတာမို့ တော်လှန်ရေးခရီးကို ဦးဆောင်လျှောက်လှမ်းနေသူ မှန်သမျှဟာ လူထုကို စိတ်မပျက်မိစေဖို့ အရေးကြီးပါတယ်။ လူထုရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မျှော်လင့်ချက် ယိမ်းယိုင်မသွားဖို့ ဘက်ပေါင်းစုံက ကျားကန်ထားဖို့လိုပါတယ်။ အဲဒီအထဲမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပတ်သက်နေတဲ့ PDF လူငယ်တွေ စိတ်ပျက်မသွားဖို့ တော်လှန်ရေး စိတ်ရှည်သည်းခံမှုစွမ်းအား (Revolutional Tolerance Power) ယုတ်လျော့ပျောက်ဆုံးမသွားဖို့ ကိုတော့ အဖွဲ့အစည်းတိုင်းမှာ ဦးဆောင်နေတဲ့ တာဝန်ခံ ခေါင်းဆောင်တွေ အထူးသတိထား ဆောင်ရွက်ကြဖို့၊ သတိချပ်ကြဖို့ အလေးအနက် တိုက်တွန်းလိုက်ပါရစေ...။
ချစ်ခြင်းမေတ္တာနှင့် ညာဏ်ပညာ၏ တန်ခိုးကို ဘယ်သောအခါမှ လျှော့ မတွက်ပါနဲ့။ လေးစား တန်ဖိုးထားပါ။ အသုံးချပါ။
ချစ်မင်းနွဲ့ကြည်