close

ချစ်ဝင်းမောင်

close

September 21, 2022

အဲလစ်ဇဘက်ဘုရင်မကြီးနဲ့ အတွေးများ

“ဘုရင်မကြီးသေတာ သူ့အပူ ဘာပါလို့လဲ။”

ဒါကတော့ တရုတ်ပြည် လူမှုကွန်ရက်သုံးစွဲသူတွေကြား တွေ့ခဲ့ရတဲ့ ကောမန့်တွေထဲက တခုပါ။ ဒီလိုမှတ်ချက် (comment) အပေးခံရသူက ဟောင်ကောင်မင်းသမီး ကာရီနာလျူ (၅၆ နှစ်) ပါ။ သူက ကနေဒီယန်ဟောင်ကောင် ကပြားပါ။ ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက် ကွယ်လွန်တော့ မင်းသမီး ကာရီနာလည်း တခြားသော ကမ္ဘာအရပ်ရပ်က ဆယ်လီတွေလို ဝမ်းနည်းကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်ခ်နဲ အင်စတာဂရမ်မှာ တင်ပါတယ်။ ဘုရင်မကြီးဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းသူဖြစ်တယ်။ သူဟာ စံနမူနာပြု ပုဂ္ဂိုလ်တဦးဖြစ်သလို သူကွယ်လွန်ခြင်းဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါပဲလို့ ရေးသားခဲ့တယ်။ တရုတ်ပြည်မှာ လူသုံးများတဲ့ ဆိုရှယ်ကွန်ရက် Waibo မှာတောင် မတင်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပို့စ်အောက်မှာတော့ ဘုရင်မကြီးကွယ်လွန်ခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ ဝမ်းနည်းစကားတွေကို တရုတ်လူမှုကွန်ရက်သုံးစွဲသူ အများအပြားက လှောင်ပြောင် ထေ့ငေါ့သလို တုံ့ပြန်နေကြတာ တွေ့ရပါတယ်။

ဘုရင်မကြီး ကွယ်လွန်တော့ ကမ္ဘာတဝန်းလုံးက ခေါင်းဆောင်တွေ၊ ဆယ်လီတွေ၊ မင်းသား မင်းသမီးတွေကအစ ဝမ်းနည်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက်ပေါ်မှာ ထုတ်ဖော်ရေးသားကြတယ်။ ဒီအထဲမှာ တရုတ်ပြည်သူတွေ မပါဝင်ကြဘူး။ အင်း.. စဉ်းစားကြည့်လိုက်တော့ ဗြိတိန်ဘုရင်မကြီး ကွယ်လွန်တာဟာ သူတို့ကိစ္စမဟုတ်သလို ကိုယ့်ကိစ္စလည်း မဟုတ်ပါဘူး။ ကမ္ဘာမှာ သက်တော်ရှည် ဘုရင်မကြီးတပါး ကွယ်လွန်သွားတာကလွဲလို့ ထူးထူးခြားခြားရှိလှတယ် မဆိုနိုင်ပါဘူး။ တခြားတဖက်ကကြည့်ရင် ကိုယ့်နိုင်ငံကို နှစ်ပေါင်း ၁၀၀ ကျော် ကိုလိုနီပြုသွားခဲ့တဲ့ နေမဝင်အင်ပါယာ ဘုရင်မကြီးပဲ။ သူဆောင်းတဲ့သရဖူမှာ ကိုယ့်နိုင်ငံက အဓမ္မယူဆောင်သွားတဲ့ နန်းစဉ်ပတ္တမြား ငမောက်တောင် စီခြယ်ထားတယ်လို့ ဆိုသေး။ ဟုတ်မဟုတ်တော့ မသိ။

အမှန်တော့လည်း ကိုယ်တွေ ကျွန်ပြုခံရ၊ ကိုလိုနီအဖြစ် သိမ်းပိုက်ခံခဲ့ရတာဟာ ကိုယ်တွေကိုယ်နှိုက်က ညံ့ခဲ့လို့ပါ။ ခုလို သူတို့တတွေ ထီးနဲ့ နန်းနဲ့ ဒီနေ့အထိ အခိုင်အမာ တည်ရှိနေချိန်မှာ ကိုယ်တွေက ထီးသုန်း နန်းသုန်း ပျက်စီးခဲ့တာ နှစ် ၁၀၀ ကျော်သွားခဲ့ပြီ။ ပဒေသရာဇ်ခေတ်ဟောင်းကို တမ်းတနေတာတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ကိုယ့်မင်းကိုယ့်ချင်းနဲ့ ဒီနေ့အထိ တည်တံ့နေတဲ့ နိုင်ငံတချို့ကို မြင်တိုင်း မချိတင်ကဲဖြစ်ရတယ်။ တကယ်ဆို ကိုယ်တွေလည်း ကိုယ့်မင်း ကိုယ့်ချင်းနဲ့ ထည်ထည်ဝါဝါ နေခဲ့တာပဲမဟုတ်လား။

ပြန်တွေးကြည့်တော့ “မညီညွတ်မှု” ဟာ ကုန်းဘောင်နှောင်းခေတ်ကတည်းက ရှိခဲ့တယ်။ ဗြိတိသျှတွေ ကိုယ့်ဘုရင်ကို ကြက်ကလေး ငှက်ကလေး ဖမ်းသလို အလွယ်တကူ ဖမ်းသွားနိုင်ခဲ့တာ ကုန်းဘောင်ခေတ်နှောင်း နန်းတွင်း နိုင်ငံရေး အရှုပ်အထွေးတွေကြောင့်ပါပဲ။ ခေတ်နောက်ကျနေရတဲ့ကြားက ကိုယ့်အချင်းချင်း မညီညွတ်မှုတွေက ဗြိတိသျှတွေအတွက် အကွက်ဆိုက်ခဲ့တယ်လို့တောင် ဆိုရမယ်။ ဟိုတုန်းက မညီညွတ်ခဲ့ဘူးဆိုတော့ ခုရော ညီညွတ်ပြီလား မေးစရာရှိတယ်။ ဟင့်အင်း..ပါပဲ။ မြန်မာတွေအချင်းချင်း မညီညွတ်ခဲ့တာ ရာစုနှစ်တခု ကျော်ခဲ့ပြီ။

စက်တင်ဘာလ ၈ ရက်နေ့မှာ ဗြိတိသျှဘုရင်မကြီး ဒုတိယမြောက် အဲလစ်ဇဘက် ကွယ်လွန်ပါတယ်။ ကွယ်လွန်ချိန်မှာ သက်တော် ၉၆ နှစ် ရှိပါပြီ။ ဗြိတိသျှနန်းတော်ထဲမှာ နှစ်ပေါင်း ၇၀ ကျော်အထိ အုပ်စိုးသွားခဲ့လို့ နန်းသက်ရှည် ဘုရင်မတပါးလို့ မှတ်တမ်းတင်နိုင်တယ်။ ဒုတိယ အဲလစ်ဇဘက် ကွယ်လွန်တော့ သားတော် အိမ်ရှေ့မင်းသား ချားလ်က ဘုရင်ဖြစ်လာပါတယ်။ ဘုရင်မကြီးကွယ်လွန် (နတ်ရွာစံ) တော့ ပဒေသရာဇ် ထုံးတမ်းနဲ့အညီ ဘုရင်သစ် နန်းတက်တာ၊ ကွယ်လွန်သွားတဲ့ ဘုရင်မကြီးကို ပဒေသရာဇ် အစဉ်အလာအတိုင်း နိုင်ငံတော်ဈာပနကျင်းပတာ၊ ပြည်သူပြည်သားတွေရဲ့ ရုပ်ကလာပ် အကြည်ညိုခံတာ၊ ဈာပနပွဲ ကျင်းပတာတွေကို ခမ်းခမ်းနားနား ပြုလုပ်ပါတယ်။နိုင်ငံပေါင်း ၁၀၀ ကျော်က ခေါင်းဆောင်တွေ၊ လက်ကျန် ပဒေသရာဇ်ဘုရင်တွေ၊ မိဖုရားတွေ အစုံအညီ တက်ရောက်ကြတာလည်း တွေ့ရတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ပြင်သစ်သမ္မတ မက်ခရွန်၊ ကနေဒါဝန်ကြီးချုပ်၊ တရုတ် ဒု-သမ္မတ စတဲ့ ခေါင်းဆောင်တွေ၊ ဥရောပက ဆွီဒင်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံနိုင်ငံတွေက မင်းဆွေ မင်းမျိုးတွေ၊ ဂျပန်ဘုရင်၊ ဂျော်ဒန်ဘုရင်မိဖုရား၊ ဆော်ဒီအာရေဗျနဲ့ အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံများက ဘုရင်တွေ၊ မင်းညီမင်းသားတွေ တက်ရောက်ကြတယ်။ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၉ မှာ ကျင်းပတယ်။ အဲဒီနေ့မတိုင်မီ ဘုရင်မရဲ့ ရုပ်ကလာပ်ကို ဝက်စ်မင်စတာ ဘုရားကျောင်းမှာ အကြည်ညိုခံ ပြသထားရာ အင်္ဂလန်ပြည်သူ ထောင်ပေါင်းများစွာက နာရီပေါင်းအတန်ကြာအောင် တန်းစီစောင့်ဆိုင်းပြီး ဘုရင်မကြီးကို ဂါရဝပြုခဲ့ကြတယ်။

ဒီမြင်ကွင်းဟာ နိုင်ငံတနိုင်ငံမှာ သူတို့ချစ်တဲ့၊ သူတို့ကြည်ညိုလေးစားတဲ့ ခေါင်းဆောင်တဦးကို သူ့ပြည်သူတွေက ဘယ်လောက်အလေးထားကြောင်း ပြသနေတယ်။ ခေါင်းဆောင်ကိုချစ်တဲ့ ပြည်သူတွေနဲ့ ပြည်သူကိုချစ်တဲ့ ခေါင်းဆောင်တွေကြား နက်ရှိုင်းတဲ့ ချည်နှောင်မှုကို ဒီဈာပနက ပြသနေတယ်။ ဝက်စ်မင်စတာ အဘေးကနေ ဝင်ဆာရဲတိုက်အထိ ရုပ်ကလာပ်ကို နန်းဓလေ့ အဆောင်အယောင်တွေ၊ အခြံအရံတွေနဲ့ သယ်ဆောင်သွားချိန်မှာ လမ်းရဲ့တဖက်တချက်မှာ တန်းစီစောင့်ဆိုင်း ကြည့်ရှုနေကြတဲ့ ပြည်သူအမြောက်အမြားကို တွေ့ရတယ်။ ဝင်ဆာရဲတိုက် စိန့်ဂျော့ဘုရားကျောင်းမှာ ဘုရင်မကြီးရဲ့ ရုပ်ကလာပ်ကို ပြီးခဲ့တဲ့ ၁၁ လက ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်ရဲ့နံဘေးမှာ ထားရှိမှာဖြစ်တယ်။ ဗြိတိသျှဘုရင်မင်းဆက်တွေရဲ့ ရုပ်ကလာပ်တွေဟာ ဘုရားကျောင်းရဲ့ လိုဏ်ခန်းထဲမှာ ထားရှိတာဖြစ်ပြီး မီးသင်္ဂြိုဟ်ခြင်း မရှိပါဘူး။ ဈာပနအခမ်းအနား မြင်ကွင်းကို ရုပ်သံကတဆင့် ရိုက်ကူးထုတ်လွှင့်ပြသလို့ တကမ္ဘာလုံးက ပြည်သူတွေလည်း ကြည့်ရှုခွင့်ရကြတယ်။ ဘုရင်မကြီး ဈာပနအခမ်းအနားရဲ့ ခမ်းနားမှုတွေ၊ ပဒေသရာဇ်အစဉ်အလာ အဆောင်အယောင်တွေကိုတော့ ရေးမပြတော့ပါဘူး။

၂၁ ရာစုထဲမှာ လက်ကျန်ပဒေသရာဇ်တွေရဲ့ မင်းခမ်းမင်းနားနဲ့ နန်းဓလေ့အစဉ်အလာနဲ့ ကျင်းပတဲ့ ခုလိုအခမ်းအနားမျိုး မြင်ခွင့်ရတာ ဒါ တတိယအကြိမ်ပါ။

၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ ကွယ်လွန်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဈာပနအခမ်းအနားကျင်းပတဲ့ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ရဲ့ ဈာပနအခမ်းအနားဟာလည်း ခု ကွယ်လွန်သွားတဲ့ ဗြိတိသျှဘုရင်မကြီးရဲ့ ဈာပနလိုပဲ ကြီးကျယ်ခမ်းနားခဲ့တယ်။ ဘူမိဘောကလည်း ဘုရင်မကြီး အဲလစ်ဇဘက်လိုပဲ နန်းသက် ၇၀ ကျော် ထိုင်းနိုင်ငံကို အုပ်စိုးသွားခဲ့ပြီး သက်တော် ၈၈ နှစ်မှာ ကံကုန်ခဲ့တာပါ။ ထိုင်းတွေက ဘုရင်ကြီးရဲ့ ရုပ်ကလာပ်ကို တနှစ်တိတိ အပူဇော်ခံထားပြီးမှ ဈာပနအခမ်းအနားကို ကျင်းပတာပါ။ တနှစ်တာအတွင်း ဘုရင်ကြီးကို ကြည်ညိုကြတဲ့ ထိုင်းပြည်သူတွေက အင်္ကျီအနက်ကိုပဲ ဝတ်ဆင်ခဲ့ကြတယ်။ ထိုင်းဘုရင်ကြီးကွယ်လွန်တော့ ထိုင်းပြည်သူတွေဟာ ယူကြုံးမရ၊ ခြုံးပွဲချ ငိုကြွေးခဲ့ကြတယ်။ ပြည်သူတွေက ဘုရင်ကြီးကိုချစ်ပြီး ဘုရင်ကြီးကလည်း ပြည်သူတွေကို မေတ္တာထားတဲ့ စည်းနှောင်မှုတခုပါ။

နောက်ထပ် ပဒေသရာဇ် မင်းခမ်းမင်းနားတခုက ၂၀၁၉၊ အောက်တိုဘာမှာ နန်းတက်ခဲ့တဲ့ ဂျပန်ဘုရင်သစ် နာရူဟီတိုရဲ့ နန်းတက်ပွဲ အခမ်းအနားပါ။ ဒီအခမ်းအနားကို ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်ကြီးတွေ၊ ဘုရင်တွေ၊ မင်းညီမင်းသားတွေ တက်ရောက်ခဲ့ပြီး ဂျပန်တို့ရဲ့ နန်းဓလေ့အစဉ်အလာအတိုင်း ခမ်းခမ်းနားနား ကျင်းပသွားခဲ့တာကို ရုပ်သံထဲမှာ ကြည့်ခွင့်ရလိုက်တယ်။

ကမ္ဘာကြီးဟာ ၂၁ ရာစုထဲ ချဉ်းနင်းဝင်ရောက်လာပြီ ဆိုပေမဲ့ ၂၀ ရာစုလက်ကျန် ပဒေသရာဇ် အချို့ကို မြင်တွေ့နေရပါသေးတယ်။ ပြောင်းလဲသွားတဲ့ ခေတ်စနစ်အခြေအနေအရ ပဒေသရာဇ် နွယ်ဝင်တွေဟာ အဆောင်အယောင် ရာထူးနေရာမှာသာ နေကြပြီး နိုင်ငံအုပ်ချုပ်ရေးမှာတော့ ပါဝင်ခြင်း မရှိကြတော့ပါဘူး။

ထီးမွေနန်းဆက် အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်လာနိုင်တဲ့ နိုင်ငံတွေ ကမ္ဘာမှာ သိပ်မကျန်တော့ပါဘူး။ ၂၀ ရာစု ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲနဲ့အတူ ပဒေသရာဇ်စနစ် ချုပ်ငြိမ်းခဲ့ပြီးတဲ့နောက် နေမဝင်အင်ပါယာ ဖြစ်ခဲ့ဖူးတဲ့ ဗြိတိသျှရော၊ အာရှ နေမျိုးနွယ် ဂျပန်ပါ ဒီနေ့အထိ ပဒေသရာဇ် အစဉ်အလာတွေကို ဆက်လက်ထိန်းသိမ်းထားတာ မြင်ရတော့ အတိတ်က ကိုယ်တွေလည်း ထီးနဲ့ နန်းနဲ့ ကြငှန်းနဲ့ နေခဲ့ဖူးတာ မြင်ယောင်မိတယ်။

နိုင်ငံတနိုင်ငံရဲ့ ဖြစ်တည်မှုဟာ ခေါင်းဆောင်တွေနဲ့ ပြည်သူတွေအကြား လေးစားချစ်ခင်မှုနဲ့ ညီညွတ်မှုပဲ ဖြစ်တယ်ဆိုတာ ကွယ်လွန်သွားတဲ့ အဲလစ်ဇဘက်ဘုရင်မကြီးရဲ့ ဈာပနကို ကြည့်ရှုရင်းက အတွေးပွားမိခဲ့ကြောင်းပါ...။

ချစ်ဝင်းမောင်

3 mins Ago

September 16, 2022

နှစ် ၇၀ အလွန် အုပ်စုဖွဲ့မှုအသစ် (သို့မဟုတ်) ရှီကျင့်ဖျင်-ပူတင် မဟာမိတ်ဆက်ဆံရေး

( ၁ )

ဒုတိယကမ္ဘာစစ်ဟာ ရည်ရွယ်ချက်တူ စစ်မဟာမိတ်အုပ်စုနှစ်စုကြား ဖြစ်ပွားခဲ့တဲ့ စစ်ပွဲကြီးတခုပါ။ Axis Powers လို့ခေါ်တဲ့ ဂျာမနီ၊ အီတလီနဲ့ ဂျပန်တို့ပါဝင်တဲ့ ဝင်ရိုးတန်းနိုင်ငံများက တဖက်။

ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ ဆိုဗီယက်၊ တရုတ်တို့ပါဝင်တဲ့ မဟာမိတ် Allies အုပ်စုက တဖက် အရှေ့အနောက် စစ်မျက်နှာမှာ တိုက်ခိုက်ကြတဲ့ စစ်ပွဲပါ။ နိုင်ငံပေါင်း ၁၀၀ ကျော်ပါဝင်ပြီး အရပ်သား သန်း ၇၀ နဲ့ သန်း ၈၀ ကြား သေဆုံးခဲ့ရပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး စစ်ပွဲတပွဲဖြစ်ခဲ့တယ်။ ၁၉၃၉ ခုနှစ် စက်တင်ဘာ ၁ ရက်မှာ စတင်ပြီး ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ  ပြီးဆုံးခဲ့လို့ ၆  နှစ်ကြာ စစ်ပွဲကြီးလို့ ဆိုရမယ်။

အနောက်ဘက်စစ်မျက်နှာမှာ ဂျာမနီက ပိုလန်ကို စတင်ကျူးကျော်ရာကစလို့ ပြင်သစ်နဲ့ အင်္ဂလိပ်က စစ်ကြေညာရာက စစ်ပွဲကြီး စခဲ့တယ်။ ဂျာမနီဘက်မှာ မူဆိုလိုနီရဲ့ အီတလီက ပူးပေါင်းပါဝင်ပြီး အာရှနဲ့ ပစိဖိတ်ကို လွှမ်းမိုးဖို့ ကြိုးစားတဲ့ ဂျပန်က နောက်ပိုင်းမှာ သုံးနိုင်ငံ မဟာမိတ်စာချုပ်နဲ့ စစ်ထဲပူးပေါင်းပါဝင်လာတယ်။ ဂျပန်က အမေရိကန်တွေရဲ့ ပစိဖိတ် ရေတပ်စစ်ဌာနချုပ် ပုလဲဆိပ်ကမ်းကို စတင်တိုက်ခိုက်တာနဲ့အတူ အမေရိကန်က စစ်ကြီးထဲ ဝင်ပါလာတယ်။ စစ်ရဲ့ အစောပိုင်းမှာ ဆိုဗီယက်နဲ့ ဟစ်တလာရဲ့ ဂျာမနီ ပူးပေါင်းရေးစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ ဟစ်တလာက ဆိုဗီယက်ကို ကျူးကျော်သိမ်းပိုက်လာတော့ ဆိုဗီယက်က မဟာမိတ်စစ်အုပ်စုထဲ ပါဝင်လာတယ်။

ပထမဆုံး အနောက်ဘက်စစ်မျက်နှာမှာ ဟစ်တလာရဲ့ ဂျာမနီ ကျဆုံးပါတယ်။ ဟစ်တလာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းနဲ့အတူ ဘာလင်ဟာ မဟာမိတ်တို့ရဲ့လက်ထဲ ကျရောက်ခဲ့တယ်။ မန်ချူးရီးယားမှာ တရုတ်နဲ့ စစ်ဖြစ်နေခဲ့တဲ့ ဂျပန်ဟာ စစ်ရဲ့အစောပိုင်းမှာ အာရှကုန်းမြေ အစိတ်အပိုင်းတချို့ကို ရရှိခဲ့ပြီး ဂျာမနီ လက်နက်ချတဲ့အထိ လက်နက်မချသေး ရှိနေခဲ့ရာက ဟီရိုရှီးမားနဲ့ နဂါစကီ မြို့ကြီးနှစ်မြို့ နျူကလီးယားဗုံး ကြဲချခံရပြီးတဲ့နောက် ဂျပန်လက်နက်ချခဲ့လို့ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားခဲ့တယ်။

ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပြီး ကုလသမဂ္ဂလို အဖွဲ့အစည်းကြီး ပေါ်ပေါက်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၄၅ နှစ်တာကာလအတွင်း အယူအဆရေးရာ မတူညီတဲ့ အုပ်စုကြီးနှစ်ခုကြား စစ်ရေးတင်းမာမှု ဖြစ်ပေါ်နေခဲ့ပေမဲ့  နောက်ထပ် ကမ္ဘာစစ်ဖြစ်မယ့် အရေးကိုတော့ ရှောင်ရှားနိုင်ခဲ့တယ်။

ဒီနေ့အချိန်မှာ မတူညီတဲ့ အုပ်စုနှစ်စုကြား တင်းမာမှုဟာ တကျော့ပြန်လည်လာပြီး ဒုတိယကမ္ဘာစစ်မတိုင်မီက အနေအအထားမျိုးလို အုပ်စုဖွဲ့မှုတွေ မဟာမိတ် တည်ဆောက်မှုတွေကို အထင်းသား တွေ့မြင်နေရပါပြီ။

( ၂ )

ကိုဗစ်-၁၉ ကပ်ရောဂါကြီး ကျရောက်ချိန်ကစလို့ နိုင်ငံပြင်ပကို မထွက်ဘဲနေခဲ့တဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဗုဒ္ဓဟူးနေ့ ညနေပိုင်းက ဥဇဘက်ကစ္စတန်နိုင်ငံကို သူ့ရဲ့ ပထမဆုံး နိုင်ငံပြင်ပခရီးစဉ်အဖြစ် ရောက်ရှိလာပါတယ်။ ရှီရဲ့ နောက်ဆုံး နိုင်ငံတကာခရီးစဉ်က မြန်မာနိုင်ငံဖြစ်ခဲ့ပြီး ၂၀၂၀ ဇန်နဝါရီလမှာပါ။ မြန်မာနိုင်ငံက ရှီ ပြန်သွားချိန်ကစလို့ ဝူဟန်မှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု အကြီးအကျယ်ဖြစ်ခဲ့ပြီး နောက်ပိုင်း တကမ္ဘာလုံးကို ကူးစက်သွားတာပါ။

မြန်မာနိုင်ငံခရီးစဉ်အပြီး ၂ နှစ်ကျော်အတွင်း ဥဇဘက်ကစ္စတန်ကို ရောက်ရှိလာတာဟာ အကြောင်းပေါင်းစုံသင့်လို့ နေပါတယ်။ ၂၂ ကြိမ်မြောက် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အဖွဲ့ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ခေါင်းစဉ်တပ်ထားပေမဲ့ ဒီခရီးစဉ်မှာ ရှီဟာ သူ့ရဲ့ဖြစ်တည်မှုနဲ့ အကျပ်အတည်းကာလ တရုတ်ရဲ့ ရပ်တည်ချက်ကို ပြသဖို့ အဓိက ရည်ရွယ်ပါတယ်။ လာမယ့် အောက်တိုဘာ ၁၆ ရက်မှာ တရုတ်ကွန်မြူနစ်ပါတီ အကြိမ် ၂၀ မြောက် အမျိုးသားကွန်ဂရက် အစည်းအဝေး ရှိပါတယ်။ ဒီအစည်းအဝေးက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအဖွဲ့ဝင်သစ်တွေကို ရွေးချယ်မှာဖြစ်သလို ရှီရဲ့ လာမယ့် တတိယသက်တမ်း ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနေရာကို ဆက်လက်ရယူဖို့ အတည်ပြုမှာဖြစ်တယ်။ ဒီလိုအခိုက်အတန့်မှာ နိုင်ငံတကာထွက် မျက်နှာပြခြင်းဖြင့် သူ့ရဲ့ အရေးပါမှုကို ပြသမှာဖြစ်တယ်။

အလားတူပါပဲ။ ရှီကို လိုအပ်နေတာက ပူတင်ပါ။ ယူကရိန်းစစ်ပွဲကို အကြောင်းပြုလို့ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှု ရင်ဆိုင်နေရတဲ့ ပူတင်အတွက် အဓိကမဟာမိတ် ရှီနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံရမှုဟာ အခက်အခဲကာလမှာ မိတ်ဆွေကောင်းနဲ့ တွေ့ဆုံရတဲ့ အခြေအနေပါ။

အားလုံးသိကြတဲ့အတိုင်း ခုရက်ပိုင်းအတွင်း ယူကရိန်းစစ်မြေပြင်မှာ ရုရှားတပ်တွေ အထိနာနေပြီး အရှေ့မြောက်ပိုင်း ခါကိဗ်ကနေ ဆုတ်ခွါနေရတယ်။ မိတ်ဆွေကောင်းနဲ့ တွေ့ဖို့လိုအပ်နေတဲ့ ဒီလိုအချိန်ခါမျိုးမှာ (SCO) ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အစည်းအဝေးဟာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ ရင်ဖွင့်ဖို့ စင်မြင့် ဖြစ်လာပါတယ်။

တကယ်တော့ ပူတင်က ယူကရိန်းကို စစ်ရေးအရ ဝင်ရောက်မစွက်ဖက်ခင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းကပဲ တရုတ်ကိုသွားရောက်ပြီး ရှီနဲ့ တွေ့ဆုံခဲ့ပြီးဖြစ်တယ်။ ဆောင်းရာသီ အိုလံပစ်ပွဲကို ရောက်လာတဲ့ ပူတင်နဲ့ ရှီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး မဟာမိတ် သဘောတူညီချက်မှာ နာမည်ကျော်သွားတဲ့ ဝေါဟာရက “အဆုံးအစမဲ့” (unlimit partnership) ပါ။ နှစ်နိုင်ငံကြား လက်ချင်းချိတ်ပြီး တယောက်ကိုတယောက် အရေးပေါ်ရင် အကန့်အသတ်မဲ့ ကူညီဖို့ ပူးပေါင်းဖို့လို့ ဆိုနိုင်တယ်။

တကယ်လည်း ရှန်ဟိုင်းက ပူတင်ပြန်သွားပြီး မကြာခင် ယူကရိန်းရဲ့ အချုပ်အခြာနယ်မြေထဲ ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက်သွားတော့ တရုတ်ဘက်က ရုရှားရဲ့လုပ်ရပ်ကို ကျူးကျော်မှု (Invasion) လို့ မသုံးဘဲ ရုရှားတွေသုံးနှုန်းတဲ့အတိုင်း military operation လို့ပဲ သုံးနှုန်းပြီး ရုရှားဘက်က ရပ်တည်ပေးခဲ့တယ်။ စစ်ရေးအရ ပံ့ပိုးမှုတွေ မပြုလုပ်ပေမဲ့ တရုတ်ဟာ ရုရှားဆီက လောင်စာဆီတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်ယူပြီး အားပေးခဲ့တယ်။ နှစ်နိုင်ငံကြား ကုန်သွယ်ရေးဟာ စစ်ဖြစ်ချိန်ကစလို့ နှစ်ဆတက်သွားတယ်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ မှာ တရုတ်၊ ရုရှား၊ ဥဇဘက်ကစ္စတန်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျီကစ္စတန် စတဲ့ ဆိုဗီယက်ဟောင်းနိုင်ငံတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ဥရောပ-အာရှ (ယူရေးရှား) နိုင်ငံတွေကြား နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ ရည်ရွယ်ခဲ့တယ်။ ၂၀၁၇ မှာ ဒီအဖွဲ့ထဲ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပါဝင်လာပြီး ၈ နိုင်ငံ ဖြစ်လာတယ်။ လူဦးရေအရရော ဂျီဒီပီအရရော ကမ္ဘာမှာ အကြီးမားဆုံးအုပ်စုလို့ ဆိုရမယ်။

ဥဇဘက်ကစ္စတန်နိုင်ငံ၊ ဆာမန်ခါမြို့မှာ ကျင်းပတဲ့ ဒီအစည်းအဝေးဟာ ခုလို အကျပ်အတည်း ကြုံနေတဲ့ ကမ္ဘာကြီးရဲ့ အခိုက်အတန့်မှာ စိတ်ဝင်စားစရာ ကောင်းနေတယ်။ အထူးသဖြင့် ထိပ်သီးခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ရှီကျင့်ဖျင်နဲ့ ပူတင်တို့ရဲ့ တွေ့ဆုံမှုအပြင် အိန္ဒိယခေါင်းဆောင် မိုဒီပါ တက်ရောက်လာမယ့်အတွက် ဖြစ်တယ်။ ရှီ အနေနဲ့ ဇီးရိုးကိုဗစ် မူဝါဒနဲ့ အိမ်ခြံမြေ စီမံကိန်းတွေကြောင့် ကျဆင်းသွားတဲ့ တရုတ်စီးပွားရေးကို ပြန်လည်ဦးမော့ဖို့ လိုနေသလို ပူတင်အနေနဲ့လည်း ယူကရိန်းစစ်ကြောင့် အနောက်အုပ်စုနဲ့ ခွါပြဲသွားချိန်မှာ တရုတ်ဟာ အဓိကအားကိုးရာ မဟာမိတ်ဖြစ်ကြောင်း ပြသကြမှာဖြစ်တယ်။

ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း ၇၀ ကျော်အကြာမှာ အယူအဆမတူညီတဲ့ အုပ်စုနှစ်စုရဲ့ တင်းမာမှုနဲ့ အုပ်စုဖွဲ့မှုတွေက နောက်ထပ် စစ်ပွဲကြီးတပွဲအတွက် ရှေ့ပြေးလက္ခဏာတွေ မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းရပါတော့မယ်..။

ချစ်ဝင်းမောင်

Ref: Amid Russian weakness, China is keen to demonstrate its Loyalty.

5 days Ago
Up