ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ဗာလင်တိုင်း ခေါ် ချစ်သူများနေ့မှာ ထိုင်းနိုင်ငံက သက်ဆိုင်ရာနယ်မြေ အုပ်ချုပ်ရေးရုံးတွေမှာ လက်ထပ်စာချုပ်သွားချုပ်တဲ့ ချစ်သူစုံတွဲတွေ၊ သူတို့အသိသက်သေ ဆွေမျိုးတွေနဲ့ စည်ကားနေပါတယ်။
အဲဒီထဲက ဘန်ကောက် ဘန်ရတ်နယ်မြေ United Center Building Silom ၁၇ လွှာမှာ ကျင်းပတဲ့ စုပေါင်းလက်ထပ်ပွဲနဲ့ လက်ထပ်စာချုပ် လက်မှတ်ရေးထိုးပွဲကတော့ ပိုမိုထူးခြား လှပစည်ကားလို့ နေပါတယ်။
Silom of Love @ Bangrak လို့ အမည်ပေးထားတဲ့ အဆိုပါ ထိမ်းမြားလက်ထပ်ပွဲကို ဘန်ကောက်ခရိုင် စီမံခန့်ခွဲရေးရုံးက ကြီးမှူးကျင်းပပြီး သစ်လွင်တဲ့ ပန်းအလှဒီဇိုင်းတွေနဲ့ ခမ်းနားစွာ ပြင်ဆင်ထားကာ လက်ထပ်စာချုပ်ထည့်တဲ့ ရွှေမှန်ဘောင် ၁၁ ခုကိုလည်း ကံစမ်းမဲ ဖောက်ပေးနေတယ်လို့ one31 ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
စုံတွဲပေါင်းများစွာရဲ့ လက်ထပ်ပွဲအခမ်းအနားကို ဒီကနေ့မနက် ၈ နာရီမှာ ဘန်ကောက် ဒုခရိုင်ဝန်ကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးခဲ့ပြီး မင်္ဂလာမောင်မယ်တွေအတွက် ဆုမွန်ကောင်းတွေ ချီးမြှင့်ပေးခဲ့ပါတယ်။
အဆိုပါနေရာမှာ စုံတွဲတွေက မိဘဆွေမျိုးသူငယ်ချင်း စုံညီစွာ သတို့သမီး၊ သတို့သား တောင်းရမ်းတဲ့ အခမ်းအနားကို ထိုင်းထုံးစံနဲ့ ကျင်းပသလို နှစ်ယောက်တည်း လက်မှတ်လာထိုးတဲ့ စုံတွဲတွေ၊ နိုင်ငံခြားသားစုံတွဲတွေ၊ နိုင်ငံခြားသားနဲ့ လက်ထပ်သူတွေ၊ လိင်တူခြင်း လက်ထပ်သူတွေပါ ရောက်လာကြပြီး ဒီနေ့မနက်ပိုင်းမှာတင် ချစ်သူစုံတွဲပေါင်း ၆၂၃ တွဲ လက်ထပ်စာချုပ် ချုပ်သွားခဲ့ပြီလို့ ပွဲစီစဉ်ရေးအဖွဲ့က သတင်းထောက်ကို ပြောပါတယ်။
ဘန်ရတ်ဆိုတာ အချစ်ရပ်ဝန်းလို့လည်း အဓိပ္ပာယ်ရတာကတကြောင်း၊ ဘန်ကောက် အုပ်ချုပ်ရေးဌာနက ခမ်းခမ်းနားနား စီမံပေးတဲ့ပွဲလည်းဖြစ်တာကြောင့် ဒီနေရာကို ရောက်အောင်လာပြီး လက်မှတ်ရေးထိုးကြတာလို့ စုံတွဲတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဒီ ဘန်ရတ်နယ်မြေ အုပ်ချုပ်ရေးရုံးမှာ လာရောက်လက်ထပ် စာချုပ်ခဲ့တဲ့ စုံတွဲပေါင်း ၃,၀၀၀ ကျော်ရှိတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။