ချဒ်နိုင်ငံမှာ ချဒ်အသွင်ကူးပြောင်းရေး အာဏာပိုင်တွေက လက်နက်ကိုင်အုပ်စုဝင် အယောက် ၂၅၀ ကို ဇန်နဝါရီ ၁၈ ရက်က ပြန်လွှတ်ပေးလိုက်ပါတယ်။
အမျိုးသားငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမတိုင်မီ တွေ့ဆုံဆွေးနွေးရေးကို အားပေးတဲ့အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အောက်မှာ ထောင်ကနေပြန်လွှတ်ဖို့ ကတိအတိုင်း လွှတ်ပေးလိုက်တာပါ။
မြို့တော် အန်ဒီဂျာမေနာ အနားက ခလက်ဆိုအမ်ထောင်မှာ ကျင်းပတဲ့ အခမ်းအနား အတိုလေးကို တရားရေးဝန်ကြီး အာမဒ်မဟာမတ်အယ်လ်ဟာဘိုက ဦးဆောင်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ဗဟိုအစိုးရကို လက်နက်ကိုင်ဆန့်ကျင်မှုစွဲချက်နဲ့ ဖမ်းဆီးခံ ၂၂ ယောက်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ အမိန့်ချခဲ့ပါတယ်။
ဖေဖော်ဝါရီလလယ်မှာ အစီအစဥ်ဆွဲထားတဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး နိုင်ငံအဆင့် ဆွေးနွေးပွဲတွေမှာ ပူးပေါင်းဖို့ သူပုန်အုပ်စုတွေကိုလည်း ဖိတ်ကြားထားပါတယ်။
ဒါပေမဲ့ ကြားဖြတ်အစိုးရက ငြိမ်းချမ်းချင်တဲ့ အမူအရာပြမှသာ သူတို့ပါဝင်ဆွေးနွေးမယ်လို့ ချဒ် အပြောင်းအလဲနဲ့ သဟဇာတတပ်ဦး (FACT) က ပြောပါတယ်။
“လွတ်ငြိမ်းခွင့် သဘောတူညီချက်ဟာ ချဒ်နိုင်ငံရဲ့ သားသမီးတွေကြား ယုံကြည်မှုပြန်တည်ဆောက်ဖို့ ကတိနဲ့အညီ ကြိုဆိုရမယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေဟာ သမ္မတ ရွေးကောက်ပွဲနဲ့ လွှတ်တော် ရွေးကောက်ပွဲတွေအတွက် လိုအပ်တဲ့ ရှေ့ပြေးနိမိတ်” လို့ ဝန်ကြီးက ထောင်သားတွေကို လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်တွေ ဝေငှရင်း သတင်းထောက်တွေကို ပြောပါတယ်။