ပွဲကစားဖို့ရှိတဲ့နေ့မှာ ရာမဒန်ဥပုသ်စောင့်တဲ့ ကစားသမားကို ပြင်သစ်ကလပ် နန့်တက်စ်အသင်းက လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။
နန့်တက်စ်အသင်းနည်းပြ ကွန်ဘွာဟာ ပွဲကစားရမယ့်နေ့မှာ အစ္စလာမ်ဘာသာဝင် မွတ်စလင်ကစားသမားတွေအနေနဲ့ ရာမဒန်ဥပုသ်သီလစောင့်တည်တာကို မလုပ်ဖို့ တောင်းဆိုခဲ့ပြီး မလိုက်နာတဲ့ ကစားသမားကို ပွဲကစားမယ့် လူစာရင်းကနေ ချန်လှပ်ခဲ့တာပါ။
အယ်လ်ဂျီးရီးယားနောက်ခံလူ ဟတ်ဂျမ်ဟာ ပွဲကစားရမယ့်နေ့မှာ ရာမဒန်ဥပုသ်စောင့်ခဲ့တဲ့အတွက် ရီယမ်စ်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ခွင့်မရခဲ့ပါဘူး။
ကစားသမားတွေအနေနဲ့ ရာမဒန်ဥပုသ်သီလစောင့်မယ်ဆိုရင် ကိစ္စမရှိဘဲ လိုအပ်မယ်ဆိုရင် မိမိကိုယ်တိုင် ပံ့ပိုးပေးနိုင်ပေမဲ့ ပွဲကစားတဲ့နေ့မှာတော့ အစာရေစာ စားသောက်ဖို့ လိုအပ်ကြောင်း နန့်တက်စ်နည်းပြ ကွန်ဘွာကပြောပါတယ်။
ဒီလိုလုပ်ဆောင်တာဟာ ဒဏ်ရာမရရှိစေဖို့ဖြစ်ပြီး ရာမဒန်ဥပုသ်စောင့်လို့ အပြစ်ပေးအရေးယူတာမျိုးမဟုတ်ကြောင်း နည်းပြကွန်ဘာက ရှင်းလင်းသွားပါတယ်။
ဘရာဇီးလက်ရွေးစင် ဘောလုံးအသင်းရဲ့လူစာရင်းကို ထုတ်ပြန်ခဲ့ရာမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကိုဦး ဆောင်နေတဲ့အာဆင်နယ်အသင်းရဲ့ ကစားသမားတွေကို ချန်လှပ်ခံခဲ့ရပါတယ်။
ဘရာဇီးနည်းပြ တိတီဟာ ဂါနာ၊ တူနီးရှားအသင်းတွေနဲ့ ကစားရမယ့် ခြေစမ်းပွဲစဉ်တွေအတွက် ကစားသမားစုစုပေါင်း ၂၆ ဦးရွေးချယ်ခဲ့တာပါ။
အဲဒီလူစာရင်းမှာ ပြီးခဲ့တဲ့ လူစာရင်းတွေတုန်းကပါဝင်ခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီယယ် ဂျေဆု၊ တောင်ပံတိုက်စစ်ကစားသမား မာတင်နယ်လီနဲ့ ဗဟိုနောက်ခံလူ ဂါဘရီယယ်တို့ကို ချန်လှပ်ခဲ့တာပါ။
နည်းပြတိတီကတော့ ခြေစမ်းပွဲတွေမှာ တခြားကစားသမားတွေကို အခွင့်အရေးပေးချင်တာကြောင့်ဖြစ်ပြီး ဂါဘရီယယ်ဂျေဆုဟာ တိုက်စစ်နေရာမှာယှဉ်ပြိုင်ဖို့ အခြိမ်း ခြောက်နိုင်ဆုံး တိုက်စစ်မှူးဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဗီလာကကော်တင်ညို၊ မာတင်နယ်လီနဲ့ ဘင်ဖီကာက ဒေးဗစ်နီရက်စ်တို့ကို ချန်လှပ်ခဲ့တာဟာလည်း အလွန်ခက်ခဲကြောင်း နည်းပြတိတီပြောပါတယ်။ ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲ နှစ်ပွဲကို ပြင်သစ်နိုင်ငံမှာကစားမှာဖြစ်ပြီး ပရီးမီးယားလိဂ်က ၁၁ ဦးရွေးချယ်ခံရပါတယ်။
လီဗာပူးက ဂိုးသမား အလက်ဆန်၊ ဖာဘင်ညိုနဲ့ ဖေမီနို၊ မန်ယူက ဖရက်ဒ်၊ အန်တိုနီနဲ့ ကတ်စမီရို၊ ချဲလ်ဆီးက သီယာဂိုဆေးလ်ဗား၊ မန်စီးတီးက အီဒါဆန်၊ စပါးကရစ်ချာလီဆန်၊ ဝက်စ်ဟမ်းက ပါကေတာနဲ့ နယူးကာဆယ်က ဂွီမာရေးစ် တို့ပါဝင်ပါတယ်။