မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ်ကွက်၊ ၃၀x၃၀ အေလမ်း၊ ၈၉x၉၀ လမ်းကြား၊ အကွက် ၂၅၅ မှာ ဖေဖော်ဝါရီ ၁၆ ရက်၊ ညနေ ၆ နာရီ ၁၅ မိနစ်လောက်က မီးလောင်မှုတခု ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့ဆီက သိရပါတယ်။
အဆိုပါမီးလောင်မှုကြောင့် လူနေအိမ် ၄ လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးစတင် လောင်ကျွမ်းချိန်က ပိတ်မိနေတဲ့ အမျိုးသမီး ၁ ဦး မီးလောင်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။
“မီးလောင်သွားတာ အဆောက်အဦ ၄ လုံး၊ အမျိုးသမီး ၁ ဦးတော့ သေဆုံးသွားပါတယ်။ DB (dead body) တွေ့ပါတယ်။ ဘယ်ကစလောင်တာလဲ မသိသေးပါဘူး။ အသေးစိတ် အချက်အလက်ကိုတော့ မီးသတ်ဘက်က စစ်ဆေးနေဆဲပါ” လို့ မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းတခုက ပြောပါတယ်။
အဲ့ဒီမီးလောင်ကျွမ်းမှုကို မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့နဲ့ လူမှုကူညီရေးအသင်းတွေက Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ကြလို့ ညနေ ၆ နာရီ ၃၅ မိနစ်မှာ မီးထိန်းနိုင်ပြီး ၆ နာရီ ၄၀ မှာ မီးငြိမ်းသွားတယ်လို့ သိရပြီး ပျက်စီးဆုံးရှုံးတန်ဖိုးနဲ့ မီးစတင်လောင်ကျွမ်းပုံကို စုံစမ်းနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ ( မန္တလေးတိုင်းမီးသတ် )
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်အနီး မြို့ပတ်လမ်း၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ကြားမှာ မေလ ၁၀ ရက် မနက် ၉ နာရီလောက်က အမျိုးသား ၂ ယောက် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရသူတွေဟာ ပုသိမ်ကြီး မြို့နယ်၊ ဆင်ပွတ်ကြီးကျေးရွာနေ ကိုဖြိုးကျော် (၂၆-နှစ်)နဲ့ ကိုရဲရင့်အောင် (၂၅-နှစ်)တို့ဖြစ်ပြီး ဆိုင်ကယ်စီးလာတဲ့အချိန် ပစ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဆင်ပွတ်ကြီးကျေးရွာ အခြေစိုက် သွေးသောက်အဖွဲ့ရဲ့ ဒုခေါင်းဆောင် ဖြိုးကျော်နဲ့ ရဲရင့်အောင်(ခ)နီတွတ်တို့ကို မန္တလေး မြို့ပြပြောက်ကျားမဟာမိတ်တပ်ပေါင်းစုက သေနတ်နဲ့ ပစ်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဖြိုးကျော်မှာ ပခုံး၊ ဂျိုင်း၊ လက်မောင်း၊ ပါးနဲ့ မေးစေ့တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရဲရင့်ကျော်မှာ ပခုံး၊ လက်မောင်း၊ လက်ပြင်တို့မှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဆေးရုံတင်ပို့ထားတယ်လို့ သိရပါတယ်။