စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာကို ဖေဖော်ဝါရီ ၁၉ ရက် မနက်ခင်းက စစ်ကောင်စီတပ် ဝင်ရောက်လာတာကြောင့် ဒေသခံ ၇၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရွာကိုဝင်လာတဲ့ စစ်တပ်ဟာ ဘုတလင်မြို့နယ် ရေဘုတလင် မြသိန်းတန်ဘုရားကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ် ဖြစ်တယ်လို့လည်း သိရပါတယ်။
“အင်အား ၆၀ ကျော်လောက်ရှိမယ်။ ရွာကလူတွေကတော့ အကုန်ထွက်ပြေးနေကြတယ်။ မနေညကလည်း ဘုတလင်ဘက်ကနေ လက်နက်ကြီးနဲ့ပစ်လို့ ရွာက လူနေအိမ်တစ်လုံးမီး လောင်သွားတယ်”လို့ ဒေသခံခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ချိုင်ရွာကို ဝင်ရောက်ခဲ့တာကြောင့် ချိုင်အုပ်စုမှာပါတဲ့ ချိုင်ကျေးရွာ၊ ဒင်ပေါက်ကျေးရွာ ၊ သရက်ပင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးနေကြရတာဖြစ်ပါတယ်။
ချိုင်ကျေးရွာနဲ့ ဒင်ပေါက်ကျေးရွာဟာ အိမ်ခြေ ၅၀၀ နီးပါးရှိပြီး သရက်ပက်ကျေးရွာဟာ အိမ်ခြေ ၂၇၀ ကျော်ရှိတဲ့ ကျေးရွာ ဖြစ်ပါတယ်။ လူဦးရေအနေနဲ့ ၇၀၀၀ ကျော်ရှိတယ်လို့လည်း ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချိုင်ကျေးရွာမှာ ဇွန် ၅ ရက် ဒီမနက်အစောပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်ရှာဖွေနေတာကြောင့် ဒေသခံ ရွာသားတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတစ်ဦးက "မနက်ပိုင်းမှာ အဲကောင်တွေကားတွေနဲ့ ရောက်လာတယ်။ ကျနော်တို့လည်း ကြောက်တာနဲ့ ထွက်ပြေးနေတယ်။ အိမ်တွေတော့ ဘာတွေလုပ်မလဲ တော့မသိသေးဘူး။ ရွာထဲမှာတော့ အဘိုးကြီး အဘွားကြီးတွေပဲ ကျန်ခဲ့တယ်။ အဲရွာထဲ ကျန်ခဲ့တဲ့ အဘိုးကြီး အဘွားကြီးတွေကို ထမင်းချက်ခိုင်းနေတယ်လို့တော့ အဆက်သွယ်ရတယ်။ ကျန်တာတော့ ဘာမှမသိရသေးဘူး"လို ပြောပါတယ်။
စစ်ကောင်စီအကြမ်းဖက် လက်နက်ကိုင်တပ်ဖွဲ့တွေက ကနီမြို့နယ်အတွင်း သူတို့ကိုဆန့်ကျင်တဲ့ ပြည်သူလူထုတွေကို နေ့စဉ်ရက်ဆက် တစ်ရွာဝင်တစ်ရွာထွက်လိုက်လံရှာဖွေဖမ်းဆီးနေတာပါ။
ရွာတွေကို ဝင်ရောက်ရာမှာ ရဲနဲ့ စစ်တပ်လက်နက်ကိုင်အဖွဲ့တွေက သူတို့စိတ်မထင်ရင် မထင်သလို ပြည်သူတွေကို ရိုက်နှက်တာ၊ ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးရိုက်ခွဲတာ၊ တန်ဖိုးရှိတဲ့ ရွှေ၊ ငွေနဲ့ ဆိုင်ကယ်စတဲ့ ပစ္စည်းတွေကို ယူဆောင်သွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။