ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့ရှိ စစ်ကောင်စီလက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက် သတိပေးခဲ့တယ်လို့ ချိုးဖြူ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ပင်းတယမြို့ရှိ အထွေထွေအုပ်ချုပ်ရေးမှုးရုံးကို ဇူလိုင် ၂၆ ရက်နေ့ မနက် ၉ နာရီလောက် ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဗုံးမှာ error ဖြစ်ပြီး ပေါက်ကွဲခြင်းမရှိခဲ့တာကြောင့် ဒီ့ထက် ၂ ဆပြင်းတဲ့ ဗုံးနဲ့ ပြန်လည်တိုက်ခိုက်သွားမှာဖြစ်လို့ ထွေအုပ် NON CDM ဝန်ထမ်းတွေအနေနဲ့ အမြန်ဆုံးရှောင်ရှားကြဖို့ ချိုးဖြူပြောက်ကျားတပ်ဖွဲ့က သတိပေးထားပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ဘယ်သူ့ကိုမှ ညှာတာထောက်ထားနေမှာ မဟုတ်ဘဲ လုပ်စရာရှိတာ ဆက်လုပ်သွားတော့မှာပါ။ ဆက်လက်ပြီး စစ်ကောင်စီနဲ့ ပတ်သက်နေဦးမယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ။ စစ်ကောင်စီကိုတော့ စပရိန်လို ဖိနှိပ်သလောက် ပြန်တွန်းကန်မဲ့ ပြည်သူတွေဆိုတာကို ကြပ်ကြပ်သတိထားပါလို့ပဲ ပြောချင်တယ်” လို့ ဒီဗွီဘီကိုပြောပါတယ်။
ပင်းတယမြို့နယ်ရှိ စစ်ကောင်စီအလိုကြဆောင်ရွက်နေတဲ့ ထွေအုပ်ဝန်ထမ်းတွေနဲ့ စစ်ကောင်စီ ခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို ၁၅ ရက်အတွင်း နုတ်ထွက်ကြဖို့ နောက်ဆုံး အကြိမ်သတိပေးထားပြီး လိုက်နာဆောင်ရွက်ခြင်းတဲ့ စစ်ကောင်စီအလိုကျအုပ်ချုပ်ရေးမှူးတွေကို လုံးဝ(လုံးဝ)ခွင့်လွှတ်ပေးမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွှေညောင်မြို့ နယ်မြေရဲစခန်းကို မတ်လ ၈ ရက်၊ နေ့လယ်က ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) က ဗုံးခွဲတိုက်ခိုက်ခဲ့ရာမှာ ရဲ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ JPGF က ထုတ်ပြန်ထားပါတယ်။
ချိုးဖြူပြောက်ကျားတပ်ဖွဲ့ (JPGF) ကို မတ်လ ၇ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စတင်ဖွဲ့စည်းတဲ့နေ့မှာပဲ ပင်းတယမြို့ရှိ ကြံ့ခိုင်ရေးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ။
JPGF အနေနဲ့ "ဝုန်းဒိုင်း" စစ်ဆင်ရေးအမည်နဲ့ ဟဲဟိုးမြို့အတွင်းရှိ နယ်မြေရဲစခန်းနဲ့ လျှပ်စစ်မီတာရုံးအတွင်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဗုံးခွဲတိုက်ခိုက်တာတွေ အပါအဝင် စစ်ဆင်ရေး ၆ ကြိမ်ခန့် ပြုလုပ်ခဲ့သလို စစ်ကောင်စီနဲ့ ဆက်နွှယ်တဲ့ နေရာဌာနတွေ၊ ဒလန်တွေ၊ ပျူစောထီးတွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သွားမယ်လို့ သတိပေး ထုတ်ပြန်ထားပါတယ်။