အမေရိကန်နိုင်ငံ၊ ချီကာဂိုရှိ အထပ်မြင့်တိုက်ခန်းအဆောက်အဦတလုံးရဲ့ အထပ်အများအပြားမှာ ပျံ့နှံ့ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ လူတဦးသေဆုံးပြီး မီးသတ်သမားတဦး အပါအဝင် တခြားရှစ်ဦးကို နယ်မြေဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့ ချီကာဂို မီးသတ်ကော်မရှင်နာ အန်းနက် နန့်စ်-ဟို့လ်တ်က ပြောပါတယ်။
Harper Square Cooperative အဆောက်အဦမှာ ဇန်နဝါရီ ၂၅ ရက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ မီးသတ်ဝန်ထမ်း ၃၀၀ ကျော်က ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပါတယ်။
အဲဒီအဆောက်အအုံမှာ တိုက်ခန်းပေါင်း ၂၉၈ ခန်းရှိပြီး အခန်းပေါင်း ၂၆၇ ခန်းမှာ လူနေထိုင်ကြတယ်လို့ ချီကာဂိုမီးသတ်ဌာနကနေ သိရပါတယ်။
မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အဆောက်အဦရဲ့ ၁၅ ထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဲဒီအချိန်က လေတိုက်နှုန်း တနာရီကို ၁၅ မိုင်နှုန်း ရှိတယ်လို့ ဆိုပါတယ်။ မီးသတ်သမားတွေ ရောက်မလာခင်မှာပဲ မီးက ၂၄ ထပ်အထိ ကူးစက်လောင်ကျွမ်းသွားတယ်လို့ ဆိုပါတယ်။
မီးစတင်လောင်ကျွမ်းပြီးနောက် မိနစ်ပိုင်းအကြာမှာပဲ အဆောက်အအုံရဲ့ အထပ်အများအပြားမှာ လိမ္မော်ရောင်တောက်တောက် မီးတောက်တွေနဲ့ မီးခိုးငွေ့တွေ လေထဲကို လွင့်ထွက်နေတာကို အဆောက်အဦ အပြင်ဘက်ကနေ မြင်တွေ့ရပါတယ်။ နေ့လယ်ခင်း ၁၂ နာရီခွဲလောက်မှ မီးကိုထိန်းနိုင်ခဲ့ပါတယ်။
အထပ် ၂၅ ထပ်ရှိတဲ့ အဆောက်အဦ စင်္ကြံလမ်းတွေမှာ မီးခိုးငွေ့အချက်ပေးကိရိယာတွေ တပ်ဆင်ထားပေမဲ့လည်း ရေဖျန်းတဲ့စနစ် ရှိ၊ မရှိ မရှင်းလင်းကြောင်း မီးသတ်အရာရှိတွေက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ချီကာဂိုမြို့ အနောက်တောင်ဘက် မိုင် ၁၀၀ လောက်အကွာမှာရှိတဲ့ အီလီနွိုက်ပြည်နယ်၊ လာဆယ်လေမြို့က ကာရပ်စ်ဓာတုစက်ရုံမှာ ဇန်နဝါရီ ၁၁ ရက် မနက်က အကြီးအကျယ် မီးလောင်ခဲ့ပါတယ်။
စက်ရုံဘေးမှာနေတဲ့ ဒေသခံ ရွန် အာဗိစ်က “မီးတောက်တွေက ပေ ၁၀၀ နဲ့အထက်ရှိတယ်။ တနေရာလုံး ပေါက်ကွဲတော့မှာ သေချာတယ်” လို့ ပြောပါတယ်။
မီးလောင်မှုကြောင့် အဆောက်အအုံ သိသိသာသာ ပျက်စီးခဲ့ပါတယ်။ မီးလောင်ပြင်က မီးသတ်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ စက်ရုံမှာရှိတဲ့ အလုပ်သမားတွေ အားလုံးကို စာရင်းပေးထားပြီလို့ ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ပြီး ဓာတုစက်ရုံ မီးလောင်မှုဖြစ်လို့ လေထုထဲမှာ ဓာတ်ပြုမှာ စိုးရိမ်တဲ့အတွက် လာဆယ်လေရဲဌာနက ဓာတ်တိုးဆန့်ကျင် ပစ္စည်းတမျိုးကို လူနေရပ်ကွက်ထဲ ပို့ထားပြီလို့ ပြောပါတယ်။
ပစ္စည်းကို မထိမိစေဖို့ တာဝန်ရှိသူတွေက အနီးနားမှာရှိတဲ့ ဒေသခံတွေကို သတိပေးထားပါတယ်။
“ရေ၊ မြေဆီလွှာ၊ လေတို့ ဘာဆက်ဖြစ်မလဲ မသိဘူး” လို့ ဒေသခံ ဘော်ဇူမာတိုက ပြောပါတယ်။
ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်အရ ကာရပ်စ် ကယ်မစ်ကယ်စက်ရုံဟာ သောက်သုံးရေကို သန့်စင်ပြုပြင်ဖို့ ဓာတုပစ္စည်းတွေကို ထုတ်လုပ်တာပါ။
အီလွီနွိုက်စ် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အေဂျင်စီက အခြေအနေကို စောင့်ကြည့်နေပြီး မီးလောင်ပြင်ကို တုံ့ပြန်သွားမယ်လို့ ပြောထားပါတယ်။