ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်း ပက်ရှ်ဝါမြို့မှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ဗလီ ပေါက်ကွဲမှုဖြစ်ပြီး ၄ ရက်အကြာ ဖေဖော်ဝါရီ ၃ ရက်က ရာနဲ့ချီတဲ့ လူတွေဟာ ငြိမ်းချမ်းရေးကို တောင်းဆိုတဲ့ ချီတက်ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလူထုစုဝေးချီတက်ပွဲကို ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းရဲ့ ပီတီအိုင်ပါတီက စီစဉ်တာဖြစ်ပြီး အဖြူရောင်အလံတွေနဲ့ ပါကစ္စတန်အလံတွေကို ကိုင်ဆောင်ထားတဲ့ ဆန္ဒပြသူတွေဟာ “ငြိမ်းချမ်းရေးကို လိုလားသည်”၊ “KP ရဲတပ်ဖွဲ့ အဓွန့်ရှည်ပါစေ” စတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ရွတ်ဆို ကြပါတယ်။
အကြမ်းဖက်မှု ဖြစ်စဉ်တိုင်းက ခိုက်ဘာပက်ရှ်တွန်ခွာ ပြည်နယ်အပေါ် သက်ရောက်မှုရှိပြီး အများစုက ကိုယ့်ပြည်သူတွေပဲ သေဆုံးနေကြရတာလို့ ဆန္ဒပြသူ မဲဝါ့ရှ် အလီခန်းက ပြောပါတယ်။
၂၀၁၄ ခုနှစ်တုန်းက တပ်မတော် ပြည်သူ့ကျောင်းက ကလေးငယ်တွေ ပထမဆုံးအကြိမ် အသတ်ခံရခဲ့ရပြီး ခုတခါ ရဲတွေ အသတ်ခံနေရပြန်ပြီလို့ ဆိုပါတယ်။ ပါကစ္စတန်ရဲ့ နိုင်ငံရေးနဲ့ စစ်ဘက်ခေါင်းဆောင်တွေဟာ ဖေဖော်ဝါရီ ၃ ရက်က ပက်ရှဝါမှာ တွေ့ဆုံခဲ့ကြပြီး တုံ့ပြန်ဆောင်ရွက်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ဇန်န၀ါရီ ၃၀ ရက်က ပက်ရှ်ဝါမြို့ ရဲဌာနဝင်း ဗလီမှာ ဝတ်ပြုချိန်အတွင်း အသေခံ ဗုံးဖောက်ခွဲခဲ့တာကြောင့် တောင်အာရှမှာ စစ်သွေးကြွတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်း ဝင်သွားပါတယ်။
ပါကစ္စတန် အာဏာပိုင်တွေကတော့ ဒီဗုံးဖောက်ခွဲမှုကို အမေရိကန်မှ အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ ဂျမတ်အူလ်အာရာ စစ်သွေးကြွအဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။